ပြဇာတ်တစ်ပုဒ် ရေးခဲ့တယ်

ပြဇာတ်တစ်ပုဒ် ရေးခဲ့တယ်
Photo : disco.teak
Photo : disco.teak
Published 7 June 2019
ကျော်ထင်

(၁)

ကျည်တောင်ရွာ တွဲဖက်အထက်တန်း ကျောင်းလေးမှာ ကဖို့ ပြဇာတ်တစ်ပုဒ် ရေး ဖြစ်သွားတယ်။ ကိုယ့်ဘာသာကိုယ်ဆိုရင် တော့ ရေးဖြစ်မယ် မထင်ဘူးလေ။သီဟ အောင် ဆိုတဲ့ တပည့်တစ်ယောက်က အတင်း ရေးခိုင်းလို့ ရေးဖြစ်သွားတာ။ စစချင်းတော့ ဘာရေးပေးရမလဲဆိုတဲ့ အတွေးတွေနဲ့ လူက ငေးငိုင်သွားတယ်။ တကယ်တော့ သူတို့  ရေး ခိုင်းတဲ့ ပြဇာတ်ဆိုတာ တစ်ခါမှ မရေးခဲ့ဖူးဘူး လေ။

(၂)

ပါပဟိန်တို့၊ မဏိကတ်တို့၊ ၀ိဇယတို့ ဆို တဲ့ပြဇာတ်တွေတော့ ဖတ်ခဲ့ဖူး၊ မှတ်ခဲ့ဖူးထား လို့ ပြဇာတ်အထိအတွေ့တော့ ရှိခဲ့တာပေါ့။ ဆရာဇော်ဂျီရဲ့ မဟာဆန်ချင်သူ ပြဇာတ်ဆို ရင်လည်း ကြိုက်လွန်းလို့ နှစ်ခေါက်၊ သုံး ခေါက်တောင် ပြန်ပြန်ဖတ်ခဲ့မိသေးတာ။ ဒါ ပေမဲ့ ခက်တာက ဘာရေးလို့ ရေးရမှန်း မသိ တာပါပဲ။

ဦးပုညရဲ့ပဒုမတို့၊ ဂင်္ဂါမာလတို့လို ရေးရမှာလား။ အဲ့ဒါဆို ပိုပြီးခက်၊ ခက်ရချေ ရဲ့။ ဦးပုညကလည်း သူ့ပြဇာတ်တွေကို သဘင် သည်တွေ ကဖို့ထက် ဖတ်ဖို့များ ရေးခဲ့လေ သလားပဲ။ အလင်္ကာအချိတ်တွေနဲ့၊ ဇာတ် ကြောက ရှည်ရှည်ရယ်။ ဖတ်လိုက်ရရင်တော့ တစ်လုံးဆို ဆိုသလောက် အရသာရှိလှ တယ်။ ဦးပုညထုံး နှလုံးမူပြီးပဲ စာရှည်ရှည် တွေ ရေးထည့်လိုက်ရမလား။ အဲ့ဒီလိုဆိုရင် ရင်တော့ သရုပ်ဆောင်ကြမယ့် ကလေးတွေ အတွက် အကျက်အမှတ်တွေ ခက်ကုန်လိမ့် မယ်။ စာတွေ မေ့ကုန်ရင် စင်ပေါ်မှာ အိုးနင်း ခွက်နင်းတွေ ဖြစ်ကုန်ကြမယ်။

ပြဇာတ်တွေရဲ့ အစောဆုံးပြဇာတ်လို့ သတ်မှတ်တဲ့ ဝန် ကြီးပဒေသရာဇာရဲ့ မဏိ ကတ်ပြဇာတ်မျိုးကို တွေးကြည့်တော့လည်း သူလည်း ဝတ္ထုလတ်တစ်အုပ်စာလောက် ရှိမယ်။ ရှည်တာပဲ။ ဦးကြင်ဥရဲ့ ကာလကဏ္ဏီ တို့၊ ပါပဟိန်တို့လိုဆိုရင်ရော။ အဲ့ဒီဇာတ်တွေ ကတော့ ဦးပုည ရေးတဲ့ ပြဇာတ်တွေလောက် အလင်္ကာမများလှ၊ မခက်လှဘူး။ ဒါပေမဲ့ ရှည်တာပါပဲ။ ဇာတ်ကြောက တစ်ညစာ လောက် ကပြရတဲ့ ဇာတ်တွေ။ စုံညီပွဲမှာ ကပြရမှာဖြစ်လို့ ဇာတ်ကြော သိပ်ရှည်လို့ လည်း မဖြစ်ဘူး။ အလွန်ဆုံးရှိလှ နာရီဝက် စာလောက်ပဲ ကောင်းမယ်။

မြဝတီမင်းကြီးဦးစရဲ့ အီနောင်ဇာတ်ဆို တစ်ည သုံးနာရီ ကပြတာတောင် ၄၅ ည ကြာ ကရတယ် ဆိုရဲ့။ ၁၃၅နာရီတဲ့၊ နည်း လား။ ကလေးတွေ စုံညီပွဲမှာ ကမယ့်ဇာတ် အဲ့ဒီလောက် ရှည်ဖို့မှ မလိုတာ။ လိုလည်း အဲ့ဒီလောက် မီအောင် မရေးနိုင်ပါဘူးလေ။

(၃)

ဒါဆို ဘာရေးရမလဲ။ တွေးကြည့်တယ်။ဘယ်လို တွေးရမလဲ စဉ်းစားတယ်။ ခေတ်ကို အခြေခံရင် ကောင်းမလား။ဦးကြင်ဥတို့၊ ဦးပုညတို့လည်း ခေတ်ရဲ့ဖြစ်ပျက်နေတဲ့ အခြေအနေအပေါ် မှီပြီး၊ တည်ပြီး ရေးတာပဲ။ ဦးပုညရဲ့ ပဒုမဇာတ်ဆို မင်းမိဖုရားတွေ ဖောက်ပြန်နေတဲ့အချိန်မှာ ပဒုမမင်းသား ရဲ့ကြင်ရာတော် ဖောက်ပြန်ပုံအကြောင်း ရေးပြီး တစ်ညတာဇာတ်အဖြစ် နန်းတွင်းမှာ ကပြခဲ့တာ။ ပါပဟိန်ပြဇာတ်ဆိုလည်း ဒီအ တိုင်းပါပဲ။

ဘကြီးတော်ခေတ်မှာ နန်းမတော် မယ်နုနဲ့ မင်းသားကြီးမောင်အိုတို့က တစ်ဖက်၊ သာယာဝတီမင်းသားက တစ်ဖက်နဲ့ နန်းတွင်းအားပြိုင်တာတွေဖြစ်ခဲ့တာ။ အဲ့ဒီ အားပြိုင်မှုမှာ နန်းမတော်မယ်နုက မယားဆို တော့ မယားစကားအောင်တယ် ပြောရမယ်။ ညီတော်ဖြစ်တဲ့ သာယာဝတီမင်းသား ကို တဖြည်းဖြည်း အယုံအကြည် နည်းလာတယ်။ တွေ့ခွင့်၊ ဆုံခွင့်တွေ မပေးတော့ဘူး။ ညီအစ်ကိုနှစ်ဦးကြားမှာ သွေးခွဲစကားတွေ ခြားသွားတယ်။ အဲ့ဒီမှာ သာယာဝတီမင်း သားက ဦးကြင်ဥကို ငွေထုတ်ပေးပြီးသဘင် တော်ခံခိုင်းလိုက်တာမှာ ဦးကြင်ဥက ပါပဟိန်ဇာတ်ကို ရေးပြီး ညလုံးပေါက် ကပြခဲ့တာပဲ။

ပါပဟိန်ဇာတ်ဟာ ခေတ်နဲ့ ဟပ်လွန်း စပ်လွန်းလှတယ်လို့ ဆိုရမယ်။ အဲ့ဒီပါပဟိန် ပြဇာတ် ဘယ်လောက်တာသွားသလဲဆိုရင် နောက်ဆုံး မယ်နုနဲ့ မောင်အိုတို့က အသက်ထိအောင် ရန်ရှာမယ့်သဘောဖြစ်လာလို့  ပုန်ကန်ခြားနားလိုက်ရတာတောင် သာယာ ဝတီမင်းသားအပေါ် ဘကြီးတော် စိတ်မဆိုး ရက်ခဲ့ဘူး။ ဒါ့အပြင် ပါပဟိန်ပြဇာတ်ကို နန်း တော်အပြင် လူထုထဲထိပါ ကပြခဲ့လို့ ပြည်သူ တစ်ရပ်လုံးကပါ သူပုန်မင်းသားသာယာဝ တီမင်းသားကို ဝိုင်းပြီး ကရုဏာသက်ကြရတယ်။

(၄)

ဒါဟာ ပြဇာတ်တွေရဲ့အရေးပါမှု အခန်းကဏ္ဍပဲ။ ဒါတွေကို တုပြီး ကျွန်တော့်ပြဇာတ်ကိုလည်း ခေတ်ကိုဟပ်၊ လူတွေရဲ့အဖြစ်သနစ်တွေနဲ့ စပ်ပြီးရေးရရင် ကောင်းမှာပဲ။ လိုအပ်ချက်တွေကို ရေးရမလား။ ပိုလျှံ နေတာတွေကို ရေးရမှာလား။ ဒါပေမဲ့ ကျွန်တော် ဖြတ်သန်းရတဲ့ခေတ်မှာက လိုအပ်တာ တွေချည်းပါပဲ။ အဲ့ဒီလိုအပ်တာတွေထဲက ဘာရေးပြရရင် ကောင်းမလဲဆိုတာက စဉ်းစားရကျပ်တယ်။

စဉ်းစားရင်းနဲ့  မှောင်လာလို့ အိမ်တောင် မပြန်နိုင်တော့ဘူး။ ရွာမှာနေတဲ့ ဆရာဦးနီအေးအိမ်မှာ အိပ်လိုက်တယ်။ ဆရာဦးနီအေးနဲ့ ညစာကို ဖြစ်သလိုစားပြီး ညဦးညဖျားကျော်ရုံလေးလောက်က စပြီး စ ကားတွေ ထိုင်ပြောခဲ့ကြတယ်။ စကားပြော နေဆဲမှာ ခြေရင်းဘက်အိမ်ကကလေးငယ် တစ်ယောက်ရဲ့ စာကျက်သံက နားထဲ ဝင်လာတယ်။ ဆရာဦးနီအေးပြောတာ အာရုံစိုက်လိုက်တော့ ကလေးသံက သဲ့သဲ့ယဲ့ယဲ့ ဖြစ်သွားတယ်။

စာကျက်သံကို နားစိုက်လိုက်တော့ ဆရာ ဦးနီအေး ဘာပြောလိုက်မှန်း မသိလိုက် လို့ ထပ်မေးရတယ်။ ညလယ်ဝင်စပြုတဲ့ထိ ဟိုဟိုဒီဒီ ဋီကာချီပြီး စကားဖောင်ဖွဲ့နေခဲ့ ကြတာ။ ညဉ့်နက်ထဲ ချဉ်းနင်းဝင်ရောက်လာ မှ ကျွန်တော် ပြဇာတ် ရေးဦးမယ်ဗျာဆိုပြီး စကားကြောကို ဖြတ်လိုက်ရတယ်။

(၅)

ဆရာဦးနီအေးရဲ့အိမ်ကလေးက လှေခွင်းတောင်ဘုရားတောင်ခြေရင်းမှာရှိနေတာမို့ ဘုရားတောင်ကို လှမ်းမျှော်ဖူးရင်း ငေးလို့ သိပ်ကောင်းတယ်။ လမ်းလေးခြား အပြီးမှာ ရွာသုဿန်က ရှိနေတာမို့လည်း တိတ်ဆိတ်ပြီး  တွေးလို့ အလွန်ကောင်းတယ်။ ကမ္မဋ္ဌာန်းရိပ်လိုပါပဲ။ အဲ့ဒီငြိမ်သက်တဲ့ အခွင့်အရေးကို အမိအရယူပြီး ကျွန်တော့် စိတ်တွေကို ပြဇာတ်ရေးမယ့်အတွေးထဲ နှစ်လိုက်တယ်။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ခေတ်၊ ကျွန်တော် ဆက်စပ်ခဲ့ရတဲ့ လူတွေအ ကြောင်း . . .။

စောစောက စာကျက်သံလေး တိတ် သွားပေမဲ့ သောတာရုံမှာ အသံတစ္ဆေ လာ ခြောက်လှန့်နေတယ်။ ပြန်ကြားယောင် နေတယ်။ အကြိမ်ကြိမ်ဆိုနေတဲ့ အဲ့ဒီစာ ဆိုသံဟာဖြင့် အမှားမှားအယွင်းယွင်းတွေ ဖြစ်နေတယ်။ ကျွန်တော့်ခေါင်းထဲ ဖြတ်ခနဲ လင်းသွားတယ်။ ဟုတ်တယ်။ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ ပညာရေးစနစ်ကို ကျွန်တော် သတိရသွားတယ်။

၈၈ လူထုအုံကြွမှုတွေအပြီးမှာ ပြန် လည်ဖော်ဆောင်ခဲ့တဲ့ ပညာရေးရှုမျှော်ခင်း တွေကို ကျွန်တော် ပြန်တွေးကြည့်ဖြစ်တယ်။နှမြောလိုက်တာ။ အဲ့ဒီတုန်းက  ကျောင်းသူ ကျောင်းသားတွေရဲ့ အဖြစ်တွေကိုယူကျုံးမရဖြစ်လိုက်ရတာ။

တက်သုတ်ရိုက်ပညာရေးမှာ ဉာဏ် ပညာတွေ ဘယ်လောက်ထိများ အလေအ လွင့် ဖြစ်လိုက်ကြသလဲ။ တိုင်းပြည်ရဲ့ ဦး နှောက်တွေ ဘယ်လောက်ထိများ ပျက်ကြေ ပြုန်းတီးကုန်ကြသလဲ။ ကိုယ်ကျင့်သိက္ခာ၊ ပညာဆိုတာတွေဟာ အဲ့ဒီ့ခေတ်ကြီးထဲမှာ ကျောင်းသားဘဝမှာတင်ပဲ ဆုံးရှုံးခဲ့ကြရတာ မဟုတ်လား။

အဲ့ဒီခေတ်ကြီးက ဖြုန်းသွားတဲ့ အကြောင်းကိုပဲ ပြဇာတ်ရေးခဲ့တယ်။

Most Read

Most Recent