အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ဘီနင်နှင့် အိုင်ဗရီကို့စ်၌ ကျင်းပမည့်ပြိုင်ပွဲများ သက်ထားသူဇာ ယှဉ်ပြိုင်မည်

အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ဘီနင်နှင့် အိုင်ဗရီကို့စ်၌ ကျင်းပမည့်ပြိုင်ပွဲများ သက်ထားသူဇာ ယှဉ်ပြိုင်မည်
သက်ထားသူဇာအား  International Series ချန်ပီယံဆုနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
သက်ထားသူဇာအား International Series ချန်ပီယံဆုနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 20 June 2019

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ပစ်မှတ်ထား ကြိုးပမ်းလျက်ရှိပြီး ဘီနင်နှင့် အိုင်ဗရီကို့စ်၌ ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၀၀ အတွင်း ရပ်တည်နိုင်မှသာ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် မြင့်မားလာစေရန် ပြိုင်ပွဲများ ဆက်တိုက် ယှဉ်ပြိုင်ရမည်ဖြစ်သလို အောင်မြင်မှုရရန် လိုအပ်နေသည်။ ထို့ကြောင့် သက်ထားသူဇာသည် မောရစ်သျှနိုင်ငံ၌ ကျင်းပခဲ့သည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိပြီး ရက်ပိုင်းအကြာမှာပင် ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဇွန် ၂၇ ရက်မှ ၃၀ ရက်အထိ ဘီနင် နိုင်ငံ၌ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ “ဒီနှစ်ထဲမှာ အောင်မြင်မှုတွေ ထပ်ယူနိုင်လို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့က အများကြီးကြိုးစားရပါဦးမယ်။ ပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရအောင် ကြိုးစားရမှာဖြစ်ပါတယ်။ လာမယ့်ပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးယှဉ်ပြိုင်ပြီး အောင်မြင်မှုရအောင် ယှဉ်ပြိုင်သွားမှာပါ။ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

သက်ထားသူဇာသည် ဇွန် ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ယင်းပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိနေသောကြောင့် အနားမယူဘဲ ဆက်လက် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ သက်ထားသူဇာသည် ယင်း ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ဇွန် ၂၄ ရက်တွင် ဘီနင်နိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှစ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု ဆက်တိုက်ရရှိလာပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပလျက်ရှိသည့် International Series နှင့် Furture Series ပြိုင်ပွဲများတွင် အောင်မြင်မှုရယူနိုင်ခဲ့သည်။ သက်ထားသူဇာသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ ငါးပွဲနှင့် အထက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent