၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဗျူဟာမြောက်လုပ်ငန်းစီမံကိန်းများကို စီမံကိန်းဘဏ် (Project Bank) တွင် ထည့်သွင်းဆောင်ရွက်ရမည်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဗျူဟာမြောက်လုပ်ငန်းစီမံကိန်းများကို စီမံကိန်းဘဏ် (Project Bank) တွင် ထည့်သွင်းဆောင်ရွက်ရမည်
 စီမံကိန်းဘဏ်ထုတ်ပြန်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် မေ ၁၀ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ-နီလာ)
စီမံကိန်းဘဏ်ထုတ်ပြန်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် မေ ၁၀ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ-နီလာ)
Published 16 July 2019
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဗျူဟာမြောက်လုပ်ငန်းစီမံကိန်းများကို Project Bank တွင် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။

စီမံကိန်းဘဏ် (Project Bank) သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)  နှင့်မဟာဗျူဟာလုပ်ငန်းအစီအမံများကို အကောင်အထည်ဖော်ရာတွင် အစိုးရအဖွဲ့အစည်းများက ရေးဆွဲထားသော စီမံကိန်းများပါဝင်သည့် အများပြည်သူ ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်သော ဝက်ဘ်အခြေခံဒေတာအဆောက်အဦသို့မဟုတ် စီမံကိန်း အချက်အလက်များ သိုမှီးထားသည့်ဘဏ်ကို ဆိုလိုကြောင်း ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ် အမျိုးသားစီမံကိန်းတွင် ဗျူဟာမြောက်လုပ်ငန်းစဉ် စီမံကိန်းများကို Project Bank တွင် ထည့်သွင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက အဆိုပြုလာသည့် Project Template များကို နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရုံးဝန်ထမ်းများ၊ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံစာ ဦးစီးဌာနတို့မှ ဝန်ထမ်းများက သတ်မှတ်ထားသည့် စိစစ်ရေးဆိုင်ရာအညွှန်း (Screening Tool) ကို အသုံးပြုပြီး စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ရကြောင်း သိရသည်။

စီမံကိန်းများ မဟာဗျူဟာမြောက်ခြင်း ရှိမရှိ၊MSDP နှင့်ကိုက်ညီခြင်းရှိမရှိတို့ကို Screening Tool ဖြင့် စိစစ်ကြောင်း၊ ထိုသို့ စိစစ်ပြီးနောက် Excellent ,Good, Average, Deficient ခွဲခြားပြီး စီမံကိန်းများ ထွက်လာကြောင်း၊ အဆိုပါအမျိုးအစားများကို Strategic နှင့် Non – Strategic ဟူ၍ အမျိုးအစားထပ်မံခွဲခြားကြောင်း၊ ဘဏ္ဍာငွေရန်ပုံငွေအရင်းအမြစ်ပေါ်မူတည်ပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို ဘတ်ဂျက်လုပ်ငန်းစဉ်ဖြင့် ချိတ်ဆက်ပေးကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီများနှင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများကို ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့နှင့်ချိတ်ဆက်ကြောင်း၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရမည့် လုပ်ငန်းစီမံကိန်းများကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးစင်တာ (PPP Centre) ဖြင့် ချိတ်ဆက်ပေးကြောင်း ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဗျူဟာမြောက်လုပ်ငန်းစီမံကိန်းများကို Project Bank တွင် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဘတ်ဂျက်နှင့် ဆောင်ရွက်ရမည့်ဗျူဟာမြောက် လုပ်ငန်းစီမံကိန်းများကိုလည်း စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းဘဏ်ဆိုင်ရာ စီမံချက်များနှင့် စီမံကိန်းများ ချိတ်ဆက်မှု၊ ဦးစားပေးနယ်ပယ်သတ်မှတ်မှု၊ ဘတ်ဂျက် သို့မဟုတ် ဖွံ့ဖြိုးမှုအကူအညီ သို့မဟုတ် PPP ပုံစံဖြင့်အကောင်အထည်ဖော်မည့် ဘဏ္ဍာငွေအရင်းအမြစ်အလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးမှုတို့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

Most Read

Most Recent