လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၇ ခုကို ခွင့်ပြု အတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံကျော်ရှိ

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၇ ခုကို ခွင့်ပြု အတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံကျော်ရှိ
Published 18 July 2019
ဇေယျာငြိမ်း

လက်ရှိ ဘဏ္ဍာနှစ် ကိုးလကျော်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၇ ခု ခွင့်ပြု အတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကျော်အထိ ရှိကြောင်း ဇူလိုင် ၁၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၉) အရ သိရသည်။

ယင်းကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကိုးလကျော်တွင် ခွင့်ပြု အတည်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀၇ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၉၄ ဘီလျံ ရှိသည်။

ထို့အပြင် အဆိုပါကာလအတွင်း ယခင်က ခွင့်ပြုပေးထားပြီး ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ရင်းနှီးမြှုပ်နှံမှု ထပ်မံ တိုးမြှင့်မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၁ ဘီလျံကျော်အထိ ရှိသည်။

ထို့အတူ အဆိုပါကာလအတွင်း သီလဝါ အထူးစီးပွားရေးဇုန် ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ခွင့်ပြုပေးထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၃၀၀ သန်းရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၇၄ ဘီလျံကျော်အထိ ရှိကြောင်း သိရသည်။

အထက်ပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁၀၅ ကျော် တန်ဖိုးရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုအတွက် အဆိုပြု၊ အတည်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုပြုလုပ်ငန်း သုံးခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း ငါးခု၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း တစ်ခု၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလုပ်ငန်း တစ်ခုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေ အလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအား အကောင်အထည်ဖော်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် နှစ်ပေါင်း၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၂၂၀ ကျော် ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမို စီးဝင်လာစေရေး မျှော်မှန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတို ငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ်(၂၀၂၁-၂၀၂၂ ခုနှစ် မှ-၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆ -၂၀၂၇ ခုနှစ် မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။   

Most Read

Most Recent