ရန်ကုန်မြို့တစ်ပတ် ကိုယ်တွေ့အဖြစ်အပျက်

ရန်ကုန်မြို့တစ်ပတ် ကိုယ်တွေ့အဖြစ်အပျက်
 မြို့နယ်တစ်ခုအတွင်း မြို့ပတ်ရထားတစ်စင်း ဖြတ်သန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)
မြို့နယ်တစ်ခုအတွင်း မြို့ပတ်ရထားတစ်စင်း ဖြတ်သန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)
Published 9 June 2019
နေဝန်းထက်

မြန်မာနိုင်ငံသို့ မုတ်သုံလေ စတင်ဝင်ရောက်ခဲ့သည်မှာ တစ်ပတ်တာကာလကျော်မျှ ရှိနေခဲ့ပြီးဖြစ်သည့် အချိန်တစ်ခုတွင်ဖြစ်သည်။ အသက် ၂၅ နှစ်ကျော်အရွယ်ခန့်ရှိမည့် အမျိုးသားတစ်ဦးလမ်းမကြီး တစ်ခုအတိုင်း လမ်းလျှောက်လျက်ရှိသည်။ သူလမ်းလျှောက်နေသည့် လမ်းမကြီး၏ထိပ်တွင် အစိုးရ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ခုနှင့် လမ်း၏အလယ်ခန့်တွင် ပုဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ခုရှိသည်။ အဆိုပါအမျိုးသားသည် လမ်းမကြီးတစ်လျှောက် လျှောက်လှမ်းနေရင်း အကြောင်းအရာတစ်ခုကို စဉ်းစားနေခဲ့သည်။

နံနက်ခင်းပိုင်းတွင် မိုးရွာသွန်းထားခြင်းကြောင့် လမ်းမကြီးတစ်လျှောက် စိုစွတ်လျက်ရှိပြီး နေရာတချို့တွင် ရေအိုင်ငယ်လေးများ ဖြစ်ပေါ်နေသည်။ လမ်းလျှောက်လာနေသည့် အမျိုးသား၏ အတွေးထဲတွင်လည်း ယခင်ရက်ပိုင်းခန့်ကမှ အလွန်ပူပြင်းခဲ့သည့် နေ့ရက်များကြောင့် ဖုန်ထနေခဲ့ရသည့် လမ်းမကြီးအကြောင်းနှင့် လျှပ်စစ်မီးမမှန်ခြင်းနှင့်အတူ လမ်းမကြီးတွင် တန်းစီနေခဲ့သည့် CNG Taxi များအကြောင်းဖြစ်သည်။ သူ၏ရှေ့မှ လမ်းမကြီးသည် မုတ်သုံမိုးနှင့်အတူ စိုစွတ်စိမ်းလန်းနေခဲ့ပြီဖြစ်သဖြင့် လမ်းထိပ်သဘာဝဓာတ်ငွေ့ အရောင်းဆိုင်မှ ကားတန်းကြီးလည်း ပြောင်းလဲမှုတွေ ရှိလာနိုင်သည်ဟု တွေးနေခဲ့သည်။

မိနစ်အနည်းငယ်မျှ အချိန်ကုန်ဆုံးပြီးသည့်နောက် ထိုအမျိုးသားသည် စက်သုံးဆီဆိုင်ကို ကျော်ဖြတ်အပြီး လမ်းထိပ်နားဆီသို့ ခရီးရောက်လာခဲ့ပြီ ဖြစ်သည်။ သူမြင်နေရသည့် မြင်ကွင်းထဲတွင် လေးလမ်းသွားလမ်းမကြီး၏ ဝဲဘက်ခြမ်း၌ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ခုရှိနေသည်။ ထို့ပြင် လေးလမ်းသွားကို သုံးလမ်းသွားအဖြစ် ထင်မြင်သွားစေနိုင်လောက်သည့် တန်းစီ CNG Taxi ကားတွေ ရှိနေသည်။ အဆိုပါမြင်ကွင်းကြောင့် ထိုအမျိုးသား အနည်းငယ် အံ့သြသွားခဲ့သော်လည်း သူဆက်စပ်တွေးရန် ကျန်ရှိသည့် အကြောင်းအရာတစ်ခုကို သတိရခဲ့ပြီးနောက် CNG Taxi ကားတန်းအတွက် အံ့သြမှုကို ဖျောက်ဖျက်နိုင်ခဲ့၏။

လျှပ်စစ်မီးပြတ်တောက်မှုတချို့က ယခုချိန်အထိ ရှိနေဆဲပင်ဖြစ်ပြီး မီးပျက်နေခြင်းကြောင့်သာ ယခုကဲ့သို့ ကားတန်းရှည်နေခြင်းဖြစ်မည်ဟု သူ၏စိတ်တွင် တွေးထင်လိုက်သည်။ ယင်းနောက်တွင် သူ၏အတွေး မှန် မမှန်  သေချာစွာ သိနိုင်ရန်အတွက် တန်းစီအပြီး ပြန်ထွက်လာသည့် CNG Taxi တစ်စီးကို လက်တား ငှားရမ်းလိုက်သည်။ ဆက်စပ်နေသည့် မြို့နယ်အတွင်းသို့ သွားရောက်ရမည့် ခရီးတိုတစ်ခုအတွက် ငွေကျပ် ၂၀၀၀ ဖြင့် ညှိနှိုင်းမှု ပြီးစီးသွားပြီးနောက် ၎င်းသည် အငှားယာဉ်မောင်းအား သူသိလိုသည်များကို ဆက်စပ်မေးမြန်းရန် ဟန်ပြင်လိုက်သည်။ အငှားယာဉ်ပေါ်သို့ ရောက်ရှိအပြီး တစ်ခဏတာအတွင်း မေးခွန်းထုတ်ရန် ပြင်လိုက်သော်လည်း ယာဉ်မောင်း၏ ညည်းညူပြောဆိုမှုက မေးခွန်းများကို အဖြေပေးနေခဲ့ပြီး ဖြစ်သွားခဲ့သည်။

“ညီလေးရာ ဒီမှာတန်းစီရတာ နေ့တစ်ဝက်ကျိုးတော့မယ်။ နေ့တိုင်းပဲ။ ဒီနေ့တောင် စောစောလာစီလိုက်လို့။ မဟုတ်ရင် မလွယ်ဘူး။ မြင်တဲ့အတိုင်းကွာ ကားတန်းကြီးကို ကြည့်ဦး ဘယ်လိုအလုပ်လုပ်စားမလဲကွာ။ အစ်ကို့ကားဆို အင်ဂျင်ကြီးတော့ တစ်ရက်နှစ်ခေါက် လာစီရတယ်။ အခု ညီလေးကို ပို့ပြီးရင် အစ်ကိုမြို့ထဲတက်မယ်။ နေ့လယ်တစ်ခေါက် အဲဒီဘက်မှာပဲ ဂက်စ်ထပ်ဖြည့်ရမယ်။ တန်းကတော့ စီရမှာပါပဲ။ ဂက်စ်ဆိုင်တွေက မီးလာ လာမလာလာ တန်းစီနေရတာပဲ။ အစ်ကိုထင်တယ် ညီလေးရာ ဂက်စ်ကားတွေ မတရားများလာလို့ပဲ ဖြစ်မယ်။ အခုနောက်ပိုင်း ပိုများလာတာပဲလေ။ အဲဒီတော့ ကားက မောင်းရတာထက် တန်းစီရတာက များများဖြစ်လာရော။ အလုပ်မဖြစ်ပါဘူးကွာ” ဟု အငှားယာဉ်မောင်းက ညည်းညူပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါနေ့အပြီး ရက်အနည်းငယ်ခန့်အချိန်ကို ကျော်လွန်ခဲ့အပြီးတွင်ဖြစ်သည်။ မုတ်သုံရာသီသည် ပိုမိုပီပြင်လာခဲ့ပြီဖြစ်ပြီး နေ့စဉ်မိုးရွာသွန်းမှုများ ရှိလာခဲ့ပြီ ဖြစ်သည်။ အချို့သောရက်များတွင် တစ်နေ့တာ၏ အချိန်တော်တော်များများသည် မိုးရွာသွန်းမှုနှင့် ဖြတ်ကျော်နေရသည်ပင် ရှိသည်။ ယခုလည်း မိုးများရွာသွန်းနေပြီး CNG ကားတန်းကို အံ့သြခဲ့သည့် အမျိုး သားသည် တာမွေမြို့နယ် အာသောကမှတ်တိုင်အနီး မီးပွိုင့်တစ်ခု၌ ပိတ်ဆို့ကျပ်တောက်နေသည့် ယာဉ်များစွာထဲမှ အငှားယာဉ်တစ်စီးပေါ်တွင် ရှိနေခဲ့သည်။ ထိုအချိန်တွင် သူမြင်နေရသည့် မီးပွိုင့်သည် အချက်ပြမီးများမပြဘဲ ငြိမ်သက်နေခဲ့သည်။ အဝါလည်းမပြ၊ အစိမ်းလည်း မပြ၊ အနီလည်း မပြသည့် မီးပွိုင့်များကို မကြာခဏ သူမြင်တွေ့ဖူးသော်လည်း ကားပေါ်တွင်ရှိနေချိန် ကြုံရခြင်းကြောင့် စိတ်မသက်မသာ ဖြစ်နေရသည်။

အပြိုင်အဆိုင် ဟွန်းတီးကာ အနည်းငယ်မျှသော အကွာအဝေးအတွက် တိုးဝှေ့တန်းစီမောင်းနှင် နေရသော ကားတန်းကြီးက အစီအစဉ်တကျ မရှိပေ။ ထိုသို့ ဖရိုဖရဲဖြစ်နေသော ကားများအကြားတွင် ထိုအမျိုးသားသည် လူတစ်ယောက်ကို  အသည်းအသန် ရှာဖွေကြည့်မိလိုက်သည်။ သို့သော် မတွေ့ရပေ။ သူရှာဖွေနေသော လူသည် မည်သည့်နေရာတွင် အလုပ်များနေ၍ မတွေ့ရခြင်းဖြစ်မည်ကို သူတွေးကြည့်မိနေခဲ့သည်။ သူ၏ဘေးတွင်လည်း အငှားယာဉ်မောင်း၏ စိတ်မသက်မသာ မျက်နှာအနေအထားကို မြင်တွေ့နေရသည်။ ထို့နောက် သူသည် အငှားယာဉ်မောင်းနှင့် အပြန်အလှန် စကားစမြည် ပြောဆိုမှုပြုလိုက်ပြီးနောက် မီးပွိုင့် တိုးဝှေ့ဖြတ်ကျော်ရန် အနေအထားသို့ ရောက်ရှိလာသဖြင့် စကားစပြတ်သွားကြသည်။

အငှားယာဉ်မောင်းတစ်ယောက် ကားတန်းကြီးအကြား တိုးဝှေ့မောင်းနှင်လျက်ရှိသည်။ ထို့အတူပင် ထိုအမျိုးသားကလည်း အငှားယာဉ်မောင်းပြောခဲ့သည့် စကားများကို ကြားယောင်ရင်း စဉ်းစားနေခဲ့သည်။ တစ်မြို့လုံးပတ်၍ အငှားယာဉ်မောင်းနေသည့်သူတစ်ဦးပြောသည့် အကြောင်းအရာများသည် သူကိုယ်တိုင်လည်း ကြုံတွေ့ဖူးသည့် အရာများဖြစ်ပြီး ဆက်လက်ကြုံတွေ့ရဆဲဖြစ်သည့် အကြောင်းအရာများလည်း ဖြစ်သည်။ သူသည် ကားပိတ်သည့် အကြောင်းကို အငှားယာဉ်မောင်းနှင့် စကားစမြည်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခုတွင်တော့ သူ၏နားထဲသို့ ၎င်းယာဉ်မောင်း၏ စကားသံများဖြင့် စိတ်မသက်မသာ ဆက်လက်တွေးနေရသည်။

“ရန်ကုန်မှာက မိုးရွာရင် ကားပိတ်တာက အစဉ်အလာလိုဖြစ်သွားပြီ။ ဘယ်လိုကြောင့် ပိတ်လဲတော့ မသိဘူး။ မိုးရွာရင်ကို ကားကပိတ်တာပဲ။ မီးပွိုင့်တွေပျက်ရင် ပိုဆိုးတယ်။ မိုးရွာရင် ယာဉ်ထိန်းက ရှာမရဘူး။ ဟိုဆုရသွားတဲ့ ယာဉ်ထိန်းဆရာကြီးလောက်ပဲ ဒီမှာက မိုးရွာတုန်းလမ်းရှင်းတာ မြင်ဖူးသေးတယ်။ ဒီမှာလည်း ကြည့်ဦး။ ကားတွေက ဟွန်းတွေတီး။ နှစ်ထပ်တွေကဖြစ်။ ကျော်ချင်တဲ့သူကကျော်။ ဘယ်သူမှ လာမရှင်းဘူး” ဟု အငှားယာဉ်မောင်း ပြန်လှန်ပြောဆိုခဲ့သည့် စကားသံများက သူကိုယ်တိုင်လည်း ကြုံတွေ့ဖူးသည့် အရာများ ဖြစ်နေခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အတူ ရန်ကုန်မြို့တွင် နေထိုင်သူများလည်း ကြုံတွေ့နေရသည့် အကြောင်းတရားများ ဖြစ်နေမလားဟုလည်း သူတွေးနေမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမျိုးသားသည် ဆက်လက်တွေးတောနေခဲ့သည်။ သူစီးလာခဲ့သည့် အငှားယာဉ်ကလည်း ဆက်လက်သွားနေဆဲဖြစ်သည်။ ယခုကဲ့သို့ကားပိတ်ခြင်းသည် YBS ဖြစ်ခြင်း၊ ကိုယ်ပိုင်ကားဖြစ်ခြင်း၊ အငှားယာဉ်ဖြစ်ခြင်းစသည်ဖြင့် မည်သည့်ယာဉ်မျိုးစားပင်ဖြစ်စေ ကြုံတွေ့နေရခြင်းလည်းဖြစ်သည် ဟု တွေးနေမိသည်။ အလားတူ သူ၏စိတ်တွင် မိုးများစွာရွာသွန်းသည့် နေ့ရက်များတွင် ယာဉ်ကြောပိုမို ပိတ်ဆို့လေ့ရှိကြောင်းလည်း တွေးတောနေမိ၏။ ယာဉ်ကြောပိတ်ဆို့စေရန် အကြောင်းတရားများစွာ ရှိနေကြောင်းလည်း သူသိနေခဲ့သည်။ သတင်းစာများနှင့် လူမှုကွန်ရက်များပေါ်တွင် ဖော်ပြထားခဲ့ပြီးသည် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများအကြောင်း သတင်းဆောင်းပါးများနှင့် သူ၏ကိုယ်တွေ့ အတွေ့အကြုံများအရလည်း ဖြစ်ပေမည်။

ထို့နောက် အဆိုပါ အမျိုးသားသည် ကားစီးနေ၍ ကားပိတ်ခြင်းကို ကြုံတွေ့နေရခြင်းဖြစ်မည်ဟု တွေးမိလိုက်သည်။ ယင်းအကြောင်းကြောင့်ပင် ထိုနေ့အပြီး နောက်ထပ်နေ့ရက်တစ်ရက် အရောက်တွင် သူသည် ရထားပြောင်းစီးရန်အတွက် မြို့ပတ်ရထား ဘူတာတစ်ခုသို့ ထွက်လာခဲ့သည်။ သူနေထိုင်သည့် နေရာသည် ဘတ်စ်ကားမှတ်တိုင်နှင့် အတန်ငယ်လှမ်းသည့် နေရာတွင်ရှိနေသော်လည်း သူ၏မြို့နယ်တွင်ရှိသည့် ဘူတာနှင့်တော့ အတော်အတန်တော့ အလှမ်းဝေး၏။ သို့ရာတွင် ထိုအမျိုးသားသည် ကားပိတ်ခြင်းမှ ခေတ္တကင်းဝေးစေလိုခြင်းအတွက် ဘူတာရုံသို့ အနှေးယာဉ်တစ်စီးငှား၍ သွားရောက်လိုက်သည်။ သူရောက်ရှိနေသည့် မြို့ပတ်ရထားဘူတာသို့ ယခင်ကလည်း သူရောက်ရှိခဲ့ဖူးသည်။

ထိုအမျိုးသားအတွက် ယခုတစ်ခေါက်မြင်တွေ့နေရသည့် ဘူတာမြင်ကွင်းသည် ယခင်ကရောက်ဖူးခဲ့သည့် မြင်ကွင်းနှင့် ကွာခြားမှုများ ရှိနေခဲ့သည်။ သူ၏ရှေ့တွင် အမှိုက်တစ်စ၊ နှစ်စ စသဖြင့် စည်းကမ်းမဲ့ ပစ်ထားကြသည့် အမှိုက်အနည်းငယ်မှလွဲ၍ ယခင်ကကဲ့သို့ အမှိုက်များ ရှုပ်ပွနေခြင်းမျိုး မတွေ့ရ။ ပုံမှန်ရှင်းလင်းထားသည့် ပုံစံမျိုးကို သူမြင်တွေ့နေရသည်။ မြို့ပတ်ရထားဘူတာရုံသည် သန့်ရှင်းနေသည်ဟု ပြော၍မရသော်လည်း အတော်ကို သပ်သပ်ရပ်ရပ်လေး ဖြစ်နေသည်ဟု သူထင်မြင်လိုက်သည်။ ဘူတာထိုင်ခုံများအနီးတစ်ဝိုက်မှ ကွမ်းတံတွေးကွက်များကြောင့် မသန့်ရှင်းဟု သူမှတ်ချက် ပေးလိုက်ခြင်းလည်းဖြစ်ပေမည်။

သို့နှင့် သူသည် မြို့ပတ်ရထား လက်မှတ်တစ်စောင်ဝယ်ယူပြီး ရထားအလာကို စောင့်နေခဲ့သည်။ ထို့နောက် မြို့ပတ်ရထားရောက်ရှိလာခဲ့ပြီး သူ ၁၀ တန်းကျောင်းသားအရွယ်ကာလကဲ့သို့ နောက်ကျခြင်းမရှိသည်ကို တွေ့ရသည်။ သတ်မှတ်ရောက်ရှိချိန်ထက် ငါးမိနစ်ခန့်မျှ နောက်ကျသော်လည်း မြန်မာနိုင်ငံဖြစ်သည့်အတွက် ဒီအချိန်ပိုင်းလောက်ကို နောက်ကျသည်ဟု မဆိုနိုင်ဟုလည်း သူထင်မြင်လိုက်သည်။ မြို့ပတ်ရထား ဘူတာထဲ ဝင်လာသည့်အချိန်တွင် ရထားတွဲများ၏ အတက်အဆင်း လှေကားများတွင် အမျိုးသားတချို့ ထိုင်နေကြသည်။ သူတို့ထဲမှ အချို့က ဘူတာတွင် ရထားစောင့်နေသည့် အမျိုးသမီးများ ဣန္ဒြေမဲ့စွာ စနောက်နေသည်ကို သူတွေ့လိုက်ရသည်။ အတက်အဆင်းလှေကားတွင် ခြေထောက်ချထိုင်နေခြင်းနှင့် အမျိုးသမီးများအား အလကားသက်သက် စနောက်ခြင်းအတွက် ၎င်းအမျိုးသားများအား ထိန်းသိမ်းဆုံးမမည့် တာဝန်ရှိသူ တစ်စုံတစ်ရာကို သူမတွေ့ရသလို ရထားတွဲပေါ်တွင်လည်း စည်းကမ်းသတ်မှတ်ချက်များကို မတွေ့ရပေ။

မြို့ပတ်ရထားပေါ်တွင်တော့ သူလူမှုကွန်ရက်ပေါ်တွင် မြင်တွေ့ဖူးခဲ့သည့် ဓာတ်ပုံများထဲကကဲ့သို့ ကုန်စည်အထုပ်အပိုးများဖြင့် ပြည့်နှက်နေခြင်းမရှိသော်လည်း ခရီးသည်များဖြင့်တော့ ပြည့်နေခဲ့သည်။ သူ၏မြင်ကွင်းထဲတွင် အချို့သော သူများသည် မိမိ၏ တစ်ကိုယ်စာနေရာထက် ပိုမိုချဲ့ကားစွာ နေရာယူ ထိုင်နေခြင်းကြောင့် ခရီးသည်အချို့ မတ်တတ်ရပ်လိုက်စီးနေရသည်။ တွဲပေါ်တွင်တော့ ဘူတာမှာကဲ့သို့သော ကွမ်းတံတွေးများကို မတွေ့ရဟု သူတွေ့လိုက်ရသည်။ ရထားတွဲတွင်လည်း ပုံမှန်သန့်ရှင်းရေး ပြုလုပ်ထားသည့် ပုံစံမျိုးဟု သူထင်မြင်လိုက်သည်။

ရထားဆိုက်အပြီး နှစ်မိနစ်ကျော်အကြာတွင် ရထားစတင် ထွက်ခွာခဲ့သည်။ ဘူတာသုံးခုခန့်အပြီးတွင် ထိုအမျိုးသားသည် သူသွားလိုသည့် ရန်ကုန်မြို့ထဲနှင့် အနီးဆုံးဖြစ်သည့် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိလာခဲ့သည်။ ဘူတာကြီးတွင် ချိတ်ဆွဲထားသည့် နာရီကြီးမှ အချိန်ကို ကြည့်လိုက်ပြီး သူအံ့အားသင့်သွားခဲ့သည်။ သူနေသည့် နေရာနှင့် ယခုသူရောက်ရှိနေသည့် နေရာသို့ ကားဖြင့်လာမည်ဆိုပါက အချိန်တစ်နာရီခန့်မျှ ယူရမည်ဖြစ်သော်လည်း ၁၀ မိနစ်ခန့်မျှသာ ကြာမြင့်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုများလည်း ကြုံတွေ့ခဲ့ရခြင်းမရှိ။ သူ့အတွက်ပေးရသည့် အချိန်တော်တော် သက်သွားခဲ့သည်ဟု သူထင်မြင်လိုက်သည်။

