ချယ်လ်ဆီးအသင်းနည်းပြရာထူးအတွက် လမ်းပတ် ဆွေးနွေးနေပြီဟု အသင်းဖော်ဟောင်း ဒရော့ဘာ ထုတ်ဖော်ပြောကြား

ချယ်လ်ဆီးအသင်းနည်းပြရာထူးအတွက် လမ်းပတ် ဆွေးနွေးနေပြီဟု အသင်းဖော်ဟောင်း ဒရော့ဘာ ထုတ်ဖော်ပြောကြား
Published 24 June 2019

ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒရော့ဘာက လစ်လပ်နေသည့် နည်းပြရာထူးအတွက် လမ်းပတ်နှင့် ချယ်လ်ဆီးအသင်း ဆွေးနွေးနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားသည်။

ဒါဘီအသင်းခေါင်းဆောင်ဟောင်းနှင့် သံတမန်အဖြစ် ဆောင်ရွက်နေသူ မိုက်ကယ်ဂျွန်ဆင်က လမ်းပတ်အတွက် ချယ်လ်ဆီးအသင်းထံမှ တရားဝင်ကမ်းလှမ်းမှုမရှိသေးကြောင်း ငြင်းဆန်ထားသော်လည်း ဒရော့ဘာက Instagram မှတစ်ဆင့် Live Video ထုတ်လွှင့်စဉ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဒရော့ဘာ၏ဗီဒီယိုကို ကြည့်ရှုသူ Follower တစ်ဦးက ချယ်လ်ဆီး အသင်းနည်းပြရာထူးအတွက် မည်သူက အကောင်းဆုံးဖြစ်မလဲဟု မေးမြန်းရာ ၎င်းက ''အဲဒီရာထူးကိုရယူဖို့ ဆွေးနွေးနေတဲ့တစ်ယောက်ပေါ့။ ဖရန့်လမ်းပတ်ပါ''ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မည်သည့်အချိန်တွင် လမ်းပတ်အား ချယ်လ်ဆီးနည်းပြအဖြစ် တရားဝင်ကြေညာမလဲဆိုသည့် မေးမြန်းမှုကို ဒရော့ဘာက ''အေးဆေးပေါ့။ စိတ်အေးအေးထားပါ''ဟု ပြန်လည်ဖြေကြားသည်။

ဒရော့ဘာနှင့် လမ်းပတ်သည် ချယ်လ်ဆီးအသင်း ၌ ၂၀၀၄ မှ ၂၀၁၂ ခုနှစ်အထိ ရှစ်ရာသီကြာ အတူတွဲကစားခဲ့သူများဖြစ်ပြီး ယင်းကာလအတွင်း ဒရော့ဘာက ၃၄၁ ပွဲကစား ၁၅၇ ဂိုး သွင်းယူကာ လမ်းပတ်က ၃၉၉ ပွဲကစား ၁၅၆ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

လမ်းပတ် (၄၁ နှစ်) သည် ချယ်လ်ဆီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး အဖြစ် ၂၁၁ ဂိုးဖြင့် စံချိန်တင်ထားသူဖြစ်ပြီး နည်းပြအဖြစ် ပထမဆုံးတာဝန်ယူသည့်ရာသီမှာပင် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း အား တန်းတက်ခွင့် Play-offs ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းနည်းပြရာထူးအတွက် ရေပန်းအစားဆုံးဖြစ်နေသော်လည်း ဒါဘီအသင်း သံတမန်ဖြစ်သူ မိုက်ကယ်ဂျွန်ဆင်က ''ချယ်လ်ဆီးဆီကနေ တိုက်ရိုက်ဆက်သွယ်လာတာ မရှိသေးပါဘူး။ ကျွန်တော်တို့ရပ်တည်မှုကတော့ ရှင်းပါတယ်။ ကျွန်တော်တို့လိုချင်တာ ချယ်လ်ဆီးအသင်းဆီက လေးစားမှုပါပဲ။ တကယ်လို့ ကမ်းလှမ်းလာပြီဆိုရင်လည်း ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သွားမှာပါ''ဟု ပြောကြားထားသည်။

Most Read

Most Recent