ပါလက်စတိုင်း ဒုက္ခသည်ကလေးငယ်များ၏ ပညာရေး

ပါလက်စတိုင်း ဒုက္ခသည်ကလေးငယ်များ၏ ပညာရေး
Photo: AP
Photo: AP
Published 8 June 2019
မြတ်သစ်

အနောက်ဘက်ကမ်းခြေမှ ဟီဘရွန် မြို့သည် ဂျေရုစလင်မြို့ တောင်ဘက် ကီလို မီတာ ၃၀ အကွာတွင်ရှိသော ပါလက်စတိုင်းမြို့ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၉၃၀ မီတာအမြင့်တွင်ရှိသည်။ ဟီဘရွန်မြို့ တွင် မကြာသေးမီကာလက ကျောင်းသားများ နှင့် အစ္စရေးစစ်သားများ တစ်ဖက်နှင့်တစ်ဖက် မျက်ရည်ယိုဗုံးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ဤဖြစ်ရပ်ကို အေဂျင်စီမှ တာဝန်ရှိသူ ပီတာမူလ်ရီယန်က ခိုင်းနှိုင်းစွာ ကိုင်တွယ်နိုင် ကြောင်း ပြောကြားခဲ့သည်။ သို့သော် ပါလက်စတိုင်းဒုက္ခသည်များ ကူညီထောက်ပံ့ရေး အစီအစဉ် United Nations Relief and work Agency for Palestine Refugees in the Near East(UNRWA) အစီအစဉ် အတွက် ထရန့်က ရန်ပုံငွေထည့်ဝင်မှု လျှော့ ချလိုက်ခြင်းကြောင့် ဟီဘရွန်ရှိ ကျောင်းသား ကျောင်းသူများအတွက် ထိခိုက်မှုများရှိလာသည်ကို ပီတာအနေဖြင့် မဖြေရှင်းနိုင်။

စာသင်ကျောင်းများတွင် ထိုင်ခုံများ မလုံလောက်သဖြင့် နှစ်ယောက်တွဲ အသုံးပြု နေရသည်။ ထောက်ပံ့ငွေများ လျော့ကျခဲ့ သဖြင့် ခြိုးခြံချွေတာရသဖြင့် အေဂျင်စီအနေ ဖြင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ပီတာက ပြောကြားခဲ့သည်။

“ဒီနှစ် စာသင်နှစ်မှာ ဘယ်လိုဖြစ်နေ သလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။ ဆရာတွေကတောင် မရှင်းမလင်းဖြစ်နေတယ် ဆိုရင် ကျွန်တော်တို့က ဘယ်လိုမှ မပြောတတ်တော့ဘူး။ ကျောင်းကနေ ထွက်ရတော့  မယ့် သဘောဖြစ်နေပါတယ်” ဟု ကိုးတန်း ကျောင်းသား ဘူဟေးဂျာဘာက ပြောသည်။ စာသင်ခန်းနှင့် ကျောင်းသားဦးရေက မမျှ ခြင်းကြောင့် ကလေးများမှာ ဒုက္ခအကြီး အကျယ်ရောက်နေကြသည်။

“ကျွန်တော်ရှေ့မှာ ခေါင်းတွေ ကွယ်နေတာကြောင့် ကျောက်သင်ပုန်းကို မမြင်ရဘူး” ဟု ဆယ်နှစ်သား အလီအေဇာမက်က ပြောလိုက်သည်။

၂၀၁၈ ခုနှစ် အစောပိုင်းလများအထိ အမေရိကန်သည် UNRWA ကို ငွေကြေး ထောက်ပံ့မှုများ အများဆုံးပေးခဲ့သော နိုင်ငံဖြစ်သည်။ ဆယ်စုနှစ်တစ်ခုအထိ ဒေါ်လာ သန်း ၃၆၀ ခန့် ပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဒေါ်လာ သန်း ၆၀ ခန့်အထိ လျှော့ချခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တစ်ပြားတစ် ချပ်မှ မထောက်ပံ့တော့ပေ။

ကုလလုံခြုံရေးကောင်စီ စည်းဝေးပွဲ တွင် အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် ဂျေဆွန်ဂရင်းဘလက်တ်က UNRWA သည် ပါလက်စတိုင်း ပြည်သူတို့၏ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ဟု ပြောကြားခဲ့သည်။

“UNRWA ပုံစံဟာ ပါလက်စတိုင်းတွေ ခံစားရပိုင်ခွင့်ကို မဖြည့်ဆည်းနိုင်ပါဘူး။ ပါလက်စတိုင်းတွေနဲ့ အနာဂတ်၊ သူတို့ကလေး ငယ်တွေရဲ့ ရှေ့ရေး၊ ပြီးတော့ စာသင်ကျောင်း တွေ၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးခန်းတွေကို မဖွင့်ပေးနိုင်သေးဘူး” ဟု ဂျေဆွန်ဂရင်းဘလက်တ်က ပြောကြားသည်။

၁၉၄၈ ခုနှစ်တွင် စတင်ခဲ့သော အရှေ့ အလယ်ပိုင်းစစ်ပွဲတွင် UNRWA ကို စတင် ဖွဲ့စည်းပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြသော ပါလက်စတိုင်းစစ်ပြေး ဒုက္ခသည်များ ခုနစ်သိန်းအတွက် ရည်စူးပြီး  ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် UNRWA အေဂျင်စီသည် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာရှိ ပါလက် စတိုင်းလူမျိုး ငါးသန်း၊ ဂျော်ဒန်၊ ဆီးရီးယား နှင့် လက်ဘရွန်ရှိ ပါလက်စတိုင်း လူမျိုးများ အတွက် အကူအညီများ ပေးလျက်ရှိသည်။ ပါလက်စတိုင်းအာဏာပိုင်များက စစ်ဘေး ဒုက္ခသည်များအတွက် UNRWA အေဂျင်စီ ကို ပါလက်စတိုင်းလူမျိုးများအနေဖြင့် နေရပ် ပြန်လည်နေထိုင်ခွင့်ကို တောင်းဆိုထားသည်။ အစ္စရေးတို့ကမူ မိမိတို့ သိမ်းပိုက်ထားသည့် နေရပ်ကို မစွန့်နိုင်ကြောင်း ငြင်းဆန်ထား သည်။

အမေရိကန်နှင့် အစ္စရေးတို့က UNRWA သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို မီးမွေးနေသလို ပါလက်စတိုင်း ဒုက္ခသည်များကိုလည်း သူတို့ ရပိုင်ခွင့်များ အတွက် သွေးထိုးပေးနေကြောင်း စွပ်စွဲခဲ့ သည်။ UNRWA က ယင်းစွပ်စွဲချက်များကို  လက်မခံပေ။ ဒုက္ခသည်များအရေး ဖြေရှင်း ရန်အတွက် နိုင်ငံရေးအရ ဖြေရှင်းဖို့လိုကြောင်း ပြောကြားထားသည်။

အမေရိကန်ဘက်က ထောက်ပံ့ငွေများ ဖြတ်တောက်လိုက်သဖြင့် ဥရောပနိုင်ငံများ နှင့် ပင်လယ်ကွေ့နိုင်ငံများထံမှ ထောက်ပံ့ ငွေများကိုသာ ရယူနေသည်။ စာသင်ကျောင်း များ၊ ဆေးပေးခန်းများနှင့် အစားအသောက်များ ဝေငှရေးအတွက် ဥရောပနှင့်ပင်လယ် ကွေ့ုိင်ငံများက ဒေါ်လာ ၁ ဒသမ ၂ ဘီလျံံ ထောက်ပံ့ထားသော်လည်း မလုံလောက်။ ထောက်ပံ့ငွေများ မလုံလောက်သဖြင့် ပါ လက်စတိုင်း ဒုက္ခသည်များ အကူအညီပေး ရေးမှာ ခက်ခဲနေသည်။

စာသင်ကျောင်းများတွင် ကျောင်းသား ဦးရေက အဆမတန်များသည့် အခြေအနေ ရင်ဆိုင်နေရရုံမက၊ အချိန်ပိုင်း ဆရာ၊ဆရာမ များလည်း ခန့်အပ်နိုင်ခြင်း မရှိတော့ပေ။ ထို့ပြင် ဒုက္ခသည်များ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကုသပေးခြင်းများ မပြုလုပ် နိုင်တော့ပေ။ အမေရိကန်ထောက်ပံ့မှုများ ရပ်ဆိုင်းပြီးသည့်နောက် ဂါဇာရှိ စာသင် ကျောင်းများ၏ အခြေအနေမှာ ပိုဆိုးရွားခဲ့ သည်။ စာသင်ကျောင်း မလုံလောက်သည့် ပြဿနာကြောင့် ကလေးများ ပညာသင်ကြား ရေးမှာလည်း ပို၍ ခက်ခဲလာသည်။ တချို့ ကျောင်းများတွင် အချိန်သုံးပိုင်းခွဲ၍ စာသင် ရသည့် အခြေအနေမျိုး ရောက်ရှိသွားသည်။ တချို့ကျောင်းများ၌ စာသင်ခန်းတစ်နေလျှင် ကျောင်းသားကျောင်းသူ အရေအတွက်က ၄၀ မှ ၅၀ ထိ ရှိနေသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာက ဂျေရုစလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ် ကြောင်း ကြေညာချက်ကို အမေရိကန်က အသိအမှတ်ပြုခဲ့သဖြင့် ပါလက်စတိုင်းနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးမှာ သိသိသာ သာ ဆိုးရွားခဲ့ပြီး ဆက်သွယ်ရေးဖြတ်တောက် ခဲ့ရသည်။ UNRWA ကို အမေရိကန်က ငွေ ကြေးထောက်ပံ့မှုများ ဖြတ် တောက်ခြင်းမှာ ပါလက်စတိုင်းကို နိုင်ငံရေး အရ ထိုးနှက်ခြင်း တစ်ရပ်ဖြစ်သည်ဟု ယုံ ကည်ထားသည်။

ပြီးခဲ့သည့်လက အမေရိကန်သည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ် သစ်ကို ထုတ်ပြန်မည်ဖြစ်သည်။ သမ္မတ ထရန့်၏ အရှေ့အလယ်ပိုင်း၊ ငြိမ်းချမ်းရေး အစီအစဉ်သည် အများလက်ခံယုံကြည်မှု မရနိုင်သော လက်တွေ့မကျသော အစီအစဉ် ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စိုးရိမ်ခဲ့ကြောင်းဖြင့် ပွန်ပီယို နှင့် အစ္စရေးခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံအပြီးတွင် ပြောခဲ့သည်ဟု ၀ါရှင်တန် ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။ ကာလရှည် ကြာစွာ စောင့်ဆိုင်းခဲ့ရသော အစ္စရေး-ပါ လက်စတိုင်းငြိမ်းချမ်းရေး အစီအစဉ်ကို ထရန့် ၏ သမက်ဖြစ်သူ ဂျရတ်ကူရှ်နာက ဦးဆောင် ခဲ့ခြင်းဖြစ်ပြီး၊ ယင်းငြိမ်းချမ်းရေး အစီအစဉ် ကို ပါလက်စတိုင်းတို့က ပယ်ချထားခဲ့သည်။ ထရန့်၏ မူဝါဒများသည် အစ္စရေးဘက်မှ ဗြောင်ကျကျ ဘက်လိုက်ဆောင်ရွက်ရန် ကူရှ် နာကို ထရန့်က လမ်းညွှန်ခဲ့သည်ဟုလည်း ပါလက်စတိုင်းက ဝေဖန်ခဲ့သည်။

ငြိမ်းချမ်းရေး အစီအစဉ်၏ စီးပွားရေး ကဏ္ဍရပ်များကို ဇွန် ၂၅၊ ၂၆ ရက်တွင် ဘာရိန်း၌ ကျင်းပမည့် ညီလာခံတွင် ထုတ်ပြန် မည်ဖြစ်သည်။ ပါလက်စတိုင်းကတော့ မိမိ တို့၏ နိုင်ငံရေးလိုလားချက်များကို မည်သည့် နည်းနှင့်မျှ အလျှော့ပေးမည်မဟုတ်ကြောင်း ပြောကြားထားသည်။

Most Read

Most Recent