ထို့ကြောင့် သူသွားလိုသည့်နေရာသို့ သွားပြီးနောက် သူပြန်လာသည့်အချိန်တွင်လည်း မြို့ပတ်ရထားဖြင့်သာ စီးပြန်ရန် ဆုံးဖြတ်လိုက်သည်။ တစ်နေ့တာကို ကုန်လွန်အပြီး ညနေစောင်းအချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အဆိုပါ အမျိုးသားသည် မြို့ပတ်ရထားဖြင့်သာ အိမ်သို့ပြန်ရန်အတွက် ရန်ကုန်ဘူတာကြီးသို့ပင် ပြန်လာခဲ့သည်။ သူသည် ရထားလက်မှတ်ကို ဖြတ်လိုက်သည်။ ယင်းနောက် ရထားလာမည့်အချိန်ကို စောင့်နေလိုက်သည်။ သတ်မှတ်သည့်အချိန်ထက် မိနစ် ၂၀ ခန့် ကုန်လွန်ပြီးသည့်အချိန်၌ သူစီးရမည့် ရထားသည် ရောက်ရှိလာခဲ့သည်။ ဘူတာကြီးဖြစ်သည့်အတွက် ရထားထွက်ရန် အချိန်တစ်ခုခန့် ထပ်စောင့်ရဦးမည် ဖြစ်သည်။

ရထားမထွက်ခင်အချိန်တွင် စိတ်ကသိကအောင့် ဖြစ်စရာများကို သူကြုံတွေ့လိုက်ရပြန်သည်။ မျက်နှာခြင်းဆိုင် တင်ပျင်ခွေထိုင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားနှင့် အမျိုးသမီးတို့ကြောင့် သူတို့၏ရှေ့တွင် အခြားသောခရီးသည်များ မတ်တပ်ရပ်နေရသည်။ သူတို့သည် အခြားသောခရီးသည်များထက် လေးယောက်စာခန်ရှိမည့် နေရာအား ကျယ်ဝန်းစွာယူပြီး  သက်သက်သာသာပင် ထိုင်နေကြသည်။ ထို့ပြင် စာရွက်အပိုင်းလေးများ လက်ထဲထိုးပေး၍ ငွေကြေးတောင်းခံသူအချို့ကြောင့်လည်း သူစိတ်ရှုပ်လာခဲ့သည်။ တာဝန်ရှိသူတစ်ဦးဦးကို တိုင်ကြားရန်အတွက်လည်း မည်သူမျှမရှိ။ လက်မှတ်ပင်လာစစ်မည့်သူမရှိ။ စည်ကမ်းချက်များ ရေးထားသည့် စာရွက်ပင်မရှိ။ စည်းကမ်းမဲ့မှုများအတွက် တိုင်ကြားရန် ဖုန်းနံပါတ်ပင် သူမတွေ့ခဲ့ရ။

သို့နှင့် ရထားထွက်ခွာလာခဲ့ပြီး အဆိုပါအမျိုးသားသည် သူနေထိုင်ရာမြို့နယ်ရှိ ဘူတာသို့ ရောက်ရှိလာခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရန်အတွက် ရထားလာစီးခဲ့ခြင်းဖြစ်သည့်အတွက် အိမ်ပြန်ရန်အတွက် အနှေးယာဉ်စီးရပေဦးမည်။ အနှေးယာဉ်မစီးပါက နာရီဝက်ကျော်ခန့် ခြေကျင်လျှောက်ရမည်လည်း ဖြစ်သည်။ ကားပိတ်ခြင်းကို သူကြောက်သဖြင့် သူသည်ရထားစီးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ရထားဘူတာသည် သူ၏ အလုပ်ရှိသည့်နေရာနှင့် ဘတ်စ်ကားတစ်မှတ်တိုင်ခန့် မက ဝေး၏။ ထို့အတူ သူ၏ နေအိမ်နှင့်လည်း ဘူတာသည် အတော်လှမ်းနေပြန်သည်။ သူ၏စိတ်ထဲတွင်လည်း နောက်တစ်ရက် ရန်ကုန်မြို့တွင် မည်သို့သွားလာရမည်ကို တွေးမိနေသည်။ ကားတွေက ပိတ်လှသလို ရထားဘူတာတွေကလည်း ဝေးလှသည်ဟူ၍ ဖြစ်သည်။       

 

 

Most Read

Most Recent