FMI နှင့် သီလဝါ ရှယ်ယာစျေးနှုန်း ပြန်လည်မြင့်တက်မှုကြောင့် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း ဇွန်လတွင် ပြန်လည်ကျဆင်း

FMI နှင့် သီလဝါ ရှယ်ယာစျေးနှုန်း ပြန်လည်မြင့်တက်မှုကြောင့် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း ဇွန်လတွင် ပြန်လည်ကျဆင်း
ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ် ဖြစ်ပေါ်မှုအား လာရောက် စောင့်ကြည့်နေသူများကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ် ဖြစ်ပေါ်မှုအား လာရောက် စောင့်ကြည့်နေသူများကို တွေ့ရစဉ်
Published 6 July 2019
ဖြိုးဝေ

FMI နှင့် သီလဝါ ရှယ်ယာစျေးနှုန်း ပြန်လည်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ပေါ်မှုကြောင့် စတော့အိတ်ချိန်း အရောင်းအဝယ် ပြန်လည်မြင့်တက်ပြီး ကိုးလအတွင်း ပထမဆုံးအဖြစ် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံ ကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း ဇွန်တွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး စတော့အိတ်ချိန်း အရောင်းအဝယ် ပြန်လည်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ လအလိုက် ထုတ်ပြန်သည့် အရောင်းအဝယ် စာရင်းများအရ သိရသည်။

ရှယ်ယာတစ်စုလျှင် ကျပ် ၈၈၀၀ အထိ ကျဆင်းခဲ့သည့် FMI ရှယ်ယာမှာ မေလတွင် ကျပ် ၁၂၅၀၀ အထိ ပြန်လည်မြင့်တက်ခဲ့မှုကြောင့် ကျပ် ၆၅၆၄ သိန်းကျော် အရောင်း အဝယ်ဖြစ်ခဲ့သလို ကျပ် ၂၈၀၀ အထိ စျေးနှုန်း ကျဆင်းထားသည့် သီလဝါရှယ်ယာမှာလည်း မေလအဖွင့်စျေးတွင် ကျပ် ၂၉၅၀ အထိရှိခဲ့ ပြီး ကျပ် ၃၂၅၀ အထိ စျေးနှုန်းမြင့်တက်ကာ ကျပ် ၄၆၅၃ သိန်းကျော်အထိ အရောင်းအ ဝယ်ဖြစ်မှုကြောင့် စတော့အိတ်ချိန်း အရောင်းအဝယ် ကျဆင်းနေသည့် ကိုးလအတွင်း ကျပ်တစ်ဘီလျံကျော် ပြန်လည်အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဇွန်လတွင်မူ စတော့အိတ်ချိန်း၌ FMI ရှယ်ယာမှာ ကျပ် ၁၁၅၀၀ အထိ ပြန်လည် ကျဆင်းသွားသော်လည်း သီလဝါရှယ်ယာမှာ ကျပ် ၃၄၅၀ အထိ ဆက်လက်မြင့်တက်ခဲ့သည်။ ထိုသို့ဖြစ်ပေါ်မှုကြောင့် FMI နှင့် သီလဝါရှယ်ယာ ရောင်းချမှုမှ ဇွန်လအတွင်း ကျပ်သိန်း ၉၅၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်ပေါ်မှုမှာ ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်အတွင်း ကျပ် ၂၂ ဒသမ ၁၃ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်စတော့ အိတ်ချိန်း၏ အရောင်းအဝယ် ဆိုးရွားစွာ ကျဆင်းခဲ့ပြီး ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု ကျပ် ၁၁ ဘီလျံကျော်သာ ရှိခဲ့ကာ Block Trading အရောင်းအဝယ် ဖြစ်မှုတွင်လည်း ကျပ်ငါးဘီလျံခန့် ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နှစ်အလိုက် ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှု စာရင်းအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း သမိုင်းတစ်လျှောက် အရောင်းအဝယ်ဖြစ်မှု ယခုနှစ်အတွင်း စံချိန်တင် ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်မှု အမြင့်ဆုံးအဖြစ်မူ ဧပြီတွင် ကျပ် ၅၀၆၈ သိန်းကျော် အရောင်းအဝယ်ဖြစ်မှု ဖြစ်ပြီး မေတွင် တစ်ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်လာခဲ့ခြင်းဖြစ်ကာ အဆိုပါ တစ်ဘီလျံကျော် အရောင်းအဝယ် ဖြစ်မှုမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် မေလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း အနေဖြင့် အစုရှယ်ယာ အရောင်းအဝယ်ဖြစ်မှု နှစ်စဉ်ကျဆင်းနေပြီး ယခင်က အစုရှယ်ယာ အရောင်းအဝယ်ဖြစ်မှု အနည်းဆုံးအဖြစ် စံချိန်တင်ထားသည့်လမှာ ၂၀၁၈ ခုနှစ် ဇွန်လဖြစ်ကာ  ကျပ်သိန်း ၆၆၆၀ သာ အရောင်းအဝယ်ဖြစ်မှုကို ၂၀၁၉ ခုနှစ် မတ်လတွင် ကျပ် ၃၉၆၂ သိန်းကျော်သို့ ကျဆင်းခဲ့ရာမှ မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်သို့ ပြန်လည် မြင့်တက်ကာ ဇွန်လတွင် ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။                                        

 

Most Read

Most Recent