ရာဇဝတ်မှုများကို အပြစ်ဒဏ်ပေးခြင်း

ရာဇဝတ်မှုများကို အပြစ်ဒဏ်ပေးခြင်း
Published 15 July 2019

မည်သည့်နေရာ၌မဆို လူကောင်းများနှင့်အတူ လူဆိုးများ ရောနှောနေထိုင်လျက်ရှိနိုင်သည်သာ ဖြစ်သည်။ လူကောင်းများသည် ၎င်းတို့ နေထိုင်ရာနိုင်ငံ၏ ဥပဒေများ၊ လူမှုရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြသူများဖြစ်ကြပြီး ၎င်းတို့၏ အသက်၊ စည်းစိမ်၊ အိုးအိမ်တို့အား သက်ဆိုင်ရာ အစိုးရများက ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည်။ လူဆိုးများမှာမူ နိုင်ငံတော်က ပြဋ္ဌာန်းထားသော ဥပဒေများကို ချိုးဖောက်ကာ လူကောင်းများကို ဒုက္ခပေးတတ်သူများဖြစ်သောကြောင့် အစိုးရက ၎င်းတို့အား အရေးယူအပြစ်ပေးမှု ပြုလုပ်ရသည်။ တရားဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများအား ဥပဒေကို ချိုးဖောက်သည့် လူဆိုးများ ဒုက္ခပေးခြင်း မပြုနိုင်စေရန် အစိုးရတို့က တာဝန်ယူရသည်။

အရွယ်ရောက်ပြီး  သာမန်အသိဉာဏ်နှင့် ပြည့်စုံသူတိုင်းသည် ရာဇဝတ်မှုကို မကောင်းမှု၊ ပေါ်ပေါ်ထင်ထင် မဆောင်ရွက်နိုင်သော အမှုဟု သိနားလည်ထားကြသည်။ ကမ္ဘာပေါ်၌ ခိုင်မာသော အစိုးရများ တည်ထောင်ပြီးစ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာကပင် ရာဇဝတ်မှုသည်နိုင်ငံ၏ အန္တရာယ်ဖြစ်သည်ကို လူတို့၏ စိတ်ဝယ် သဘောပေါက်ပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အား နိုင်ငံသားများက အာဏာနှင့် တာဝန်ကို ပေးအပ်၍ နိုင်ငံတော်က နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်ပေးရသည်။ လူသတ်မှုကျုးလွန်သူ၊ သူတစ်ပါးပစ္စည်းကို ခိုးယူသူ အစရှိသူတို့သည် ပြည်သူလူထု၏ ရန်သူများဖြစ်ကြ၍ ၎င်းတို့အား နိုင်ငံတော်က အပြစ်ဒဏ်ပေးရသည်။

ရှေးခေတ်က ကိုယ်လုပ်လျှင် ကိုယ်ခံရမည်ဟူသော သဘောတရားအတိုင်း ရာဇဝတ်မှု ကျူးလွန်သူများအား  မိမိတို့၏ ပြစ်မှုများအတွက်  ကာယကံမြောက်ခံစားစေသည်။ “မျက်လုံးကို မျက်လုံးချင်း၊ သွားကိုသွားချင်း”ဟု ဆိုရိုးရှိသည်။ အဓိပ္ပာယ်မှာ သူတစ်ပါး၏ မျက်လုံးတစ်လုံးကို ဖောက်လျှင်  မိမိ၏ မျက်လုံးတစ်လုံး အဖောက်ခံရမည်။ သူတစ်ပါး၏ သွားတစ်ချောင်းကို ချိုးလျှင် မိမိ၏ သွားတစ်ချောင်း အချိုးခံရမည်ဟု ဆိုလိုသည်။ ကလဲ့စားချေသည့်သဘော ဖြစ်သည်။ ယခုခေတ်တွင်မူ ရှေးခေတ်ကဲ့သို့ ကြမ်းတမ်းရက်စက်သော သဘောတရားများကို လက်မခံကြတော့ပေ။ ရာဇဝတ်မှုကို ဒုစရိုက်မှုမှန်းသိ၏။ လူတိုင်း ရှုတ်ချ၏။ ရာဇဝတ်မှု ကျူးလွန်သူအား အပြစ်ဒဏ်ပေးရမည်ကို လူတိုင်းနားလည်၏။ သို့သော် ရာဇဝတ်ကျူးလွန်သူများအား အပြစ်ပေးရာ၌ ကလဲ့စားချေသည့် သဘောသက်ရောက်ခြင်းကိုမူ လက်မခံကြတော့ပေ။

ခေတ်မီ၍ ယဉ်ကျေးသော ကမ္ဘာတွင် ပြစ်မှုကျူးလွန်သူတို့အား ဆုံးမရာတွင် ယေဘုယျအားဖြင့် အလားတူ ပြစ်မှုများ နောက်ထပ် မကျူးလွန် မပေါ်ပေါက်စေရန် အဓိ ကထားလေသည်။ ရာဇဝတ်မှုပြုသူများအား သေဒဏ်ပေးခြင်းဖြင့်လည်းကောင်း၊ ထောင်ဒဏ်ချမှတ်ခြင်းဖြင့်လည်းကောင်း ပြည်သူလူထုအား ရာဇဝတ်မှု ကျူးလွန်သူများ၏ အန္တရာယ်မှ ထိရောက်စွာ ကာကွယ်ပေးသည်။ ပြည်သူလူထုကိုလည်း ရာဇဝတ်မှုကျူးလွန်ပါက မလွဲမသွေ ကျခံရမည့် အပြစ်ဒဏ်များကို ပြသကာ ရာဇဝတ်မှုကျူးလွန်ရမည်ကို ကြောက်ရွံ့လာအောင် ဆောင်ရွက်ပေးသည်။ ထို့အပြင် ရာဇဝတ်မှုကျူးလွန်၍ ထောင်ဒဏ်ကျခံနေရသူများ၏ အကျင့်စာရိတ္တနှင့် စိတ်နေစိတ်ထားများကို ပြုပြင်ပေးနိုင်ရန်လည်း ကြိုးပမ်းကြသည်။  ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်ချမှတ်ခြင်းမှာ ထိုက်သင့်သည့် အပြစ်ဒဏ်ကျခံစေရန်သက်သက်သာ မဟုတ်ဘဲ ပြစ်မှုများ နောက်ထပ် မကျူးလွန်ရအောင် ပြုပြင်ပေးရန်အတွက်လည်းဖြစ်သည်ကို သဘောပေါက်လာကြသည်။ လူကောင်းများနှင့် ရောနှောနေထိုင်ရန် မသင့်လျော်ဟု ယူဆခြင်းခံရသူများကို လူကောင်းများထဲ၌ ဝင်ဆံ့လာစေရန် ပြုပြင်ပေးခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ရာဇဝတ်မှုများကို အပြစ်ဒဏ်ပေးခြင်းသည် လူကောင်းများအား လူဆိုးတို့၏ အန္တရာယ်မှ ကာကွယ်ပေးရန်နှင့် လူဆိုးများကို လူကောင်းများ ဖြစ်လာအောင် ပြုပြင်ပေးရန်သာ ဖြစ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent