ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ကျောင်းသား ကျောင်းသူများသည် အစမ်းသပ်ခံမဟုတ်ပါ

ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ကျောင်းသား ကျောင်းသူများသည် အစမ်းသပ်ခံမဟုတ်ပါ
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံကျောင်းများ ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် အမက (၃၄) ကျောင်းတွင် စတင်ပညာသင်ယူရန် ကျောင်းသို့ ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထွန်း)
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံကျောင်းများ ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် အမက (၃၄) ကျောင်းတွင် စတင်ပညာသင်ယူရန် ကျောင်းသို့ ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထွန်း)
Published 9 June 2019
ဇော်မင်းနိုင်၊ လွင်မျိုးသူ

“နိုင်ငံတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုဆိုတာဟာ လူသားရင်းမြစ် (Human Resource) နဲ့ ဘယ်လောက်အထိ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်နိုင်စွမ်းရှိသလဲ အပေါ်မှာ မူတည်ပါတယ်။ လူသားရင်းမြစ်တွေ တန်ဖိုးတက်လာဖို့ အရည်အသွေးရှိသော ပညာရေးကို ခိုင်မာအောင် ကျွန်မတို့ တည်ဆောက်ကြရမှာဖြစ်ပြီး ဒီလိုအရည်အသွေးရှိတဲ့ ပညာရေးကို တည်ဆောက်နိုင်ဖို့ များစွာရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်” ဟု နေပြည်တော်တွင် ပြုလုပ်သည့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

လက်ရှိ အမျိုးသား ဒီမိုကရေစီ အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲ ရေးတွင်လည်း ပညာရေးကဏ္ဍ ပြုပြင်မှုများ ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။

ပညာရေးစနစ်ကို အဓိက ပြု ပြင် ပြောင်းလဲသည့် အနေဖြင့် အစိုးရသည် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀)ကို ရေးဆွဲခဲ့သည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) အရ (Kindergartens) နှင့် မူလတန်း ငါးနှစ်၊ အလယ်တန်း လေးနှစ်နှင့် အထက်တန်းသုံးနှစ် (KG + 12) စနစ်ကို စတင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်းကို သင်ရိုးညွှန်းတမ်းသစ်ဖြင့် စတင်ပြောင်းလဲ သင်ကြားခဲ့သည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်း (Grade – 1) ကို သင်ရိုးညွှန်းတမ်း ပြောင်းလဲသင်ကြားခဲ့သည်။၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း (Grade – 2) ကို သင်ရိုးညွှန်းတမ်း ပြောင်းလဲ သင်ကြားခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းကိုလည်း စိတ်ကြိုက် မြန်မာစာမှလွဲ၍ ကျန်ဘာသာရပ် အားလုံး၏ မေးခွန်းပုံစံသစ်များကို ပြောင်းလဲထားသည်။

ထိုမေးခွန်း ပုံစံသစ်တွင် ဘာသာရပ်အားလုံး၌ လွယ်၊ သင့်၊ ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ်သည်။ 

ယခုသင်ကြားနေသော၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင်လည်း တတိယတန်း (Grade – 3) နှင့်  ဆဋ္ဌမတန်း (Grade – 6) တို့ကို သင်ရိုးညွှန်းတမ်းသစ်ဖြင့် ပြောင်းလဲသင်ကြားလျက်ရှိသည်။

ထို့ပြင် ပညာရေးကဏ္ဍအတွက် ယခုနှစ်တွင် ဘတ်ဂျက်များ တိုးမြှင့်ထားသည်။ ပြည်ထောင်စု၏ စုစုပေါင်း ဘတ်ဂျက်တွင် အသုံးအများဆုံး ဘတ်ဂျက်အဖြစ် အဆင့် (၄) နေရာတွင် ရှိနေပြီး ၈ ဒသမ ၈ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်သည်။

ပညာရေးဘတ်ဂျက်၏ ရှေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ကာကွယ်ရေး အသုံးစရိတ်များရှိသည်။ ယင်းသို့ အသုံးပြုခြင်းမှာ ယခင်နှစ်များထက် ပိုမိုများပြားလာခြင်းလည်း ဖြစ်သည်။

နယ်ကျော် ကျောင်းအပ်လက်မခံခြင်းနှင့် တစ်ပတ်ခန့် ကျောင်းမတက်ရသေးသည့် ကလေးငယ်များ

ပညာရေး ပြုပြင်ပြောင်းလဲမှုများအနက် အလှုပ်ခတ်ဆုံးမှာ နယ်ကျော် ကျောင်းအပ်လက်မခံခြင်းပင် ဖြစ်သည်။

ယခုနှစ်တွင် ကျောင်းသားများ နှင့် ဆရာအချိုး ညီမျှမှုရှိစေရန်၊ ကျောင်းသားနှင့် စာသင်ခန်းအချိုး မျှတမှုရှိစေရန်၊ လာဘ်စားမှုများ မဖြစ်ပေါ်စေရန်နှင့် ယာဉ်ကြောကျပ် တည်းမှုများ လျော့ကျစေရန် ရည်ရွယ်ပြီး ကျောင်းများတွင် ၎င်းတို့ တည်နေရာအလိုက် ခွဲခြား၍ ကျောင်းနယ်မြေများ (Catchment Area) သတ်မှတ်၍ နယ်ကျော် ကျောင်းအပ် လက်မခံသည့်စနစ်ကို ချမှတ်လိုက်သည်။

ထိုစနစ်အရ ကျောင်းတည်ရှိရာ ရပ်ကွက်ရှိ ကျောင်းသူကျောင်း သားများသည် အခြားမြို့နယ်ရှိ ကျောင်းများသို့  နယ်ကျော်ကျောင်းအပ်နှံခြင်း မပြုလုပ်ရတော့ဘဲ ၎င်းင်းတို့နေထိုင် ရာရပ်ကွက်အတွင်းရှိ ကျောင်းများ၌သာ အပ်နှံရတော့မည်ဖြစ်သည်။

အောင်ချက်ရာခိုင်နှုန်း မြင့်မားခြင်း၊ စာသင်ခန်းများ ကောင်းမွန်ခြင်း၊ သင်ထောက်ကူ ပစ္စည်းများ စုံလင်ခြင်း စသည့်အချက်များကြောင့် ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများတွင် ၎င်းတို့၏ သားသမီးများကို ကျောင်းအပ်ခွင့်ရရန် ငွေကုန်ကြေးကျခံ ကြိုးစားကြသည်။

“ကျောင်းတစ်ကျောင်းမှာ သူ့ မြို့နယ်ထဲမှာရှိတဲ့ ကလေးတွေကလည်း နေမယ်။ တခြားမြို့နယ်က ကလေးတွေပါ လာတက်ရင်တော့ အဆင်မပြေတော့ဘူး။ တကယ့်ကျောင်းရဲ့ ဝင်ဆံ့အင်အားပေါ်ကိုလည်း ကြည့်ရမယ်။ ဝင်ဆံ့အင်အား ဆိုတာ စာသင်ခန်းထဲ တစ်ခန်းတည်း မှာ သူ့ဝင်ဆံ့အင်အားက လူ ၃၀ ထည့်နိုင်ရင်  ၃၀ လောက်ကို သင်တာအဆင်ပြေတယ်။ ဒီစာသင်ခန်း ၂၀ ပေ-၃၀ ပေ ပတ်လည်ထဲမှာ လူ ၇၀ လောက်ထည့်တာ ဘယ်လိုမှ စာသင်လို့မရဘူး။ ဒါကြောင့်မို့လို့ ကလေးတွေအတွက် အကောင်းဆုံး ဖြစ်ဖို့ဆိုပြီး Catchment ကို ပိုင်းထားခဲ့တယ်” ဟုရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောကြားသည်။

ရန်ကုန်မြို့၏ နာမည်ကြီး ကျောင်းများဖြစ်သော ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (တီတီစီ ကမာရွတ်)၊ အထက (၁) ဒဂုံ၊ အထက (၂) ကမာရွတ်၊ အထက (၂) လသာ၊ အထက (၆) ဗိုလ်တထောင် အပါအဝင် အခြားနာမည်ကြီး ကျောင်းများ၌ ၎င်းတို့၏ သားသမီးများ ကျောင်းတက်ခွင့်ရရှိရန် ကြိုးပမ်းနေသော မိဘများမှာ နှစ်စဉ်နှစ်တိုင်း တစ်ပုံတစ်ပင်ရှိကြသည်။

“အနီးအနားရပ်ကွက်ထဲက ကျောင်းတွေက အသင်အပြကောင်းရင် အကြောင်းမဟုတ်ဘူး။ အသင်အပြ မကောင်းဘူးဆိုရင် အိမ်နဲ့သာ နီးတယ်။ တက်ပြီး အလကားပဲ။ အခု စိန်ပေါလ်ကျောင်းဆို စည်းကမ်းလည်း ကြီးတယ်။ အသင်အပြ ကောင်းတယ်ဆိုလို့ ကလေးကို ဒီကျောင်းမှာပဲထားမယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သော ကျောင်းသားမိခင် တစ်ဦးဖြစ်သည့် ဒေါ်ခင်မျိုးသက်က ပြောကြားသည်။

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (တီတီစီ၊ ကမာရွတ်) တွင် သူငယ်တန်း ကျောင်းတက်ခွင့်အတွက် ကျောင်းအပ်နှံခွင့် လျှောက်လွှာများ ထုတ်ယူသော ကျောင်းသားမိဘများကို ကျောင်းအပ်နှံခွင့် မေ၂၅ ရက် မတိုင်မီကတည်းက တီတီစီကျောင်းတွင် တွေ့ခဲ့ရသည်။

ကမာရွတ် တီတီစီတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် လက်ရှိတာဝန် ထမ်းဆောင်နေသော ဆရာ ဆရာမများနှင့် ဝန်ထမ်းသားသမီး အရင်းအချာများ၊ ကျောင်းတက်ရောက်ရန် ကန့်သတ်နယ်မြေ ဖြစ်သော ကမာရွတ်မြို့နယ်(၉)ရပ် ကွက်အတွင်း ရှိတက္ကသိုလ်ဆရာများ အဆောင်၊ တက္ကသိုလ်ရေကူးကန် ( အဟောင်း)၊ တက္ကသိုလ်များအားက စားကွင်း၊ အမှတ် (၁) တက္ကသိုလ် လေ့ကျင့်ရေးတပ်၊ တက္ကသိုလ်များ ပုံနှိပ်တိုက်၊ ဆေးတက္ကသိုလ် (၁) ဝင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ဝင်း၊ သထုံလမ်း၊ အဓိပတိလမ်း၊ ရန် ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့် ရေး အထက်တန်းကျောင်းဝင်း၊ ပညာ့ရိပ်သာလမ်း၊ အမျိုးသားပညာ ရေးမူဝါဒ ကော်မရှင်ဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ ဝင်း)၊ ဇော်ဂျီလမ်း (ဟံသာဝတီအဝိုင်းမှ အင်းလျားလမ်းအထိ)၊ အင်းလျားလမ်း (တက္ကသိုလ်ရိပ်သာလမ်းမှ ဇော်ဂျီလမ်းအထိ) စသည်တို့တွင် အခြေတကျ နေထိုင်သူများ၏ သားသမီး အရင်းအချာများသာ တက်ရောက်ရမည်ဖြစ်ကြောင်း  ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (တီတီစီ ကမာရွတ်) ကျောင်းဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က သတ်မှတ်ထားသည်။

ထို့ပြင် ကျောင်းတက်ရောက်ရန် ကန့်သတ်နယ်မြေ Catchment Area အတွင်းရှိ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်၊ အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ပါမောက္ခချုပ်များ ကော်မတီ၊ အမျိုးသား ပညာရေးနှင့် အရည်အသွေး အာမခံမှု၊ အကဲဖြတ်ရေး ကော်မတီ၊ ကျောင်းပြင်ပနှင့် တစ်သက်တာဦးစီးဌာန၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၊ ပညာရေး သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီးအရင်းအချာ များသည်လည်း ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ကျောင်းတက်ခွင့် ရရှိသည်။

ထိုသို့ တီတီစီကျောင်းတွင် ကျောင်းနယ်မြေ သတ်မှတ်ထားသော်လည်း သူငယ်တန်း (KG) ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူနေသော ကျောင်းသားမိဘများကို ၁၀၀ ထက်မနည်း တွေ့ခဲ့ရသည်။

“ဒီကျောင်းက (တီတီစီ) ဘာတစ်ခုကွာသွားလဲဆိုတော့ သူများကျောင်းတွေဆိုရင် ဖောင်တွေထုတ်ရတယ်၊ တင်ရတယ်။ ဒီကျောင်းမှာတော့ ဖောင်ထုတ်ရတယ်။ ဖောင်ထုတ်ရင်လည်း တန်းစီရတယ်။ ပြီးလို့ရှိရင် အိမ်ထောင်စုစာရင်းမူရင်းနဲ့ မှတ်ပုံတင်ပြရတယ်။ အဓိကကတော့ တန်းစီရတယ်၊ လူများလို့” ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးအေးမင်းစိုးက ပြောကြားသည်။

Catchment Area ခွဲ၍ နယ်ကျော် ကျောင်းအပ်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်လိုက်သောကြောင့် ကျောင်းသားမိဘများ ဗျာများခဲ့ကြသည်။

“နယ်မြေကျော် ကျောင်းအပ်လက်မခံတဲ့ အစီအစဉ်ကတော့ ကောင်းတယ်။ ဒါပေမဲ့ အဲဒီစနစ်က ကောင်းတယ် ဆိုပေမယ့် အိမ်နားက ကျောင်းက သင်ကြားမှုကလည်း ဒါပဲ။ Facilities ကလည်း ဒါပဲ။ ဆရာမတွေရဲ့ Skill ကလည်း ဒါပဲဆိုရင်တော့ ကိစ္စမရှိဘူး။ အဲဒီလိုမှ မဟုတ်တာ” ဟု ကျောင်းသားမိဘ ဦးအေးမင်းစိုးက ပြောကြားသည်။

နယ်ကျော်ကျောင်းအပ် လက်မခံသည့် အစီအစဉ်ကြောင့် ပေါက်စျေးတစ်ခု ဖြစ်လာခဲ့တဲ့ ပညာရေး

ယခင်နှစ်များက နာမည်ကြီး ကျောင်းများတွင် ကျောင်းအပ်နှံနိုင်ရန် ကျောင်းအုပ်ဆရာမကြီးကို ကျောင်းဖွံ့ဖြိုးကြေးပေး၍ ရသော်လည်း ယခုနှစ်တွင် ထိုသို့ အဂတိများ မဖြစ်ပေါ်စေရန် ကျောင်းသား လက်ခံခြင်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ကျောင်းသားစိစစ် လက်ခံရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့တွင် ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ် ပညာရေးမှူးက အဖွဲ့ဝင်၊ မိဘဆရာအသင်း ဒုဥက္ကဋ္ဌက အဖွဲ့ဝင်၊ ထက်/လယ်/မူ အဆင့်အလိုက် ဆရာကိုယ်စား လှယ်တစ်ဦးစီက အဖွဲ့ဝင်နှင့် မိဘဆရာအသင်း အတွင်းရေးမှူးက အတွင်းရေးမှူး အဖြစ်ပါဝင်သည်။ ကျောင်းသားအ သစ်များကို လက်ခံရာတွင် သတ်မှတ်နယ်မြေအတွင်း သန်းခေါင်စာ ရင်းသက်တမ်း ခြောက်လနှင့်အထက် ရှိသူများသာ လက်ခံခဲ့သည်။

နယ်မြေကျော် ကျောင်းအပ်နှံမှု မရှိအောင် ကျောင်းသူကျောင်းသားများ၏ သန်းခေါင်စာရင်းကို စစ်ဆေးမည် ဖြစ်မည်ဟု ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့  သတ်မှတ်စစ်ဆေးမည် ဖြစ်သောကြောင့် နာမည်ကြီး ကျောင်းများတွင် သားသမီးများ ကျောင်းတက်ရောက်နိုင်ရေး အတွက် ကျောင်းနယ်မြေအတွင်းနေ ထိုင်သူများ၏ သန်းခေါင်စာရင်းများသို့ ယာယီပြောင်းရွှေ့မှုများ ရှိခဲ့ သည်။

ထိုသို့ သန်းခေါင်စာရင်းယာ ယီပြောင်းရွှေ့မှုသည် အခကြေးငွေပေးရပြီး ကျောင်းအလိုက်စျေးနှုန်း ကွာခြားမှုများရှိကာ ကျပ်သုံးသိန်းမှ  ခုနစ်သိန်းအတွင်း ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။

“လဝကမှာ သန်းခေါင်စာရင်း ပြောင်းပြီး လုပ်တာတွေရှိတယ်။ တချို့တွေက ရင်းနှီးကျတော့ မကုန်ဘူး။ တချို့က နှစ်သိန်း၊ နှစ်သိန်းခွဲကနေပြီးတော့ ခုနစ်သိန်းခွဲလောက်အထိ ပေါက်စျေးရှိတယ်။ အစ်မကတော့ သန်းခေါင်စာရင်း အဝင်အထွက် ပြောင်းတာတင် သုံးသိန်းလောက်ကုန်တယ်” ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဒေါ်မိုးမိုးက ပြောကြားသည်။

ထို့ပြင် နာမည်ကြီးကျောင်းများတွင် ကျောင်းအပ်နှံခွင့် ရရှိရေးအတွက် အခြားနည်းများဖြင့် ကြိုးပမ်းနေသော မိဘများလည်း ရှိကြသည်။

“ကျောင်းအပ်လို့ရတယ်ပိုက် ဆံပေး ဘာညာဆိုပြီး လုပ်တဲ့ ပွဲစားတွေရှိတယ်။ဆရာမတွေနဲ့ ပိုင်တယ် အပ်ခွင့်ရအောင် လုပ်ပေးမယ် ဘယ် လောက်ပေးပြီး လုပ်တာ။ တချို့တွေ က မယုံတော့မယုံဘူး ကံစမ်းကြည့် တာ အလိမ်ခံရသွားရော။ ၃-၄ ယောက်လောက်လိမ်သွားတာ။ မိဘ တွေက ပိုက်ဆံရှိတဲ့ လူတွေဆိုတော့လည်း ပိုက်ဆံရှိတယ်လို့ မဟုတ်ပါဘူး။ ကိုယ့်သားသမီး ဒီကျောင်းမှာ တက်ခွင့်ရဖို့ လုပ်တော့ ရင်းနှီးလိုက်တာ ပါသွားရော” ဟု ဦးအေးမင်းစိုးက ပြောကြားသည်။

ထိုသို့ ငွေကုန်ကြေးကျခံ၍ နာမည်ကြီးကျောင်းများတွင် ကျောင်းအပ်နှံခွင့်ရရေးအတွက် ကြိုးပမ်းခဲ့သော်လည်း  သန်းခေါင်စာရင်း ခြောက်လမပြည့်ဟုဆိုကာ ယင်းကျောင်းတွင် သူငယ်တန်း အပ်နှံခွင့် မရရှိသော ကျောင်းသူ ကျောင်းသားများလည်း ရှိနေသည်။

အမက (၂) ကမာရွတ်၊ တီတီစီ ကမာရွတ်နှင့် အထက (၂) ကမာရွတ် ကျောင်းများတွင် ကျောင်းအပ်နှံခွင့် ပယ်ချခံခဲ့ရသော ကျောင်းသူ ကျောင်းသား ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

“ဘယ်လိုကြောင့် ကျောင်းတက်ဖို့ ပြုတ်ကျကျန်ခဲ့လဲဆိုတော့ သန်းခေါင်စာရင်း ခြောက်လ မပြည့်လို့။ သူတို့ Requirements တွေနဲ့ညီမှ ဖောင်ထုတ်ပေးတာလေ။ ဖောင်တင်တော့လည်း စစ်တယ်လေ။ စစ်ပြီးတော့ နောက်ပိုင်း ကျောင်းတက်ဖို့ မပါတော့ဘူး။ မေလ ၃၁ ရက်နေ့ညမှ ကျောင်းအပ်ခွင့် ရမရဆိုပြီး ထုတ်ပြန်တာ။ အယောက် ၁၀၀ လောက်က ကျောင်းအပ်ခွင့် မရှိတော့ဘူး ဆိုတော့ အခုထိကျောင်း မတက်ရသေးဘူး ဖြစ်နေတယ်” ဟု တီတီစီ(ကမာရွတ်) တွင် ၎င်း၏သားသမီး ကျောင်အပ်နှံခွင့် မရရှိသည့် မိဘတစ်ဦးက ပြောကြားသည်။

ငွေကုန်၊ လူပင်ပန်း၍ နည်းလမ်းအမျိုးမျိုးဖြင့် နာမည်ကြီးကျောင်း၌ ကျောင်းတက်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော မိဘများ၏ ကြိုးစားမှုသည် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

“သန်းခေါင်စာရင်းရှိရင် ကျောင်းအပ်လို့ရပြီပြောပြီး သန်းခေါင်စာရင်းရအောင် လုပ်လိုက်တယ်။ သန်းခေါင်စာရင်းရတော့ ကျောင်းဖောင် သွားထုတ်တယ်။ ကျောင်းဖောင်ရတော့ ပျော်ရွှင်စွာနဲ့ပဲ ကျောင်းဝတ်စုံတွေ ဝယ်တယ်။ အကုန်ပြင်ဆင်ပြီးကာမှ သန်းခေါင်စာရင်းက ခြောက်လမပြည့်လို့ ပယ်ပါတယ်ဆိုပြီး ပယ်ခံရတယ်” ဟု အမက (၂) ကမာရွတ်မြို့နယ်တွင် ကျောင်းအပ်နှံခွင့်မရသော ကျောင်းသားမိဘ ဒေါ်မိုးမိုးက ပြောသည်။

သန်းခေါင်စာရင်း အဝင်အထွက် ပြောင်းရွှေ့ကြေးများ၊ သူငယ်တန်း ဝင်ခွင့်ဖောင်ထုတ်ရန် လူအုပ်ကြား အပြေးအလွှား ထုတ်ယူခဲ့သော လူပင်ပန်းမှုများသည် အရာမထင်ခဲ့ပေ။

“သန်းခေါင်စာရင်း ခြောက်လမပြည့်ရင် လက်မခံဘူးဆိုတာကနဂို ကတည်းက ကြေညာထားပြီးသား။ အတုတွေ လုပ်နေတာကတော့ ဥပဒေကို ချိုးဖောက်တာ။ ဒီနိုင်ငံက ဥပဒေကို မလိုက်နာတဲ့ အတွက်ကြောင့် အခုဥပဒေကို လိုက်ဆွဲနေတာလေ” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောကြားသည်။

တစ်ဖန် တီတီစီ ကမာရွတ် ကျောင်း၌သာ မွေးချင်းညီအစ်ကို မောင်နှမ အရင်းအချာရှိသည့် ကျောင်းသူ ကျောင်းသားများကို ကျောင်းအပ်နှံခွင့်ရရှိပြီး အခြားမည် သည့် ကျောင်းတွင်မှ မွေးချင်းညီ အစ်ကို မောင်နှမရင်းချာရှိစေကာမူ နယ်ကျော်ကျောင်းအပ်၍ မရပေ။

ထိုစနစ်သည်လည်း ကျောင်းသားမိဘများကြားတွင် ပြောစရာ ဖြစ်ခဲ့ရသည်။

နယ်မြေကျော် ကျောင်းများတွင် မွေးချင်းအစ်ကိုအစ်မများ ရှိသော်လည်း သူငယ်တန်းဝင်ခွင့် မရှိသောကြောင့် ကျောင်းသားမိဘများက အခက်အခဲများ ရှိနေကြောင်း သိရသည်။

“မိဘတွေ အခက်အခဲကအကြီး ဒီကျောင်းပို့၊ အငယ်က ရပ်ကွက်က ကျောင်းပို့ဆိုရင် မိဘတွေက ဟိုဘက်ကျောင်းရော ဒီဘက်ကျောင်းရောဆိုရင် အလုပ်အကိုင် တစ်ဖက်တွေနဲ့ အကြိုအပို့ကို ဘယ်လိုပုံစံနဲ့ သွားလုပ်ရမလဲ” ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးအောင်လေးက ပြောကြားသည်။

ထို့ကြောင့် ကျောင်းသားမိဘ များက မြို့နယ်ပညာရေးမှူးရုံးထံ သွား၍ နယ်မြေကျော်နေသော် လည်း မွေးချင်းမောင်နှမများ ရှိပါက ကျောင်း အပ်ခွင့်ပေးရန် သွားရောက် တောင်းဆိုခဲ့ကြောင်း ကျောင်းသား မိဘတစ်ဦးဖြစ်သည့် ဦးကံစိန်က ပြောကြားသည်။

မေ ၂၆ ရက် ကတည်းက စာတင်ပြ တောင်းဆိုထားသော်လည်း ကျောင်းဖွင့်ရက်ကျော်လွန်သည်အထိ  တိုင်းပညာရေးမှူးရုံးမှ မည့်သည့် အကြောင်းကြားစာ ပြန်ကြားခြင်း မရှိသောကြောင့် ကလေးများ ကျောင်း မတက်ရသေးကြောင်း ကျောင်းသား မိဘအချို့က ပြောကြားသည်။

“သူများကလေးတွေ ကျောင်း တက်နေရချိန်မှာ အခုထိ အစ်ကိုတို့ ကလေးတွေ မျက်နှာငယ်နဲ့ ကျောင်း မတက်ရသေးဘူး။ မိဘတွေကဘယ် နေ့များ ကျောင်းအပ်လက်ခံမလဲ ဆိုတာကိုစောင့်စားနေတာ။ လက်မခံဘူးလို့ အစောကြီးကတည်းက ပြောရင် ကျောင်းသားမိဘတွေက တခြားကျောင်းမှာ သွားပြီးအပ်မယ်။ ၃၀ ရက်နေ့က(မေလ) စာတင် ခိုင်းတယ်။ အကုန်လုံး အယောက် ၁၀၀ လောက်ရှိတယ်။ စာတင်ထား ကြတယ်။ ဖောင်တွေဖြည့်ရတယ်” ဟု အထက ၂ (ကမာရွတ်) တွင် မွေးချင်းရှိသော်လည်း သူငယ်တန်း တက်ရောက်ခွင့် မရရှိသည့် ကျောင်းသားတစ်ဦး၏ဖခင် ဦးအောင်လေးက ပြောကြားသည်။

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည်မှာ တစ်ပတ်ပြည့်သည့်တိုင် အကြောင်းပြန်စာ မရရှိသောကြောင့် ကလေးများ သူများနည်းတူ ကျောင်းစာသင်ခန်း ထဲသို့ မရောက်ရှိခဲ့ပေ။

“ကျောင်းတက်ခွင့်မရတာမျိုး မဟုတ်ဘူး။ သူတက်ချင်တဲ့ကျောင်းကို ဆန္ဒပြုနေတဲ့ အတွက်ကြောင့် တက်လို့ မရတာ” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောကြားသည်။

ယင်းသို့ ကျောင်းနယ်ကျော် အပ်နှံခွင့်မရှိသည့် စည်းကမ်းချက်မှာ ယခင်ကတည်းကရှိပြီး ယခုနှစ်တွင် ပိုမိုတင်းကျပ်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

“အခုနှစ်မှ မဟုတ်ပါဘူး။ ခါ တိုင်းနှစ်လည်း ဒီလိုမျိုးပဲ။ တစ်ပြည်လုံးလည်းဒီလိုပဲ။ ကျောင်းအပ် လက်ခံ ရင် နိုင်ငံတော်ဘဏ္ဍာနဲ့ ကျောင်း တည်ထားတယ်။ ဧရိယာမှာရှိတဲ့ ကလေးတွေအတွက် ရည်ရွယ်တာပါ။ နှစ်တိုင်းလည်း အတူတူပဲ။ သို့သော် ဒီနှစ်တော့ပိုပြီးတော့ နည်းနည်းလေး စည်းကမ်းကို တိတိကျကျလေး ဆောင်ရွက်တာပေ့ါ” ဟု ဦးဝင်းမော်ထွန်းက ပြောကြားသည်။

လက်ရှိတွင် ကျောင်းအပ်နှံခွင့် မရရှိသည့် မိဘများကလည်း ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ ထားရှိရန် ပြင်ဆင်နေကြသည်။

ရပ်ကွက်ထဲရှိ စာသင်ကျောင်းများ၏ ကျောင်းစာသင်ခန်း၊ စာသင် ခုံမပြည့်စုံခြင်း၊ သင်ထောက်ကူ ပစ္စည်းများ မစုံလင်ခြင်းနှင့် ဆရာဆရာ မများ၏ သင်ကြားမှုများအပေါ် မေးခွန်းများထုတ်၍ ရပ်ကွက်ကျောင်း များတွင် အပ်နှံရန်ကျောင်းသားမိဘ အများစု တွန့်ဆုတ်နေကြသည်။

တိုးလိုက်သည့် စာသင်ချိန်များက ကျောင်းသားကျောင်းသူများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလား

အခြေခံပညာ အတန်းအသီးသီး၏ စာသင်ချိန်များကို မတ်လကုန်အထိ တက်ရောက်ရတော့မည်ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဧပြီ ၂၁ ရက်တွင် တီတီစီ ကမာရွတ်၌ ပြောကြားခဲ့သည်။

အခြေခံပညာ အတန်းအသီးသီးရှိ စာသင်ချိန်များကို ဇွန်လမှ ဖေဖော်ဝါရီအထိ ပုံမှန်တက်ရောက်လျက်ရှိပြီး  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ ဇွန်လမှ မတ်လအထိ တိုးမြှင့်တက်ရောက်ရမည် ဖြစ်သည်။

ထိုသို့ တိုးမြှင့်လိုက်ခြင်းဖြင့် စာသင်ချိန် အပြည့်အဝ ရရှိသွားမည် ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

“မတ် ၃၁ ရက်အထိကတော့ ကျောင်းကို ၁၀ လ အပြည့်တက်ဖို့ အဲဒီလို တက်လိုက်ခြင်းအားဖြင့် ကလေးတွေလည်း သင်ကြားဖို့ အချိန်ပိုရသွားတာပေါ့” ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ထို့ပြင် စတုတ္ထတန်း၊ အဋ္ဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းမှလွဲ၍ အခြေခံပညာ အတန်းများ၏ အခန်းဆုံး၊ နှစ်ဝက်ဆုံးနှင့် နှစ်ဆုံးစာမေးပွဲများ ပထမအကြိမ် စစ်ဆေးခြင်းကို ဇူလိုင်၊ သြဂုတ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်စစ်ဆေးခြင်းကို အောက်တိုဘာတွင်လည်း ကောင်း၊ တတိယအကြိမ် စစ်ဆေးခြင်းကို ဒီ ဇင်ဘာတွင် လည်းကောင်း၊ စတုတ္ထ အကြိမ် စစ်ဆေးခြင်းကို ဖေဖော်ဝါ ရီတွင်လည်းကောင်း  စစ်ဆေးလျက် ရှိနေခြင်းဖြစ်သည်။

ပြောင်းလဲလိုက်သည့် စနစ်သစ်ကြောင့် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်မှစ၍ ပထမအကြိမ် စစ်ဆေးခြင်း ကို ဇူလိုင်နှင့် သြဂုတ်တွင်လည်း ကောင်း၊ ဒုတိယအကြိမ် စစ်ဆေး ခြင်းကို အောက်တိုဘာတွင်လည်း ကောင်း၊ တတိယအကြိမ်စစ်ဆေး ခြင်းကို ဒီဇင်ဘာတွင်လည်းကောင်း၊ စတုတ္ထအကြိမ်စစ်ဆေးခြင်းကို မတ်လ နောက်ဆုံးပတ်တွင် လည်းကောင်း ပြောင်းလဲစစ်ဆေးမည်ဖြစ်သည်။

ယခင်ကတည်းက ပညာရေး ပြက္ခဒိန်တွင် စာသင်ချိန်ကို မေလမှ မတ်လအထိ သတ်မှတ်ထားပြီး ဆရာဆရာမများက ကျောင်းတွင် အတက်ပြရခြင်းဖြစ်သည်။

တိုးမြှင့်လိုက်သည့် စာသင်ချိန် များမှာ ယခင်ကတည်းက သတ်မှတ် ထားသည့် စာသင်ချိန်များဖြစ်ပြီး ကလေးများအတွက် စာသင်ချိန် အပြည့်အဝ လိုချင်သဖြင့် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

“သတ်မှတ်လိုက်တာက စာသင်ချိန် အပြည့်အဝ လိုချင်လို့လေ။ စာသင်ချိန်က သတ်မှတ်ထားပြီးသားပဲ။ အခုမှ ထပ်တိုးတာ မဟုတ်ဘူး။ စကတည်းက သတ်မှတ်ပြီး သား။ မတ် ၃၁ ရက်အထိ ဆရာတွေကလည်း ကျောင်းမှာ ရှိနေရတာ။ ကလေးတွေသာ မရှိတော့တာ။ အရင်တုန်းက ဖေဖော်ဝါရီလကုန်ဆို ရင် ပုံမှန်ကျောင်းစစ်တွေ ပြီးတော့မှ လေးတန်း၊ ရှစ်တန်း၊ ၁၀ တန်းတို့ အတွက်ကို မတ်လတစ်လလုံးကိုပြင် ဆင်ဖို့ဆိုပြီး လုပ်ခဲ့တာလေ။ မတ် ၃၁ ရက်အထိက အမှန်က ကျောင်းတက်ရက်အဖြစ် သတ်မှတ်ပြီးသားပဲ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ကျောင်းဖွင့်ချိန်မှစ၍ တစ်နှစ်ပတ်လုံး ကျောင်းသူ ကျောင်းသားများသည် ကျောင်း-ကျူရှင်၊ ကျူရှင် -ကျောင်း ကူးလူးသွားနေရသည်။ ဖေဖော်ဝါရီလ နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးချိန်မှသာ ၎င်းတို့ လွယ်ထားသော လွယ်အိတ်ကို ပခုံးထက်မှ ချခွင့်ရကြတော့သည်။

၎င်းတို့၏ ကိုယ်ပိုင်ချိန်များကို နွေရာသီ သုံးလမှသာ ကလေးပီပီ လွတ်လွတ်လပ်လပ် ဆော့ကစားရ သည်။ နွေရာသီ အားလပ်ရက်သုံးလဟု ဆိုသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ချိန် ဆော့ကစားချိန်သည် သုံးလ မရှိပေ။ မတ်လတစ်လလုံး ဆော့ကစားပြီး သင်္ကြန်ကာလပြီးသည်နှင့် လာမည့် ပညာသင်နှစ်အတွက် ကြိုတင်ကျူရှင် တက်ရသူ အမျာအပြားပင် ဖြစ်သည်။

ယင်းသို့အခြေအနေတွင် ကျောင်းတက်ချိန် တိုးမြှင့်လိုက်ခြင်း မှာ ကလေးများအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်နေမည်ကို စိုးရိမ်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးစိုးထွန်းက ပြောကြားသည်။

“ကလေးတွေကို ဝန်ပိသွားနိုင်တယ်။ အရင်က သုံးလလောက်နား ရတယ်ဆိုပေမယ့် ကျူရှင်ကြိုတက် ရတာတွေလည်း ရှိနေတော့ တကယ်က သုံးလအပြည့်မရှိဘူး။ ပြီးတော့ စာသင်ချိန်မှာ နွေရာသီထဲကိုလည်း ရောက်နေပြီ။ ဒီလောက်ပူတဲ့ နွေရာသီမှာ ကလေးတွေအတွက် စာသင်ခန်းထဲမှာ စာသင်နေရရင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်” ဟု ဦးစိုးထွန်းက ဆိုသည်။

ကျောင်းပိတ်ချိန် နှစ်လဟုဆိုသော်လည်း တကယ်တမ်းတွင် ကျူရှင်၊ သင်တန်းများကြောင့် ယင်းနှစ်လသည် ကုန်ဆုံးမှန်းမသိ ကုန်ဆုံး သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နွေရာ သီအပူချိန်သည် စံချိန်တင်မြင့် တက်လာမှုများ ရှိလာသည်။ ပြီးခဲ့ သည့်နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီး ငါးခု၌ ပုံမှန်အပူချိန်ထက် ပိုမိုပူပြင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရကျောင်းများ၏ အဆောက်အအုံများ၊ စာသင်ခန်းများသည် နွေရာသီ ကလေးများ စာသင်ကြားနိုင်ရန် လုံလောက်သော အပူချိန် ကာကွယ်မှုများ ပေးနိုင်မည်နည်းဟု ကျောင်းသားမိဘများ မေးခွန်းထုတ်နေကြသည်။

ကလေးငယ်များသာမက ယခုနှစ်တွင် မြန်မာနိုင်ငံ၏ အပူချိန်ကို ဆရာဆရာမများလည်း ခံစားခဲ့ရသည်။ ယခုနှစ်တွင် သင်ရိုးòန်းတမ်း များ အသစ်ပါဝင်သဖြင့် ဆရာဆရာ မများမှာ နွေရာသီတွင် မွမ်းမံသင် တန်းတက်ရောက်စဉ် ရာသီဥတုပူပြင်းသည့် ဒဏ်ကို ခံစားခဲ့ရပြီး သက်ကြီး ဆရာဆရာမအချို့ ကွယ်လွန် မှုများလည်း ရှိခဲ့သည်ကို တွေ့ရပြီး ပညာရေးဝန်ကြီးဌာနက ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ရသည်။

ထို့ပြင် ကျောင်းတက်ချိန်များသာမက စာသင်ချိန်များကိုလည်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တိုးမြှင့်လိုက်ကြောင်း အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားထားသည်။

ပညာရေး စနစ်သစ်အရ ယခုနှစ်တွင် တတိယတန်း (Grade – 3) နှင့် ဆဋ္ဌမတန်း (Grade – 6) တို့ သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ်သည်။ ဆဋ္ဌမတန်း သင်ရိုးသစ်တွင် တစ်နေ့စာသင်ချိန်သည် ၄၅ မိနစ်နှင့် ရှစ်ချိန် ပါဝင်သည်။

သင်ရိုးဟောင်း အလယ်တန်း ဆင့်နှင့် အထက်တန်းဆင့်သည် တစ်နေ့စာသင်ချိန် ၄၅ မိနစ်ဖြင့် ခုနစ်ချိန် ရှိနေသည့်အတွက် စနစ်ဟောင်း အတန်းများကိုစနစ်သစ် စာသင်ချိန် ရှစ်ချိန်အတိုင်း သတ်မှတ်၍ သင်ကြားရမည် ဖြစ်ကြောင်း သိရသည်။

“သင်ရိုးသစ်မှာပါတဲ့ သင်ရိုးတွေဖြစ်တဲ့ စာရိတ္တ၊ ပြည်သူ့နီတိရှိတယ်၊ အနုပညာရှိတယ်၊ ကာယ၊ ပန်းချီရှိတယ်။ ကျောင်းတွင်းလှုပ်ရှားမှုရှိတယ်။ ကျောင်းကျန်းမာရေးရှိတယ်။ အဲဒါတွေကိုမျှပြီး စာသင်ချိန် ထည့်ရမှာ” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောကြားသည်။

သင်ရိုးဟောင်း အလယ်တန်းနှင့် အထက်တန်းများတွင် ထပ်တိုး၍ ပိုနေသော စာသင်ချိန်တစ်ချိန်၌ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ အားကစားနှင့် ကာယပညာ၊ အနုပညာ (ဂီတ၊ ပန်း ချီ)၊ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းတွင်းလုပ်ငန်းများ၊ မူးယစ် ဆေးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှုနှင့် ကွမ်းယာစားသုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်ဘီယာ သောက်သုံးခြင်း မရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ် သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာရေး၊  ကျောင်းသား၊ ကျောင်းသူများ ဂိမ်းကစားခြင်းတွင် စွဲလမ်းမှုမရှိစေရေး စသည်တို့ သင်ကြားမည်ဖြစ်သည်။

သို့သော် အထက်တန်းအတန်း များတွင် အနုပညာ (ဂီတ၊ ပန်းချီ) အစား ဖြည့်ဆည်းသင်ကြားရန် လို အပ်သည့် ဘာသာရပ်များကို သင်ကြားရမည်ဟု အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားထားသည်။

“နှစ်ချိန်သင်တဲ့ ကျောင်းတွေက နောက်ကျသွားလိမ့်မယ်။ မနက် ၆ နာရီ ၄၅ ကျောင်းတက်တာ။ အခု ရှေ့ကို ၄၅ မိနစ်တိုးရင် ၆ နာရီအတိ ကျောင်းတက်မှ ရတော့မှာလေ။ ဒါမှမဟုတ် ၆ နာရီ ၄၅ ကျောင်းတက်ပြီး ကျောင်းဆင်း ၅ နာရီ ၄၅ ဆို နောက်ကျသွားမယ်။ ဆောင်းတွင်းဆို အခက်အခဲ ဖြစ်မယ်လေ။ မနက် ၆ နာရီ က မိုးမလင်းသေးဘူး။ ညနေကျတော့ အစောကြီး မိုးချုပ်တယ်” ဟု အထက (၁) သင်္ဃန်းကျွန်းမှ ကျောင်းအုပ် ဦးမြင့်အောင်က ပြောကြားသည်။

Business Insider မှ ရရှိသည့် အချက်အလက်များအရ အမေရိ ကန်နိုင်ငံတွင် ကျောင်းသားတစ်ဦး အတွက် ကျောင်းတက်ချိန်မှာ ပျမ်းမျှ တစ်နေ့လျှင် ခြောက်နာရီရှိပြီး တစ် နှစ်ပျမ်းမျှစာသင်ရက်မှာ ၁၈၀ သာ ရှိသည်။ နာရီ ဖြင့်တွက်မည်ဆိုပါက စာသင်ချိန်မှာ တစ်နှစ်လျှင် ၁၁၇၀ နာရီရှိကြောင်း သိရသည်။

ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ တွင် ပညာရေးအတွက် စာသင်ချိန်၊ စာကျက်ချိန်များထက် စဉ်းစားတွေး ခေါ်မှုအပိုင်းကို အလေးပေးဆောင် ရွက်မှုများရှိကြောင်း NNER မှ ဦးစိုးထွန်းက ပြောကြားသည်။

“စာသင်ချိန်တွေတော့ရှိတယ်။ ဒါပေမဲ့ စာသင်တယ်ဆိုတာထက် တွေးခေါ်မှုအတွက် ပိုအချိန်ပေးကြ တယ်။ အဲဒါမှ ကလေးအတွက် Burden မပိမှာ။ အခုဒီမှာကတော့ ဒီအတိုင်းဆို ကလေးတွေအတွက် Burden ရှိတယ်။ စာသင်ချိန်တစ်ခုနဲ့ တစ်ခုကြားထဲမှာ ဘယ်လောက်နားခွင့်ပေးမှာလဲ။ ဖင်လန်လိုနိုင်ငံတွေမှာဆိုရင် တစ်ချိန်နဲ့တစ်ချိန် အနည်းဆုံး ၁၅ မိနစ်နားတယ်။ အဲဒါမှ ကလေးတွေက သင်ကြားတာတွေကို မှတ်နိုင်မှာ။ တွေးခေါ်နိုင်မှာ” ဟု ဦးစိုးထွန်းက ပြောကြားသည်။

စာသင်ချိန်တစ်ချိန် တိုးမြှင့်လိုက်သည့် စနစ်သည် တစ်ချိန် ကျောင်းတက်ရသော ကျောင်းမှ ကျောင်းသူ ကျောင်းသားများအတွက် အခက်မတွေ့နိုင်သော်လည်း နှစ်ချိန်တက်ရသော ကျောင်းမှ ကျောင်းသူ ကျောင်းသားများအတွက် အဆင်မပြေမှုများ ရှိနေသည်။

နံနက်စောစော ၆ နာရီ ၁၅ မိနစ် ကျောင်းတက်ရမည်ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ၅ နာရီခွဲတွင် စတင်ပြင်ဆင်ရမည်ဖြစ်ပြီး ညနေပိုင်း ကျောင်းတက်ရမည့် ကျောင်းသူကျောင်းသားများသည် ညနေ ၅ နာရီခွဲတွင် ကျောင်းဆင်းရမည် ဖြစ်သည်။

ယင်းသို့ကျောင်းချိန်များကို ရှေ့တိုးလိုက်သဖြင့် ကျောင်းသားများသာမက ကျောင်းသားမိဘများလည်း အခက်တွေ့ပြီဖြစ်သည်။

ကျောင်းသားတစ်ယောက်မှာ ကျောင်းတက်ရန်အတွက် မိုးမလင်းမီ အိပ်ရာမှ ထနေရသည့်အချိန်တွင် အဆိုပါ ကျောင်းသားအတွက် လိုအပ်သည့် ဝေယျာဝစ္စများ လုပ်ကိုင်ပေးရသည့် မိဘများမှာ အရင်ဆုံး ထရမည်ဖြစ်သည်။

ငွေကြေးအနည်းငယ် တတ်နိုင်သည့် ကျောင်းသားမိဘများအတွက် ယခုနှစ်တွင် အခက်တွေ့နိုင်သော် လည်း လာမည့်နှစ်တွင် ပုဂ္ဂလိက ကျောင်းသို့ ပြောင်းလဲတက်ရောက် နိုင်ရန်စီစဉ်မှုများလည်း ရှိလာခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ အခြေခံလူ တန်းစားများပြားသည့် နိုင်ငံတွင် ယခုသတ်မှတ်ချက်မှာ ကျောင်းသား မိဘများအတွက် ဝန်ထုပ်ဝန်ပိုးတစ် ခုဖြစ်လာမည်ဖြစ်သည်။ ယခင်က ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းမထားနိုင်သည့် မိဘများ၊ ကလေး များရှိနေရာမှ ယခုပြောင်းလဲလိုက်သည့် ကျောင်းတက်ချိန်များကြောင့် ကျောင်းတစ်ဝက်တစ်ပျက်နှင့် ဆက် မတတ်နိုင်သူများလည်း ရှိလာနိုင်မည်ဖြစ်သည်။

ယင်းအပြင် ဆရာဆရာမများ အတွက်လည်း အခက်တွေ့ရမည့် ကျောင်းတက်ချိန်များလည်း ဖြစ်သည်။ ကျောင်းတစ်ကျောင်းတွင် အစောဆုံး ရောက်ရှိရမည့်သူမှာ ကျောင်းဆရာ ဆရာမများဖြစ်သည်။ မြို့ပေါ်တွင်ရှိသည့် ကျောင်းဆရာ ဆရာမများထက် နယ်မြို့များ တွင်ရောက်ရှိနေသည့် ဆရာဆရာများ အတွက်မူ အခက်အခဲများစွာ တွေ့နိုင်မည်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လုံခြုံမှုမရှိခြင်း စသည့်အချိန်များတွင် ကျောင်းသို့မဖြစ်မနေ တက်ရောက်ရမည်ဆိုသည့် ရည်ရွယ်ချက်မှာ အနာဂတ်လူငယ်များကို ပြုစုပျိုးထောင်ရမည့် ဆရာဆရာမများအတွက် ရေရှည်တွင် ကြီးမားသောအ ခက်အခဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဝေဖန်မှုတွေ မြင့်လာခဲ့တဲ့ သင်ရိုးညွှန်းတမ်းထဲက ရှေးဟောင်းကဗျာတစ်ပုဒ်ကို ပယ်ဖျက်မှု

ကျောင်းတက်ချိန်တိုးမြှင့်မှု၊ စာသင်ချိန်တိုးမြှင့်မှုများနှင့် ကတိုက် ကရိုက်ဖြစ်ခဲ့သည့် မြန်မာ့ပညာရေး စနစ်တွင် ကျောင်းစဖွင့်သည့် အချိန်မှာပင် သင်ရိုးညွှန်းတမ်းထဲမှ ကဗျာတစ်ပုဒ်ကို ပယ်ဖျက်လိုက်ခြင်းကြောင့် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

ဆေးလိပ်သောက်သုံးမှုဖြစ် စေနိုင်သည်ဟုဆိုကာ ပညာရေး ဝန်ကြီးဌာနက ကုန်းဘောင်ခေတ်စာဆို ရှင်တစ်ဦးဖြစ်သည့်မယ်ခွေ၏ “လက်ဆောင်” အမည်ရှိကဗျာအား အဋ္ဌမတန်း သင်ရိုးညွှန်းတမ်းမှ ဖြုတ်ပစ်လိုက်ခြင်းဖြစ်သည်။

အဆိုပါကဗျာမှာ မေတ္တာရှုထောင့်၊ ဘဝရှုထောင့်များမှ ရေးဖွဲ့ထားခြင်းဖြစ်ပြီး ဆေးလိပ်သောက်စေသည့် သဘောမျိုး ရေးဖွဲ့ထားခြင်း မဟုတ်ကြောင်း ပြည်သူများထံမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ထွက်ပေါ်လာပြီး နောက်တွင် သင်ရိုးညွှန်းတမ်းပြောင်း လဲခြင်းနှင့် ပတ်သက်ပြီး ပေါ့ပေါ့ဆဆမလုပ်ရန် သမ္မတရုံးက ပညာရေး ဝန်ကြီးဌာနအား ပြောကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

“လက်ရှိကတော့ ကျွန်တော်တို့ သင်ရိုးòန်းတမ်းကတော့ ပြောင်းပြီး သွားပြီပေါ့။ သို့သော်လည်း တကယ့် ခိုင်မာတဲ့ သုတေသနစစ်တမ်းအရ ဒီကဗျာနဲ့ ဆေးလိပ်သောက်ခြင်း၊ မသောက်ခြင်းနဲ့ အဆက်အစပ် ဘယ်လောက်အထိ တိကျခိုင်မာတဲ့ Data တော့မရှိဘူးလို့ ကျွန်တော်တို့သိရတယ်။ နောင်တစ်ချိန်ဒီလိုမျိုး သင်ရိုးညွှန်းတမ်းပြင်တဲ့ ကိစ္စတွေမှာတော့ ပေါ့ပေ့ါဆဆ မလုပ်ဖို့လိုတယ်။ ဒါလည်း ပညာရေးက တာဝန်ရှိသူကိုလည်း ကျွန်တော်တို့ ပြောထားပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ဝေဖန်မှုများ မြင့်တက်ခဲ့သည့် ကဗျာအား ဖြုတ်ခိုင်းခြင်း မဟုတ်ဘဲ အခြားအတန်းများတွင် သင်ကြားရန် အကြံပေးခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်ခုတင် ၁၀၀၀ မှ ပါမောက္ခ ဒေါက်တာတင့်တင့်ကြည်က ပြောကြားသည်။

ယင်းကဗျာမှာ လှပပြီး သမိုင်းတန်ဖိုးအရလည်း မြင့်မားကြောင်း၊ မိမိအနေဖြင့်လည်း ရသခံစားတတ်ပြီး ကဗျာများလည်း ရေးသားဖူးကြောင်း ဒေါက်တာတင့်တင့်ကြည်က ပြောကြားသည်။

