သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်၌ လက်ရှိတည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် စီမံကိန်းအပြင် တီးတိန်မြို့တွင်လေယာဉ်ကွင်း ထပ်မံတည်ဆောက်ရန် မြေနေရာလေ့လာနေ

သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်၌ လက်ရှိတည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် စီမံကိန်းအပြင် တီးတိန်မြို့တွင်လေယာဉ်ကွင်း ထပ်မံတည်ဆောက်ရန် မြေနေရာလေ့လာနေ
ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေးစီမံကိန်းအား တွေ့ရစဉ်
ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေးစီမံကိန်းအား တွေ့ရစဉ်
Published 21 July 2019
ရွှန်းလဲ့ဝင်း

သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် လက်ရှိတည်ဆောက်နေသည့် ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်စီမံကိန်းအပြင် တီးတိန်မြို့နယ်တွင် လေယာဉ်ကွင်းသစ် တည်ဆောက်ရန် မြေနေရာ လေ့လာနေကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇူလိုင် ၁၄ ရက်က  တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာ ငါလ်ဇန်လေယာဉ်ကွင်းသစ် တည်ဆောက်မည့် မြေနေရာကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

“လေယာဉ်ကွင်းတည်ဆောက်ဖို့ မြေနေရာကြည့်ရှုတဲ့ အဆင့်ပဲရှိပါသေးတယ်။ မြေအနေအထားအရ လေယာဉ်ပြေးလမ်း အလျား ပေ ၃၀၀၀၊ အကျယ်ပေ ၁၀၀ ရရှိနိုင်ပြီး လေယာဉ်ငယ်တွေ ဆင်းသက်နိုင်မယ်လို့ လတ်တလောတွေ့ရှိရပါတယ်” ဟု  လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

လက်ရှိတွင်  နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်နေသည့် ချင်းပြည်နယ်ရှိ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်၏ လေယာဉ်ပြေးလမ်း ပေ ၆၀၀၀ ကျော်ရှိသည့် အနက်ပေ ၄၀၀၀ ကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရရှိသော သတင်းအချက်အလက်များအရ သိရသည်။

“ဖလမ်းလေယာဉ်ကွင်းစီမံကိန်းကို ၂၀၁၆ ခုနှစ် ဧပြီလအတွင်းမှာ စတင်တည်ဆောက်ခဲ့ပါတယ်။ အခုသတ်မှတ်ထားတဲ့ လေယာဉ်ပြေးလမ်း ပေ ၆၀၀၀ မှာ ပေ ၄၀၀၀ ပြီးစီးနေပြီဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆိုရင် တည်ဆောက်မှုလုပ်ငန်းက ၅၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ပါတယ်။ ဖလမ်းလေဆိပ်ပြီးစီးသွားရင် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေပြီး လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း(ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖလမ်းလေဆိပ်သည် ချင်းပြည်နယ် အလယ်ပိုင်းတွင် တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပိတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်ရိဒ်ရေကန် စသည့် ချင်းပြည်နယ်ရှိ မြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်လေဆိပ်များသို့ လွယ်ကူစွာ သွားလာနိုင်ရန် လေယာဉ်ကွင်းမရှိသည့် ချင်းပြည်နယ်တွင် ယခုတည်ဆောက်နေသည့် ဆူရ်ဘုန်(ဖလမ်း) လေဆိပ်သစ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ  ချင်းပြည်နယ်သို့ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်ကာ ၂၀၁၃ ခုနှစ်မှ စီမံကိန်းချမှတ်ကာ  ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြော၊ ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅မိုင်အကွာ၊ ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျား ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်ပြီး ပြေးလမ်းအရှိန်သတ်စွန်း over run အလျား ပေ ၂၀၀၊ အကျယ် ပေ ၁၀၀၊ လေယာဉ်ရပ်နားရာနေရာမှာ အလျား ပေ၂၅၀၊ အကျယ် ပေ ၂၅ဝရှိပြီး ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀၀၀၀ ရှိကာ ATR 72 (MTOW- ၄၉၆၀၄) ပေါင် ဆင်းသက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိလေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုကို အသုံးပြုလျက်ရှိကြာင်း သိရသည်။

 

Most Read

Most Recent