ဘဏ္ဍာနှစ်ရှစ်လတွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၅၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၃၄၀ ကျော် ရရှိခဲ့သော်လည်း တင်ပို့မှု လျော့ကျခဲ့သဖြင့် ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၆၀ ကျော်လျော့ကျ

ဘဏ္ဍာနှစ်ရှစ်လတွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၅၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၃၄၀ ကျော် ရရှိခဲ့သော်လည်း တင်ပို့မှု လျော့ကျခဲ့သဖြင့် ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၆၀ ကျော်လျော့ကျ
နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက်ပြပွဲ တစ်ခုကို တွေ့ရစဉ်
နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက်ပြပွဲ တစ်ခုကို တွေ့ရစဉ်
Published 16 June 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၅၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ သန်း ၃၄၀ ကျော်ရရှိခဲ့သော်လည်း တင်ပို့မှုလျော့ကျသဖြင့် ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၆၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၃၁ ရက် အထိ ရှစ်လတွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၅၄၇ ဒသမ ၃၈၀ တန်တင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၃ ဒသမ ၉၉၁ ဘီလျံ ရရှိထားသည်။

ယခင်နှစ် ကာလတူတွင် ကျောက်စိမ်းတန်ချိန် ၁၉၉၇ ဒသမ ၁၉၀ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၀၄ ဒသမ ၇၅၉ သန်းအထိ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ပြည်ပသို့ ကျောက်စိမ်း တင်ပို့မှု တန်ချိန် ၄၅၀ ခန့် လျော့ကျခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၂၆၀ ဒသမ ၇၆၈ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

သစ်တောထွက်ပစ္စည်းနှင့် သတ္တုတွင်းထွက် ပစ္စည်းများသည် နိုင်ငံသယံဇာတ ထွက်ကုန်များ ဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုကို ကန့်ထားသည်။ ထို့ကြောင့် အဆိုပါ ကဏ္ဍများမှ တင်ပို့မှုသည် ယခင်နှစ်များထက် လျော့နေခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းတင်ပို့မှု လျော့ကျခြင်းမှာလည်း ကျောက်စိမ်းပြပွဲများ ပြုလုပ်ခြင်းနှင့်လည်း သက်ဆိုင်ကြောင်း သိရသည်။

“အဓိက ကျောက်စိမ်းကတော့ ပြပွဲတွေနဲ့ ဆိုင်တာပေါ့။ ပြပွဲလုပ်ပြီး ရောင်းတာဆိုတော့ ပြပွဲများများလုပ် လ တင်ပို့မှု ပိုလာတာ ပြပွဲလုပ်တာ နည်းရင်လျော့တာပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပွဲ တတိယနေ့ကို ပြီးခဲ့သည့် ဇွန် ၁၀ ရက်က နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းခဲ့သည်။

အဆိုပါ ပြပွဲအခမ်းအနားတွင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ အတွဲအ မှတ် (၁၀၅၀) အထိကို ဇွန် ၁၁ ရက်တွင်လည်းကောင်း၊ ကျောက် စိမ်းအတွဲအမှတ် (၁၀၅၁) မှ အတွဲ အမှတ် (၂၁၀၀) အထိကို ဇွန် ၁၂ ရက်တွင်လည်းကောင်း၊ ကျောက် စိမ်းအတွဲအမှတ် (၂၁၀၁) မှ အတွဲ အမှတ် (၃၁၀၈) အထိကို ဇွန် ၁၃ ရက်တွင်လည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ပြပွဲတွင် ရောင်းရငွေတန်ဖိုး အပေါ် သတ်မှတ်ကောက်ခံမည့် အခွန်နှုန်းထားများမှာ အထူးကုန် စည်ခွန်အနေဖြင့် ကျောက်စိမ်း အရိုင်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများအတွက် ၁၀ ရာခိုင်နှုန်း၊ ကျောက်မျက် လက်ဝတ်ရတနာ အချောထည်များအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များ အတွက် တစ်ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်သည်။

 

Most Read

Most Recent