ဘင်္ဂါလီအရေးနှင့် အနောက်အုပ်စု၏ ဖိအား

ဘင်္ဂါလီအရေးနှင့် အနောက်အုပ်စု၏ ဖိအား
Published 17 July 2019

ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် တပ်မတော် ခေါင်းဆောင်များကို အမေရိကန်က အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းအရေးယူ ပိတ်ဆို့မှုတွင် ၎င်းတို့၏ မိသားစုဝင်များလည်း အကျုံးဝင်မည်ဖြစ်ပြီး ဘင်္ဂါလီများအား သတ်ဖြတ်မှုအတွက် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှု ပြုလုပ်ခြင်း ဖြစ်သည်ဟု အနောက်မီဒီယာများက ရေးသားခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန်နှင့် အနောက်နိုင်ငံအချို့ အနေဖြင့် ဘင်္ဂါလီအရေးနှင့် ပတ်သက်လျှင် တပ်မတော် အကြီးအကဲများအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှတစ်ဆင့် အရေးယူနိုင်ရန်လည်း အပြင်းအထန် ကြိုးစားမှုများရှိနေသည်ကို တွေ့ရသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစွဲဆိုရေးအဖွဲ့ အကြီးအကဲ ဖာတူးဘင်ဆူဒါက “အဆက်မပြတ် ရရှိတဲ့ ယုံကြည်ရတဲ့ သတင်းတွေအရ မြန်မာနိုင်ငံမှာ ဥပဒေနဲ့အညီရှိနေတဲ့ ဘင်္ဂါလီ မွတ်စလင် ၆၇၀,၀၀၀ ကျော်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခံရကြောင်း တွေ့ရှိရပါတယ်”ဟု ဧပြီလအတွင်းက ပြောကြားခဲ့သည်။ ယင်းသို့ စွပ်စွဲခဲ့သည့် မောင်းထုတ်မှုနှင့် ပတ်သက်၍ တရားရုံးက တရားစီရင်ခွင့် ရှိနိုင်သလား ဟူသည်ကို တရားသူကြီးများက ဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့သည်။ ၂၀၀၂ ခုနှစ်က သည်ဟိဂ်မြို့၌ ထူထောင်ထားသည့် ICC သည် စစ်ရာဇဝတ်မှုများကို စစ်ဆေးရန် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အမြဲတမ်း တရားရုံးတစ်ခုဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ တရားရုံးများက စစ်ဆေးရန် မလိုလားသော သို့မဟုတ် လုပ်ဆောင်နိုင်စွမ်း မရှိသော အမှုများကို စစ်ဆေးခဲ့ရာ လူမျိုးသုဉ်း သတ်ဖြတ်မှုများ အပါအဝင် အဆိုးရွားဆုံးအမှုများကို တရားစွဲဆိုခဲ့သည်။

ဘင်္ဂါလီမွတ်စလင်အရေးကို အကြိုစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်မှာ ဘင်္ဂလားဒေ့ရှ်သည် ICC အဖွဲ့ဝင် ဖြစ်သော်လည်း  မြန်မာနိုင်ငံသည် ICC ၏ မဏ္ဍိုင်ဖြစ်သော Rome Statute ဟု ခေါ်ဆိုသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံ မဟုတ်သကဲ့သို့ ICC အဖွဲ့ဝင်နိုင်ငံလည်း မဟုတ်သောကြောင့် အမှုစစ်ဆေးရန်အတွက် ဥပဒေအရ ရှုပ်ထွေးမှုများရှိမည် သို့မဟုတ် စစ်ဆေး၍ မရနိုင်ဟု မှတ်ချက်ပြုမှုများလည်း ရှိနေသည်။ သို့သော် ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC မှ တရားသူကြီးများက ဘင်္ဂါလီ မွတ်စလင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲထားမှုကို ၎င်းတို့အနေဖြင့် ကြားနာစစ်ဆေးရန် စဉ်းစားနေသည့် တရားစွဲဆိုမှုဆိုင်ရာ တောင်းဆိုမှုတစ်ရပ်အား တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံအား ဇူလိုင် ၂၇ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ရန် တောင်းဆိုခဲ့သေးသည်။

သြဂုတ် ၂၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ဘင်္ဂလီမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သော မြန်မာတပ်မတော်၏ စစ်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော် ခေါင်းဆောင်များ၌ တာဝန်ရှိကြောင်းနှင့် ၎င်းတို့အား ICC ၌ တရားစွဲဆိုနိုင်ရေးအတွက် လွှဲပြောင်းပေးသင့်ကြောင်း အကြံပြုခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ် ၂၈ ရက်က လုံခြုံရေးကောင်စီ၌ ကျင်းပသော မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲတွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၈ ရက်တွင် လူသတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် နှင်ထုတ်ခြင်းများ အပါအဝင် ဘင်္ဂါလီမွတ်စလင်များအပေါ် မြန်မာနိုင်ငံ၏ ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး၏ ရှေ့နေက အကြိုစုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။ သို့သော် မြန်မာအစိုးရက မြန်မာနိုင်ငံကို တရားစွဲဆိုရန် ဥပဒေကြောင်းအရ ခိုင်မာသည့် အချက်အလက် အထောက်အထား မရှိကြောင်းနှင့် ICC ၏ အရေးယူမှုကို ပယ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည် နိုင်ငံတစ်ဝန်း စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှုကို ဖြစ်ပေါ်စေနိုင်ပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုပါ ထိခိုက်စေသည်ဟု မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုခဲ့သည်။

သို့သော်လည်း ဘင်္ဂါလီအရေးနှင့် ပတ်သက်လျှင် အမေရိကန်၊ ဗြိတိန် ဦးဆောင်သော အနောက်အုပ်စုမှာ အာဂျင်ဒါဖြင့် ဆောင်ရွက်နေသကဲ့သို့ တွေ့ရပြီး တပ်မတော် ခေါင်းဆောင်များနှင့် ပြည်တွင်းရေးအပေါ် ဖိအားပေးမှု တိုးမြှင့်လုပ်ဆောင်နေခြင်းမှာ စိုးရိမ်စရာ ဖြစ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ သို့ဖြစ်ရာ ဘင်္ဂါလီအရေးနှင့် ပတ်သက်လျှင် အနောက်အုပ်စု၏ အရေးယူမှုများ၊ ဖိအားပေးမှုများသည် နိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် မည်မျှ သက်ရောက်နိုင်ခြေ ရှိနေသည်ဆိုသည့် အချက်အပေါ် စိုးရိမ်ဖွယ်ကောင်းသည်မှာ အမှန်ပင်ဖြစ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent