ဖားကန့်၊ လုံးခင်းရတနာနယ်မြေအတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၌ နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုခြင်းတို့ကြောင့် လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုဖြစ်ပေါ်နေသဖြင့် မိုးရာသီသုံးလအတွင်း ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းရန်ညွှန်ကြား

ဖားကန့်၊ လုံးခင်းရတနာနယ်မြေအတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၌ နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုခြင်းတို့ကြောင့် လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုဖြစ်ပေါ်နေသဖြင့် မိုးရာသီသုံးလအတွင်း ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းရန်ညွှန်ကြား
ကချင်ပြည်နယ်အတွင်းရှိ ကျောက်မျက်လုပ်ကွက်တစ်ခုကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်းရှိ ကျောက်မျက်လုပ်ကွက်တစ်ခုကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်
Published 13 June 2019
နီလာ

ဖားကန့်၊ လုံးခင်းရတနာနယ်မြေအတွင်း ကျောက်စိမ်းတူဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ယခုလက်ရှိအခြေအနေမှာ နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုခြင်းတို့ကြောင့် လူသေဆုံးမှုများ၊ စက်ယန္တရားနှင့် လူနေအိမ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသဖြင့် မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်မှုကို ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းရန် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့ လူသေဆုံးမှုများ၊ စက်ယန္တရားနှင့် လူနေအိမ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး လူမှုဒုက္ခများစွာ ခံစားနေရသဖြင့် မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေ မထွက်ရှိသေးမီ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မလိုလားအပ်သောပြဿနာများ မဖြစ်ပွားစေရန်အတွက် အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီက အကြံပြုချက်များကို ပေးပို့လာကြောင်း သိရသည်။

မိုးရာသီ သုံးလတာကာလအတွင်း ကျောက်စိမ်းတူးဖော်ထုတ်လုပ်နေသော လုပ်ငန်းများကို လုံးဝခွင့်မပြုဘဲ ခေတ္တရပ်ဆိုင်းထားရန်၊ ခေတ္တရပ်ဆိုင်းထားစဉ်ကာလအတွင်း အန္တရယ်ဖြစ်နိုင်သောလုပ်ကွက်များနှင့် မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကြိုတင်ကာကွယ်မှုအစီအမံများ ဆောင်ရွက်ထားရှိရန်တို့ ဖြစ်သည်။

ထို့ပြင် မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်းများ တူးဖော်ထုတ်လုပ်ရန်အတွက် မြေစာများ စွန့်ပစ်စုပုံခြင်းကြောင့် မြေစာပုံများ ပြိုဆင်းလျှော့ကျနိုင်ခြင်း၊ မြေစာများက ချောင်းများအတွင်းသို့ စီးဝင်နိုင်ခြင်း၊ စက်ယန္တရား မြေသယ်ယာဉ်များ ထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်းနှင့် အများပြည်သူ ယာဉ်တိုက်မိနိုင်ခြင်း စသည့်အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ထို့သို့ ယာယီရပ်နားစဉ်ကာလအတွင်း မလိုလားအပ်သော ပြဿနာဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်မှုမရှိစေရေးအတွက် ကျောက်မျက်ရတနာကုမ္ပဏီများသည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြရန် အကြောင်းကြားထားသည်။ ယင်းတို့မှာ ယာယီရပ်နား ကာလအတွင်း ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းမပြုရန်၊ တူးဖော်ထားသည့် ကျောက်ကြောပါမြေစာပုံများအနက်မှ ကျောက်စိမ်းရိုင်းရှာဖွေခြင်းကို ယာယီရပ်နားခြင်းမပြုမီ ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက ကျောက်စိမ်းရိုင်းပါမြေစာပုံများကို ခိုင်ခံသော ခြံစည်းရိုးများကာရံ၍ လုံခြုံစွာထားရှိနိုင်ရေး ဆောင်ရွက်ရန်၊ ယာယီရပ်နားခြင်းမပြုမီ ထုတ်လုပ်ရရှိသော ကျောက်စိမ်းရိုင်းများကို တန်ဖိုးဖြတ်၊ ရတနာခွန်ပေးဆောင်ပြီး မှတ်ပုံတင်၍ နေပြည်တော်သို့ သယ်ဆောင်ထိန်းသိမ်းထားရှိနိုင်ရေး ဆောင်ရွက်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ယာယီရပ်နားကာလအတွင်း တန်ဖိုးဖြတ်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် သယ်ဆောင်ခြင်းများ ဆောင်ရွက်လိုပါက ဆောင်ရွက်လိုသည့် ကျောက်စိမ်းအရေအတွက်၊ အလေးချိန်စာရင်း (ခန့်မှန်း) ကို ကျောက်စိမ်းတူးဖော် ရေးဌာန (လုံးခင်း) သို့ ကြိုတင်ပေးပို့တင်ပြထားရန် ဖြစ်သည်။

စက်ယန္တရား (ဘက်ဟိုး၊ မြေထိုးစက်၊ မြေညှိစက်များ) နှင့် မြေသယ်ယာဉ်များကို ကုမ္ပဏီဝင်းများအတွင်း ထိန်းသိမ်းထားရှိခြင်းကို ဦးစားပေးဆောင်ရွက်ရန်နှင့် လုပ်ကွက် (တူးဖော်ရေးလုပ်ငန်းခွင်) အတွင်း ထိန်းသိမ်းထားရှိလိုပါက လုံခြုံမှုအစီအမံများ ဆောင်ရွက်၍ စုစည်းထားရှိရန်နှင့် လုပ်ကွက်အတွင်းထားရှိသည့် စက်ယန္တရား၊ မြေသယ်ယာဉ်အမျိုးအစားအရေအတွက်စာရင်းကို ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) သို့ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီ ပေးပို့တင်ပြထားရန်၊ စက်ယန္တရား၊ မြေသယ်ယာဉ်များ ပြုပြင်ခြင်းလုပ်ငန်း ကြံ့ခိုင်ထိန်း သိမ်းခြင်းလုပ်ငန်းကို တတ်နိုင်သမျှ ကုမ္ပဏီရုံးဝင်းအတွင်းဆောင်ရွက်ရန်နှင့် လိုအပ်မှသာ လုပ်ကွက်အတွင်း ဆောင်ရွက်ရန်တို့ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် စက်ယန္တရား၊ မြေသယ်ယာဉ်များကို အသုံးပြုနိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ညွှန်ကြားချက်အရ ရွှေ့ပြောင်း၊ သယ်ဆောင်သွားလာခြင်းမှအပ ခွင့်ပြုချက်တစ် စုံတစ်ရာမရရှိဘဲ မည်သည့်စက်ယန္တရား၊ မြေသယ်ယာဉ်များကို ရွှေ့ပြောင်း၊ သယ်ဆောင်ခြင်းမပြုရန် စသည်တို့ပါဝင်သည်။

အဆိုပါညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာခြင်း မရှိပါက မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။                                                 

Most Read

Most Recent