ပထမဆုံးသမိုင်းဝင်အဖြစ် အသက်အရွယ်အိုမင်းလာမှုကို ကမ္ဘာ့အန္တရာယ်ဟု ချိန်ဆစဉ်းစားလာသည့် ဂျီ - ၂၀

ပထမဆုံးသမိုင်းဝင်အဖြစ် အသက်အရွယ်အိုမင်းလာမှုကို ကမ္ဘာ့အန္တရာယ်ဟု ချိန်ဆစဉ်းစားလာသည့် ဂျီ - ၂၀
Published 9 June 2019
နရီမင်း

ကျန်းမာရေးကုန်ကျစရိတ် မြင့်မားလာမှု၊ လုပ်သားအင်အားစု ပြတ်လပ်လာမှုနှင့် သက်ကြီးရွယ်အိုတို့အတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုများ များပြားလာမှုတို့ကြောင့် ဇွန် ၉ ရက်တွင် ကျင်းပသည့် ဂျီ - ၂၀ ဆွေးနွေးပွဲ၌ ကမ္ဘာ့ထိပ်တန်း မူဝါဒချမှတ်သူများသည် အသက်အရွယ်အိုမင်းလာမှု၊ မွေးဖွားမှုနှုန်း  ကျဆင်းလာမှုတို့နှင့် ပတ်သက်သည့် စီးပွားရေးအကြောင်းအရာကို ပထမဆုံး သမိုင်းဝင်အဖြစ် ကိုင်တွယ်လာရသည်။

အသက်အရွယ်အိုမင်းလာသော လူဦးရေ အလျင်အမြန် တိုးပွားလာခြင်းက ပြည်တွင်း အဓိက ပြဿနာတစ်ရပ်ဖြစ်နေသည့် ဂျပန်နိုင်ငံ၌ တွေ့ဆုံကြသော ဂျီ - ၂၀ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများသည် လွန်စွာ နောက်ကျ၍မသွားမီ ယင်းပြဿနာကို ကိုင်တွယ်ရန် သတိပေးမှုခံရသည်။

ကျွန်တော်တို့ ပြောနေတာက ခင်ဗျား ချမ်းသာကြွယ်ဝမလာခင် အသက်အရွယ် အိုမင်းလာမှု အကြောင်းအရာက သူ့သက်ရောက်မှုကို စပြီး ပြလာပြီဆိုရင် ခင်ဗျားအနေနဲ့ တကယ့်တကယ်မှာ ဒါကို တိုက်ဖျက်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေကို လုပ်နိုင်တော့မှာမဟုတ်ဘူး ဆိုတာပါပဲ” ဟု ဆွေးနွေးမှုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး တာရိုအေဆိုက ဇွန် ၈ ရက်အနှောင်းပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂျီ - ၂၀ တွင် အသက်အရွယ် အိုမင်းလာသော လူဦးရေ အလျင်အမြန်တိုးပွားနေသည့် ဂျပန်နိုင်ငံမှသည် လာမည့်နှစ် ဂျီ - ၂၀ သဘာပတိအဖြစ် တာဝန်ယူမည့် အလွန်ငယ်ရွယ်သော လူ့အဖွဲ့အစည်းကို ပိုင်ဆိုင်ထားသည့် ဆော်ဒီအာရေဗျနိုင်ငံအထိ ဖွံ့ဖြိုးမှုနှင့် လူဦးရေအမျိုးအစား အဆင့်အမျိုးမျိုး၌ ရှိနေသော နိုင်ငံအမျိုးမျိုး ရောထွေးပါဝင်နေသည်။

လူဦးရေအိုမင်းလာမှုက ခေါင်းပေါ်ရစ်ဝဲလာကာ စီးပွားရေးကို ဖိအားမပေးမီ နိုင်ငံများအနေဖြင့် အရေးတယူ ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေရမည်ဟု အေဆိုက သတိပေးလျက် ဆွေးနွေးပွဲအိမ်ရှင် ဂျပန်နိုင်ငံက သူ၏ အတွေ့အကြုံများကို မျှဝေရန် စိတ်အားထက်သန်နေသည်။

အထူးသဖြင့် ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် မျှော်လင့်နိုင်သည့် ဘဝသက်တမ်း ပိုမိုမြင့်မားလာပြီး မွေးဖွားမှုနှုန်း ကျဆင်းလာခြင်းကြောင့် စပိန်၊ အီတလီနှင့် တောင်ကိုရီးယားကဲ့သို့သော နိုင်ငံများတွင် အသက်အရွယ်ကြီးသော လူဦးရေ အလျင်အမြန်တိုးပွားလာသည်ဟု စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ OECD ၏ စာရင်းဇယားများအရ သိရသည်။

