အိန္ဒိယကုမ္ပဏီအချို့က မြန်မာနိုင်ငံမှ ပဲဝယ်ယူမှုရှိနေသော်လည်း အိန္ဒိယဘက်မှ တင်သွင်းမှုဆိုင်ရာ မူဝါဒနှောင့်နှေးနေသဖြင့် ပမာဏများစွာတင်ပို့မှုမရှိသေးဘဲ ပုံမှန်တင်ပို့မှုသာရှိဟုဆို

အိန္ဒိယကုမ္ပဏီအချို့က မြန်မာနိုင်ငံမှ ပဲဝယ်ယူမှုရှိနေသော်လည်း အိန္ဒိယဘက်မှ တင်သွင်းမှုဆိုင်ရာ မူဝါဒနှောင့်နှေးနေသဖြင့် ပမာဏများစွာတင်ပို့မှုမရှိသေးဘဲ ပုံမှန်တင်ပို့မှုသာရှိဟုဆို
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မဖေငြိမ်း)
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မဖေငြိမ်း)
Published 13 June 2019
ဇေယျာငြိမ်း

အိန္ဒိယကုမ္ပဏီအချို့က မြန်မာနိုင်ငံမှ ပဲဝယ်ယူမှုရှိသော်လည်း အိန္ဒိယဘက်မှ တင်သွင်းမှုဆိုင်ရာ မူဝါဒနှောင့်နှေးနေသဖြင့် အိန္ဒိယသို့ ပမာဏများစွာ တင်ပို့မှုမရှိသေးဘဲ ပုံမှန်တင်ပို့မှုသာရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

“သူတို့ ဇွန်လထဲ ပဲပေါ်တဲ့အခါ သူတို့ဘက်က တင်သွင်းခွင့်ရရှိတဲ့ ကုမ္ပဏီတွေကို ကြေညာမယ်ဆိုတာ အခုချိန်အထိ တိတိကျကျကြေညာတာ မတွေ့သေးဘူး။ မတွေ့တဲ့ အခါကျ အိန္ဒိယကုမ္ပဏီတွေက တချို့လည်း ဒီမှာဝယ်ထားတာတွေရှိတယ်။ တင်တာပြုတာတော့ အင်နဲ့အားနဲ့ တင်ပို့တာတော့ မရှိဘူး”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းမှအတွင်းမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ယင်းကဲ့သို့ ပမာဏများများဖြင့် တင်ပို့မှုမရှိသေးခြင်းက အိန္ဒိယနိုင်ငံအနေဖြင့် ပဲတင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီများအတွက် ကြေညာချက်တစ်စုံတစ်ရာ တိတိကျကျ မထုတ်ပြန်ရသေးသောကြောင့်ဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်က ထပ်ပြီးတော့ ထုတ်ပြန်ရမယ့် ကြေညာချက်တွေက နှောင့်နှေးတယ်ခေါ်တာပေါ့။ တော်ရုံတန်ချိန် အိန္ဒိယ Import သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့လည်းတွန်းပြီး တင်လို့မရသေးဘူး။ တချို့စျေးနှုန်းကြိုက်လို့ ဝယ်ထားတာရှိတယ်။ ချက်ချင်းလည်း မတင်နိုင်ဘူးပေါ့။ အဲဒီလိုတွေရှိတယ်” ဟု ဦးမင်းကိုဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပဲမျိုးစုံတန်ချိန်ငါးသိန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံက မတ်ပဲတန်ချိန် တစ်သိန်းခွဲတင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

“အိန္ဒိယက မနှစ်ကအတိုင်းပေါ့။ အိန္ဒိယရဲ့ မူဝါဒက ၂၀၁၉-၂၀၂၀ အတွက် ပြည်ပကနေ ပဲတန်ချိန်ငါးသိန်း တင်သွင်းခွင့်ပြုမယ်။ မတ်ပဲတန်ချိန်တစ်သိန်းခွဲ၊ ပဲတီစိမ်း တန်ချိန်တစ်သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန်နှစ်သိန်း၊ အားလုံးစုစုပေါင်း တန်ချိန်ငါးသိန်းကို Quota စနစ်နဲ့ တင်သွင်းခွင့်ပြုမယ်ဆိုပြီး တရားဝင်ကြေညာတယ်။ အားလုံးကို မြန်မာနိုင်ငံကချည်း ဝယ်ပါမယ်လို့ ပြောတာမဟုတ်ဘူး။ မြန်မာနိုင်ငံအပြင် ပဲစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေကနေ ဝယ်မှာ။ အဲဒီမှာ အားသာတာက မတ်ပဲက မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံပဲစိုက်တာ။ ဆိုတော့ မတ်ပဲတန်ချိန် တစ်သိန်းခွဲကတော့ မြန်မာနိုင်ငံကပဲ ဝယ်ရမှာ။ ကျန်တဲ့ပဲတီစိမ်းတို့ကတော့ မြန်မာအပြင် အခြားပဲ စိုက်ပျိုးတဲ့ နိုင်ငံတွေကလည်း ဝယ်မှာဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ဇွန် ၁၂ ရက်တွင် မတ်ပဲ (2019 crop) FAQ တစ်တန်လျှင် ဒေါ်လာ ၅၅၀ မှ ၅၇၀ ကြားနှင့် SQ တစ်တန်လျှင် ဒေါ်လာ ၆၉၀ မှ ၇၁၀ ကြားအထိရှိပြီး မတ်ပဲ (2018 crop) တစ်တန်လျှင် ဒေါ်လာ ၅၄၅ မှ ၅၆၅ ကြားနှင့် SQ တစ်တန်လျှင် ဒေါ်လာ ၆၈၅ မှ ၇၀၅ ကြားအထိရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပဲတီစိမ်း FAQ တစ်တန်လျှင် ဒေါ်လာ ၆၅၀ မှ ၇၄၀ ကြားနှင့် ပဲတီစိမ်းရွှေဝါအမျိုးအစားသည် တစ်တန်လျှင် ဒေါ်လာ ၈၅၀ မှ ၁၀၀၀ ကြားအထိရှိကြောင်း သိရသည်။

ပဲစဉ်းငုံ (2019 crop) FAQ တစ်တန်လျှင် ဒေါ်လာ ၆၈၀ မှ ၇၃၀ ကြားနှင့် (2017 - 2018 crop) FAQ တစ်တန်လျှင် ဒေါ်လာ ၆၀၀ မှ ၅၅၀ ကြားအထိရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေလ ၃ ရက်အထိ ခုနစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် တန်ချိန်တစ်သန်းကျော်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၆၀၉ ဒသ မ ၀၅၅ သန်း ရရှိထားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင်မူ ပဲမျိုးစုံတန်ချိန် ၅၆၅,၄၉၁ တန်ကျော်သာ တင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၄ ဒသမ ၂ သန်းသာ ရရှိထားသည့်

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ယခင်နှစ်ကာလတူထက် ပြည်ပသို့ ပဲမျိုးတန်ချိန် ၄၃၆,၃၁၈ တန်အထိ ပိုမိုတင်ပို့ နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၂၆၄ ဒသမ ၈၅၅ သန်း ပိုမိုရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အဓိက တင်ပို့နေသည့် ပဲအမျိုးအစားများမှာ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ဖြစ်သည်။

မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေခြင်းဖြစ်ပြီး ပဲတီစိမ်းကို ဥရောပနိုင်ငံတချို့နှင့် တရုတ်နိုင်ငံက ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent