ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ချယ်ရီသင်္ဘောများဖြင့် ရန်ကုန်-ဒလကူးတို့ ပြေးဆွဲလျက်ရှိရာ၂၀၁၉ ခုနှစ် ခြောက်လအတွင်း နိုင်ငံခြားသားခရီးသွား စီးနင်းမှု နှစ်သောင်းနီးပါးရှိ

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ချယ်ရီသင်္ဘောများဖြင့် ရန်ကုန်-ဒလကူးတို့ ပြေးဆွဲလျက်ရှိရာ၂၀၁၉ ခုနှစ် ခြောက်လအတွင်း နိုင်ငံခြားသားခရီးသွား စီးနင်းမှု နှစ်သောင်းနီးပါးရှိ
Published 19 July 2019

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ချယ်ရီသင်္ဘောများဖြင့် ရန်ကုန်-ဒလကူးတို့အား ပြေးဆွဲနေရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခြောက်လတာအတွင်း နိုင်ငံခြားသားခရီးသည်စီးနင်းမှု နှစ်သောင်းနီးပါးရှိကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနသည် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ချယ်ရီအမည်ရှိ ကူးတို့သင်္ဘောသုံးစင်းနှင့် ရန်ကုန် (ပန်းဆိုးတန်း) မှ ဒလမြို့သို့ ပြေးဆွဲပေးနေခြင်းဖြစ်သည်။

အဆိုပါကူးတို့ခရီးစဉ်အား ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဒေသခံများသည် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဒလမြို့နယ်သင်္ဘောဆိပ်မှတစ်ဆင့် ကူးသန်းသွားလာကြရခြင်းဖြစ်သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ အသွား-အပြန် တစ်နေ့လျှင် ၄၆ ခေါက်နှုန်းဖြင့် နံနက် ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ နေ့စဉ် ခရီးသည် ၂၆၀၀၀ ကျော်ကို ပို့ဆောင်ပေးနေခြင်းဖြစ်သည်။ အဆိုပါ (ပန်းဆိုးတန်း -ဒလ) ကူးတို့ခရီးစဉ်အား လူတစ်ဦးလျှင် ဝင်ကြေးငွေ ကျပ် ၁၀၀ နှုန်းဖြင့် ကောက်ခံ၍ သံဃာတော်များနှင့် သီလရှင်များကို အခမဲ့ ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

နိုင်ငံခြားခရီးသည်များအား တစ်ဦးလျှင် အသွား-အပြန် ငွေကျပ် ၄၀၀၀ နှုန်း သတ်မှတ်ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ (ပန်းဆိုးတန်း-ဒလ) ကူးတို့ ခရီးစဉ်အား နိုင်ငံခြားသားခရီးသည်များလည်း လိုက်ပါစီးနင်းမှုရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၄၂၁၁ ဦး၊ ဖေဖော်ဝါရီတွင် ၃၉၂၀၊ မတ်တွင် ၃၉၃၈ ဦး၊ ဧပြီတွင် ၂၃၃၃ ဦး၊ မေတွင် ၂၄၆၇ ဦး၊ ဇွန်တွင် ၁၆၀၀ စီးနင်းလိုက်ပါခဲ့ကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ ရေယာဉ်ခရီးစဉ်များ အနေဖြင့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်တွင် ကူးတို့ဆိပ်တွင် တစ်နေ့ ၄၆ ခေါက်နှုန်းဖြင့် နံနက် ၅ နာရီခွဲမှ ည ၉ နာရီ အထိပို့ဆောင်ပေးနေပြီး ရန်ကုန်(ကီလီ)မှ ဒလ(ကားကူးဘက်) ယာဉ်ကူးတို့လမ်းတွင် တစ်နေ့  ၁၄ ခေါက်နှုန်းဖြင့် မော်တော်ယာဉ် များကို နံနက် ၆ နာရီခွဲမှ ည ၇ နာရီအထိ ပို့ဆောင်ပေးနေကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ ချယ်ရီသင်္ဘောသုံးစင်းနှင့် ဒလမြို့ဆိပ်ကမ်းရှိ ခရီးသည်နားနေဆောင်နှင့် ဆိပ်ခံတံတား နှစ်စင်းတို့ကို ၂၀၁၄၊ နိုဝင်ဘာ ၁၅ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန အနေဖြင့် အဆိုပါချယ်ရီသင်္ဘောများဖြင့် ပန်းဆိုးတန်း-ဒလ ကူးတို့အား နေ့စဉ် ခရီးသည်  ၃၀၀၀၀ ခန့်အား သယ်ယူပို့ဆောင်ပြေးဆွဲနေခြင်းဖြစ်သည်။

Most Read

Most Recent