သို့သော် ယင်းပုံစံသည် ချမ်းသာသော နိုင်ငံများသက်သက်နှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ၎င်းတို့၏ ဖွံ့ဖြိုးရေးအဆင့် အစောပိုင်းနှင့် နှိုင်းယှဉ်ပါက “လူဦးရေအချိုးအစားအတွင်း အသက်အရွယ်အုပ်စုအလိုက် ပါဝင်မှု” အပြောင်းအလဲများကို ရင်ဆိုင်လာရသည့် စီးပွားရေးအင်အားကြီးလာသော ဘရာဇီးနှင့် တရုတ်တို့ကဲ့သို့သော နိုင်ငံများနှင့်လည်း သက်ဆိုင်မှုရှိလာကြောင်း OECD ၏ ထုတ်ပြန်မှုအရ သိရသည်။

၂၀၅၀ ပြည့်နှစ်သို့အရောက်တွင် ကမ္ဘာပေါ်၌ အသက် ၆၀ နှင့်အထက် လူဦးရေ နှစ်ဘီလျံကျော်အထိ မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် ယင်းသည် ၂၀၁၇ ခုနှစ် အရေအတွက်၏ နှစ်ဆကျော် ဖြစ်ကြောင်း OECD က ပြောကြားထားသည်။

သို့သော် နိုင်ငံစီးပွားရေးများစွာတို့က ၎င်းတို့၏ ပင်စင်နှင့် အလုပ်ခန့်ထားရေးစနစ်များကို ၎င်းတို့၏ ‘လူဦးရေအချိုးအစားအတွင်း အသက်အရွယ်အုပ်စုအလိုက် ပါဝင်မှု’ နှင့် လျော်ညီအောင် ပြုပြင်ပြောင်းလဲရန် ပျက်ကွက်နေကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

ယင်းက တစ်နိုင်ငံလုံးအတွက်သာမက လူတစ်ဦးချင်းအတွက်ပါ ဘဏ္ဍာရေးနှင့် အကြွေးပြဿနာများဆီ ဦးတည်သွားနိုင်စေသည်။

လုပ်သားအင်အားစု ကျုံ့ဝင်လာခြင်း

OECD အကြီးအကဲ အိန်ဂျယ်ဂါရီယာက ဂျပန်နိုင်ငံအနောက်ပိုင်းရှိ ဖူကူအို ကာမြို့၌ ပြုလုပ်သော ဆွေးနွေးပွဲ၏ ဘေးဆွယ်တွေ့ဆုံမှုတစ်ရပ်တွင် “ခင်ဗျားတို့မှာက အခြေခံအရ အိုမင်းလာနေတဲ့ လူတွေ အကြီး အကျယ် ပါဝင်နေပြီး လုပ်သားအင်အားစု ကျုံ့ဝင်လာနေတဲ့ လူဦးရေတစ်ရပ် ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်ပြောမှာက အထူးသဖြင့် ဂျီ -၂၀ မှာ လူဦးရေ အိုမင်းလာမှုဟာ ပိုပြီးမြန်ဆန်လာတယ်ဆိုတာပဲ” ဟု ပြောကြားခဲ့သည်။

“ဒါဟာ ဆက်ပြီးဖြစ်ပေါ်နေမယ့် လမ်းကြောင်းတွေဖြစ်မှာ ကျွန်တော်စိုးရိမ်တာပါ။ ဒါဟာ ခင်ဗျားအနေနဲ့ ရုတ်တရက် ရပ်တန့်နိုင်မယ့်အရာမျိုး မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

လုပ်သားအင်အားစု အလျင်အမြန် ကျုံ့ဝင်လာခြင်းနှင့်အတူ ဂျပန်နိုင်ငံသည် နိုင်ငံတော် ပင်စင်ကုန်ကျစရိတ်အတွက် ကာမိစေရန် နည်းလမ်းများကို ရှာဖွေရာ၌ ရုန်းကန်နေရသည်။

ထိုအခါ  သက်ကြီးရွယ်အို အများအပြားက ၎င်းတို့ရရှိမည့် အကျိုးအမြတ်များ ဖြတ်တောက်ခံရမည်ကို စိုးရိမ်နေကြသကဲ့သို့ ငယ်ရွယ်သူများကလည်း ၎င်းတို့ အငြိမ်းစားယူချိန်၌ ပင်စင်စနစ် မရှိတော့မည်ကို ကြိုတင်စိုးရိမ်နေကြသည်။

ယခုလက်ရှိအချိန်၌ လုပ်သားအင်အားစု ကျုံ့ဝင်လာခြင်းက ဂျပန်ကုမ္ပဏီများအား အလုပ်အကိုင် လစ်လပ်မှုများကို ဖြည့်ရန် မတတ်နိုင်ဖြစ်စေကြောင်း ပြသလျက်ရှိသည်။ ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂ ဒသမ ၄ ရာခိုင်နှုန်း၌ ရပ်တည်နေသည်။

