အာဇာနည်နေ့နှင့် အာဇာနည်စိတ်ထား

အာဇာနည်နေ့နှင့် အာဇာနည်စိတ်ထား
Published 18 July 2019

၁၉၄၇ ခုနှစ် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းအဝေး ကျင်းပနေချိန်တွင် အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားသည့် လူတစ်စုသည် ဝန်ကြီးများရုံးအတွင်း ဝင်ရောက်၍ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသည့် ခေါင်းဆောင်အချို့အား ပစ်ခတ်လုပ်ကြံခဲ့သည်။ လုပ်ကြံခံခဲ့ရသူများမှာ ဦးအောင်ဆန်း (ဝန်ကြီးချုပ်) ၊ ဦးဘချို (ပြန်ကြားရေးဌာနဝန်ကြီး)၊ မန်းဘခိုင် (အလုပ် သမားရေးရာဌာနဝန်ကြီး)၊ ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)၊ သခင်မြ (ပြည်ထဲရေးဌာနဝန်ကြီး)၊ ဦးအဗ္ဗဒူရာဇတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)၊ စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)၊ ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့် ရဲဘော်ကိုထွေး (ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်) တို့ ဖြစ်ကြသည်။

ယင်းနိုင်ငံတော်လုပ်ကြံမှုကြီးအား အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်က ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့အား ဦးဆောင်ကြိုးကိုင်သူအဖြစ် ဂဠုန်ဦးစောကို စွပ်စွဲခဲ့သည်။ ဦးစောနှင့် အပေါင်းပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးက အချိန်ယူ စစ်ဆေးခဲ့ပြီးနောက် ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်။ တရားခံများက အဆင့်ဆင့် အယူခံဝင်ခဲ့သည်။ နောက်ဆုံးအယူခံလွှာကို ၁၉၄၈ ခု ဧပြီလ ၂၇  ရက်တွင် တရားလွှတ်တော်ချုပ်က ပယ်ချခဲ့သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ ပြောင်းလဲပေးခဲ့သည်။ ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင်လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန်ဆေးရုံကြီးနေရာ) တွင်လည်းကောင်း၊ ၁၉၄၈ ခု မေလ ၈ ရက် အရုဏ်တက်ချိန် နံနက် ၅ နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ်စီရင်ခဲ့သည်။

ယင်းနိုင်ငံတော်လုပ်ကြံမှုကြီးပြီးနောက်များ မကြာမီအချိန်တွင် မြန်မာနိုင်ငံ ဗြိတိသျှဘုရင်ခံချုပ် ဆာဟာ့ဘက်ရန့်စ်က ဦးနုခေါင်းဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့အား အာဏာလွှဲပြောင်းပေးခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်သည် မြန်မာနိုင်ငံ၏ တရားဝင် လွတ်လပ်ရေးနေ့ ဖြစ်လာခဲ့သည်။ ဦးနုသည်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၉ ရက်အား အာဇာနည်နေ့ဟု သတ်မှတ်၍ ပြည်သူ့အားလပ်ရက်၊ နိုင်ငံတော်အဆင့်  အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ မြန်မာအဘိဓာန်တွင် အာဇာနည်ဟူသည်  အကြောင်းဟုတ်သည် မဟုတ်သည်ကို ကောင်းစွာသိသောသူ၊ သာမန်ထက်  လက်ရုံးရည်နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူဟု ဖွင့်ဆိုထားသည်။ အာဇာနည်ဆိုသည်မှာ နိုင်ငံနှင့် လူမျိုးအတွက်  မိမိအသက်ကို ပဓာနမထားဘဲ အများအကျိုးကို တန်ဖိုးရှိရှိ စွန့်လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်နိုင်သူ၊ ရာဇဝင်တွင် မည့်ပေးဆပ်ခြင်းဖြင့် နိုင်ငံ့ကောင်းကျိုးများကို ဆောင်ကြဉ်းပေးသူ၊ နိုင်ငံ့အကျိုးအတွက် အမှားအမှန်၊  အကောင်းအဆိုး ချင့်ချိန်ပြီး ကြောက်ရွံ့ခြင်းအလျဉ်းမရှိ ဆောင်ရွက်နိုင်သူ၊ မိမိကိုယ်ကျိုးထက် နိုင်ငံ့အကျိုးကို ပို၍ ဦးစားပေး ဆောင်ရွက်တတ်သူပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ အာဇာနည်ခေါင်းဆောင်ကြီးများက “ကျွန်စိတ်တွေကို ဖျောက်ပါ၊ ကိုယ့်တစ်သက်တာ ကောင်းစားရေးကို မကြည့်ဘဲ နောင်လာနောက်သားတွေ ကောင်းစားဖို့ လုပ်ပါ၊  အနစ်နာခံကြပါ၊ သူရဲကောင်းစိတ်တွေ မွေးကြပါ” ဟူသည့် အာဇာနည်စိတ်ထားများကို ထားရစ်ခဲ့သကဲ့သို့ ယင်းကဲ့သို့သော စိတ်ထားမျိုး ထားနိုင်ကြမည့် တိုင်းပြု ပြည်ပြုပုဂ္ဂိုလ်များသည်သာ ယနေ့နိုင်ငံတော်၏ အရေးပေါ် လိုအပ်ချက် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent