မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် အကူးအပြောင်းကာလအတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် အကူးအပြောင်းကာလအတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
ဇွန် ၁၈ ရက်က ကျင်းပသည့် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာထုတ်ပြန်ပွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ဇွန် ၁၈ ရက်က ကျင်းပသည့် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာထုတ်ပြန်ပွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 18 June 2019
ဇေယျာငြိမ်း

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် အကူးအပြောင်းကာလအတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်မည်ဟု ဇွန် ၁၈ ရက်က ရန်ကုန်မြို့ Sule Shangri – La Hotel  တွင်ပြုလုပ်သည့် ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ အနှစ်ချုပ်တွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်အတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သော မြန်မာ့စီးပွားရေးသည် တဖြည်းဖြည်း တည်ငြိမ်လာကာ ပြန်လည်အရှိန်ရလာကြောင်း ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း ငွေကြေးဖောင်းပွမှု လျော့ကျခြင်း၊ ကျပ်ငွေတည်ငြိမ်လာခြင်းနှင့် လောင်စာဆီစျေးနှုန်းကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့သော်လည်း ဒုတိယသုံးလပတ်ကာလအတွင်း စျေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့သည်။

အပြုသဘောဆောင်သည့် စီးပွားရေးအလားအလာနှင့်အတူ ကာလလတ်သက်တမ်းအတွက် စီးပွားရေးတိုးတက်မှုကို ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

မကြာမီက ကုန်သွယ်ရေးကန့်သတ်မှုများ ဖြေလျှော့ရန် ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ နိုင်ငံရပ်ခြားယှဉ်ပြိုင်မှု မြင့်မားလာစေရန် ငွေကြေးကဏ္ဍကို ဖွင့်လှစ်ပေးခြင်းနှင့် အကြီးစားအခြေခံအဆောက်အအုံများ စီမံကိန်းများ  စတင်ဆောင်ရွက်ခြင်းတို့သည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြင့်တက်လာစေရန် အချက်ပြလိုက်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့လုံးဆိုင်ရာ ကုန်သွယ်ရေး တင်းမာမှုအသစ်များ ကြီးထွားမြင့်မားလာမှုနှင့်အတူ ကမ္ဘာတစ်လွှားနှင့် အထူးသဖြင့် တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းဖွံ့ဖြိုးမှုနှေးကွေးခြင်းသည် ပို့ကုန်နှင့် ပြည်တွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား နှေးကွေးစေနိုင်ကြောင်း ဖော်ပြထားသည်။

စက်မှုလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်ရေးဆိုင်ရာ တိုးတက်မှုသည် အကူးအပြောင်းကာလတွင် နှေးကွေးနေခဲ့ရာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် အထည်ချုပ်ပို့ကုန်လုပ်ငန်း အားကောင်းစွာ တိုးတက်ဖြစ်ထွန်လာခြင်းနှင့်အတူ ပြန်လည်ရှင်သန်လာရန် မျှော်လင့်နိုင်ကြောင်း ဖော်ပြထားသည်။

လက်လီလက်ကားကဏ္ဍ ပြန်လည်အားကောင်းလာမှုနှင့်အတူ ဝန်ဆောင်မှု နယ်ပယ်သည်လည်း ကောင်းစွာလည်ပတ်လျှက်ရှိပြီး ၂၀၁၇-၂၀၁၈ခုနှစ်မှာ ၈ဒသမ၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ တွင် ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

စိုက်ပျိုးရေးထွက်ကုန် ပြည်ပမှ မှာယူမှု အနည်းငယ်လျော့ကျသွားသဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၇-၂၀၁၈ တွင် ၁ဒသမ၃ ရာခိုင်နှုန်းရှိခဲ့ရာ ၂၀၁၈-၂၀၁၉ တွင် ၁ဒသမ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။

                                                       

                                               

Most Read

Most Recent