ဂျပန်နိုင်ငံ၌ လူတစ်ဦးချင်းအနေဖြင့် အစဉ်အလာအရ အငြိမ်းစားယူသည့် အသက်အရွယ်ကို ကျော်လွန်လျက် အလုပ်လုပ်နေမှုများ များပြား၍လာနေသည်။ အခြားတစ်ဖက်၌လည်း စီးပွားရေးလုပ်ငန်းများသည် အသက်အရွယ်ပို၍ ကြီးသူများ ဆောင်ရွက်နိုင်မည့် အလုပ်အကိုင်များကို ကမ်းလှမ်းရမည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

နည်းပညာက အသက်ရွယ်ကြီးသည့် လုပ်သားများကို လေ့ကျင့်ပေးရန် အထောက်အကူပြုနိုင်သကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့သော လိုအပ်သည့် ဝန်ဆောင်မှုများကို ရရှိရေးနှင့် ၎င်းတို့၏ဘဏ္ဍာရေးကို စီမံခန့်ခွဲရေးအတွက်လည်း အထောက်အကူပြုစေနိုင်သည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးများမဟုတ်ဘဲ ဘဏ္ဍာရေးကဏ္ဍ၌ ပါဝင်သည့် ကမ္ဘာ့ခေါင်းဆောင်များက ဦးဆောင်ရလိမ့်မည်ဟု အေဆိုက ပြောကြားခဲ့သည်။

050865-01-02.jpg

ဇွန် ၈ ရက်က ဖူကူအိုကာ၌ ပြုလုပ်သော ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများ ဆွေးနွေးပွဲ၌ တာရိုအေဆို (လယ်)၊ IMF ညွှန်ကြားရေးမှူး ခရစ္စတင်းလာဂါဒီ (လယ်ဝဲ)နှင့် ကူရိုဒါ (လယ်ယာ) တို့အား ဓာတ်ပုံရိုက်ကူးမှု၌ တွေ့ရစဉ်

ပင်စင်စရိတ်ကာမိစေရန်

ဇွန် ၉ ရက် ဆွေးနွေးပွဲသည်  ယခုလအကုန်၌ ဂျပန်နိုင်ငံ အိုဆာကာ၌ ပြုလုပ်မည့် ကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်များအတွက် အသက်အရွယ်အိုမင်းလာခြင်း အကြောင်းအရာက တိုး၍တိုး၍ ဖိအားပေးလာသော အကြောင်းအရာတစ်ရပ်ဖြစ်လာသည်။

“ဂျီ-၂၀ နိုင်ငံအများစုဟာ အသက်အရွယ် အိုမင်းလာမှုကို ကြုံတွေ့နှင့်ပြီး  ဒါမှမဟုတ် ကြုံတွေ့လာရမှာ ဖြစ်ပါတယ်” ဟု ဂျပန်ဘဏ်အုပ်ချုပ်ရေးမှူး ဟာရူဟီကိုကူရို ဒါက ပြောကြားခဲ့သည်။

“လူ့အဖွဲ့အစည်းဆိုင်ရာ အသက်အရွယ် အိုမင်းလာခြင်း မြင့်တက်လာမှု ပြဿနာတွေနဲ့ ဒါတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“အသက်အရွယ် အိုမင်းလာမှု အကြောင်းအရာက သူတို့အပေါ် သက်ရောက်မှုမရှိဘူးလို့ ပြောလို့ရတဲ့ နိုင်ငံဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒီဆွေးနွေးမှုတွေက အကျိုးများစေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟုလည်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို တုံ့ပြန်ရန် နည်းလမ်းတစ်ရပ်အဖြစ် ဂါရီယာက အသက်အရွယ်ကြီးသည့် လုပ်သားများနှင့် အမျိုးသမီးများကို လုပ်သားအင်အားစု၌ ပို၍အရေးပါသော ကဏ္ဍမှပါဝင်ရန် တောင်းဆိုခဲ့ပြီး ငယ်ရွယ်သူများကိုလည်း ၎င်းတို့၏ အနာဂတ် ဘဏ္ဍာရေးအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားကြရန် တောင်းဆိုခဲ့သည်။

အဆိုပါအကြောင်းအရာကို ဖြေရှင်းရန်အတွက် လူ့အဖွဲ့အစည်းကို စည်းရုံးလှုပ်ရှားပုံ နည်းလမ်းကိုပါ ပြောင်းလဲရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

“ခင်ဗျား ပြင်ဆင်ထားပုံအပေါ်မူတည်ပြီး မရေရာမှုတွေ အလုံအလောက်ရှိနှင့်ပြီးဖြစ်တဲ့ မရေရာတဲ့ အနာဂတ်တစ်ခုကိုခင်ဗျား ရင်ဆိုင်နေရတာပဲ။ ခင်ဗျားအနေနဲ့ သေချာမှုရှိဖို့ မလိုလားဘူးဆိုရင် ပင်စင်ကို ကာမိဖို့  ခင်ဗျားမှာ ငွေအလုံအလောက်ရှိမှာလည်း မဟုတ်ဘူး” ဟုလည်း ဂါရီယာက ပြောကြားခဲ့သည်။

Most Read

Most Recent