ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း ရန်ကုန်ဝယ်လက် များပြားလာသည့်အတွက် စျေးနှုန်းပြန်လည် မြင့်တက်လာပြီး တစ်ပိဿာ အမြင့်ဆုံး ၆၇၅ ကျပ် ပေါက်စျေးရှိလာ

ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း ရန်ကုန်ဝယ်လက် များပြားလာသည့်အတွက် စျေးနှုန်းပြန်လည် မြင့်တက်လာပြီး တစ်ပိဿာ အမြင့်ဆုံး ၆၇၅ ကျပ် ပေါက်စျေးရှိလာ
Published 11 June 2019
သက်ထိန်ဝင်း

ပခုက္ကူ ကြက်သွန်စျေးကွက်အတွင်း ယခုဇွန်လဆန်းပိုင်းမှစ၍ ရန်ကုန်ဝယ်လက် များပြားလာသည့်အတွက် စျေးနှုန်းပြန်လည် မြင့်တက်လာပြီး တစ်ပိဿာ အမြင့်ဆုံး ၆၇၅ ကျပ် ပေါက်စျေးရှိလာကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းအထိ ဝယ်လက်နည်းပါးသည့်အတွက် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၄၅၀ ဝန်းကျင်သာ ရောင်းချခဲ့ရပြီး တောင်သူများမှာ စိုက်ပျိုးစရိတ် အရင်းပင် ရရှိရန် မလွယ်ကူသည့် အခြေအနေ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

စျေးနှုန်းကျဆင်းမှုကြောင့် တောင်သူများ စျေးကွက်အတွင်း ဝင်ရောက်ရောင်းချမှု နည်းပါးခြင်းနှင့် နယ်စုံဝယ်လက်များက စျေးမြှင့်ဝယ်ယူလာသည့်အတွက် ယခုကဲ့သို့ စျေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး လာမည့်ရက်များတွင် ကုန်ဝင်ရောက်မှု များပြားနိုင်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်ထက်စာရင် စျေးက သိသိသာသာ တက်သွားတယ်။ တောင်သူကလည်း စျေးမကိုင်တော့ လာမရောင်းဘူး။ ကုန်သည်ကလည်း ကုန်ဝင်နည်း၊ ဝယ်လက်ရှိတော့၊ ပစ္စည်းလိုတော့ စျေးပေးဝယ်တယ်။ မနေ့က (ဇွန် ၉ ရက်)ကို တစ်ပိဿာ ကျပ် ၆၀၀ လောက်ပဲရှိတယ်။ ဒီနေ့ တစ်ပိဿာ အမြင့်ဆုံး ၆၇၅ ကျပ် ဖြစ်သွားတယ်။ တစ်ရက်တည်းကို တစ်ပိဿာ ၇၅ ကျပ်လောက် တက်သွားတယ်။ အထူးသဖြင့် ရန်ကုန်သမားတွေက ကုန်ဝင်နည်းတော့ စျေးမြင့်ဝယ်လိုက်တာပါ။ ပြည်တွင်းကတော့ ဝယ်နေပါတယ်” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုကျော်သန်းက ပြောကြားသည်။

ယောချောင်းဒေသတစ်ဝိုက် ကြက်သွန်တူးဖော်ပြီးချိန် ဖြစ်သည့်အတွက် ပုံမှန်အားဖြင့် ပခုက္ကူစျေးကွက်အတွင်း ပိဿာချိန် တစ်သိန်းနီးပါး နေ့စဉ်ဝင်ရောက်လေ့ ရှိသော်လည်း ယခုအခါ စျေးနှုန်းကျဆင်းမှုကြောင့် ပိဿာချိန် လေးသောင်းဝန်းကျင်သာ ဝင်ရောက်ကြောင်း သိရသည်။

ပခုက္ကူ ကြက်သွန်စျေးကွက်သို့ ယခု ဇွန် ၁၀ ရက်တွင် ကြက်သွန်ပိဿာချိန် သုံးသောင်းခန့် ဝင်ရောက်လာရာ တစ်ပိဿာ အနိမ့်ဆုံး ကျပ် ၆၅၀ မှ အမြင့်ဆုံး ၆၇၅ ကျပ် ပေါက်စျေးရှိပြီး စျေးနှုန်းမြင့်တက်မှုကြောင့် လာမည့် ရက်များတွင် ကုန်ဝင်ရောက်မှု များပြားနိုင်ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် စျေးနှုန်းအရ တောင်သူများမှာ အကျိုးအမြတ်ရှိနိုင်ပြီး ပြီးခဲ့သည့် ဧပြီ၊ မေလများ၏ စျေးကွက် တစ်ပိဿာ ကျပ် ၄၅၀ အောက် ပေါက်စျေးမှာ တောင်သူများ အကျိုးအမြတ်ရရန် မလွယ်ကူကြောင်း တောင်သူများထံမှ သိရသည်။

ကြက်သွန်စိုက်ပျိုးရာတွင် အသုံးပြုသည့် သွင်းအားစုများနှင့် လုပ်သားစရိတ်များ မြင့်တက်လာခြင်းကြောင့် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၅၀၀ ခန့် အရင်းရှိသည့်အတွက် ပြီးခဲ့သည့် မေလအတွင်း စျေးနှုန်းမှာ တောင်သူများ ဆုံးရှုံးမှု ကြုံတွေ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်း ကြက်သွန်သစ်ပေါ်ချိန်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ်၂၀၀၀ ဝန်းကျင် ပေါက်စျေးရှိခဲ့သည့်အတွက် တောင်သူများ အကျိုးအမြတ်ရှိခဲ့ပြီး ယခုလက်ရှိတွင် တစ်ပိဿာ ကျပ် ၅၀၀ အောက်ဖြင့် ရောင်းချနေရကြောင်း သိရှိရသည်။                              

 

Most Read

Most Recent