“ဒီကဗျာလေးက  လှတယ်ဆိုတာလည်းသိတယ်။ ရသမြောက်တယ် ဆိုတာလည်း သိတယ်။ သမိုင်းအရ တန်ဖိုးရှိတယ် ဆိုတာလည်း သိတယ်။ ဒါပေမဲ့ အလယ်တန်းသင်ရိုးမှာ မထည့်ဘဲနဲ့ တက္ကသိုလ် သင်ရိုးထဲမှာ ထည့်ရင်ကောင်းမလားဆိုပြီး ဆွေးနွေးဖူးတယ်။ ကိုယ်စိတ်ပူတာလေးတွေ ပြောကြတာပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက် ရှုထောင့်တော့ မတူကြဘူးပေါ့” ဟု ပါမောက္ခ ဒေါက်တာတင့်တင့်ကြည်က ပြောကြားသည်။

ပြောင်းလဲလိုက်သည့် ပညာရေး သင်ရိုးညွှန်းတမ်းမှာ အကောင်းများ ရှိသော်လည်း ယင်းကဗျာကို ဖြုတ်ပစ်ခြင်းကြောင့် ဝေဖန်မှုများလည်း ကြုံတွေ့နေရပြီဖြစ်သည်။

ထို့ပြင် အစိုးရက ဖက်ဒရယ်စနစ်သို့ သွားနေသည်ဟု ဆိုသော်လည်း လက်ရှိသင်ရိုးညွှန်းတမ်းများတွင် တိုင်းရင်းသားများနှင့် ပတ်သက်ပြီး ၎င်းတို့၏ အမှတ်အသားများ၊ သမိုင်းကြောင်းများကို ဖော်ပြမှု အားနည်းနေသေးကြောင်း NNER မှ ဦးစိုးထွန်းက ပြောကြားသည်။

“အစိုးရက ဖက်ဒရယ်စနစ်ကို သွားနေတယ်ဆိုပေမယ့် ကျောင်းသင်ခန်းစာတွေမှာက တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး သင်တာတွေက အားနည်းနေတုန်းပဲ။ တိုင်းရင်းသားတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အမှတ်သညာတွေ၊ ယဉ်ကျေးမှုတွေ ရှိတယ်လေ။ ဒါမျိုးတွေကိုလည်း ကျယ်ကျယ်ဝံ့ဝံ့ ဖော်ပြသင့်တယ်။ ဗဟိုအစိုးရက Guide လိုင်းတစ်ခုတော့ ချပေးရမယ်။ အဲဒီထဲမှာလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ ပါရမယ်” ဟု ဦး စိုးထွန်းက ပြောကြားသည်။

လက်ရှိသင်ရိုးညွှန်းတမ်း ပြောင်းလဲမှုများမှာ ဦးသိန်းစိန်လက်ထက်တွင် ပြောင်းလဲမှုများ စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတွင်လည်း သင်ရိုးညွှန်းတမ်းများကို မကြာခဏ ပြောင်းလဲမှုများလည်းရှိကြောင်း ဦးစိုးထွန်းက ဆိုသည်။

“နိုင်ငံတကာမှာ နှစ်နှစ်တစ်ကြိမ် ပြောင်းလဲတာတွေရှိတယ်။ ခေတ်နဲ့ လျော်ညီအောင် ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့ဆီမှာ အဲဒီလိုမလုပ်နိုင်သေးခင်မှာ ငါးနှစ်တကြိမ် ပြောင်းလဲတာတို့ လုပ်ဖို့လိုတယ်” ဟု ဦးစိုးထွန်းက ပြောကြားသည်။

ဝေဖန်စရာများရှိနေသည့် ပညာရေး ပြုပြင်ပြောင်းလဲမှု

ပြုပြင်ပြောင်းလဲလိုက်သည့် ပညာရေးစနစ်မှာ ပညာသင်နှစ် စတင်သည့် ရက်မှာပင် ဝေဖန်မှုအချို့ ရှိလာပြီ ဖြစ်သည်။ အများစုက ဝေဖန်နေကြသည်မှာ ကျောင်းချိန်များ တိုးမြှင့်ခြင်း၊ ဆရာဆရာမများ ပိုမိုပင်ပန်းစေခြင်း၊ မိဘများအတွက် ခေါင်းခဲစရာများ ဖြစ်လာစေနိုင်သည့် အချက်များဖြစ်သည်။

ထို့ပြင် ကျောင်းသားကျောင်းသူများအတွက် တွေးခေါ်မြော်မြင်နိုင်သည့် သင်ခန်းစာအသစ်များ ထည့်သွင်းသင်ကြားပေးရန် စီစဉ်ထားသော်လည်း စာသင်ခန်းအတွင်း တွေးခေါ်မြော်မြင်နိုင်သည့် စွမ်းရည်များ ပျောက်ဆုံးလာနိုင်သည့် အခြေအနေများလည်း ရှိနေသည်။

“ယခင်တုန်းကတော့ ကျောင်းဆိုတာ တိတ်ဆိတ်ငြိမ်သက်စွာ သင်ယူတဲ့နေရာလိုမျိုး ဖန်တီးနိုင်တာကို ဂုဏ်ယူခဲ့ကြတာကို ကြားဖူးပါတယ်။ တကယ်တော့ ကျောင်းဆိုတာ စာသင်ခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ လက်ပိုက်ပြီး ဆရာပြောသမျှ နားထောင်တဲ့ အစဉ်အလာကိုတော့ အားမပေးသင့်ပါဘူး။ ဒီလိုပြောခြင်းအားဖြင့် နားထောင်ရမယ့် အချိန်မှာ နားမထောင်ရဘူးလို့ ပြောလိုခြင်း မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချိန်လုံး ဆရာကပဲပြောမယ်။ ကျောင်းသားတွေက နှုတ်ဆိတ်ပြီး နားထောင်ရမယ်။ မေးခွန်းလည်း မထုတ်ရဘူး။ ဆရာ ဆရာမ ပြောတာ အကုန်မှန်၏ဆိုပြီး အဲဒီလိုသင်ယူတဲ့ စနစ်မျိုးနဲ့က ကျွန်မတို့အခု ခေတ်နဲ့မီအောင် လိုက်နိုင်မှာ မဟုတ်ပါဘူး။ ကျောင်းသား ကျောင်းသူတွေ လွတ်လပ်ပေါ့ပါး စိတ်ဝင်စားစွာနဲ့ သင်ယူနိုင်ဖို့လိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

ကျောင်းသားများ အနေဖြင့်လည်း စာသင်ခန်းများတွင် လွတ်လပ်ပေါ့ပါးစွာ လေ့လာသင်ယူနိုင်ရန်အတွက် လိုအပ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသော်လည်း လက်ရှိအခြေအနေများတွင် မည်ကဲ့သို့ စီမံခန့်ခွဲမှုများ လုပ်ဆောင်မည်ကို စောင့်ကြည့်ရမည့် အခြေအနေလည်းဖြစ်သည်။

ထို့ပြင်ပညာရေး ကဏ္ဍအတွက် အသက်သွေးကြောများဖြစ်သည့် ဆရာဆရာမများအတွက် အလုပ်ဝန် မပိစေရန် လုပ်ဆောင်ရမည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများကို သင်ကြားပြသပေးမည့် ဆရာဆရာမများ အနေဖြင့် အလုပ်ပင်ပန်းသည့် အချိန်မျိုးတွင် သင်ကြားရေးအတွက် အာရုံစိုက် လုပ်ကိုင်နိုင်မည် မဟုတ်ပေ။

ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ကျောင်းသားကျောင်းသူများ၊ ဆရာများအတွက် ထိခိုက်မှုနည်းပါးမှသာ အပြောင်းအလဲ၏ အကျိုးကို ခံစားရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက စစ်မှန်သည့် ပြောင်းလဲမှု ဖြစ်လာမည် မဟုတ်ပေ။

 

Most Read

Most Recent