Multilevel Marketing လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်းအား တားမြစ်ကြောင်း ကြေညာပြီး နောက်ပိုင်း စျေးကွက်အတွင်း ဆက်လက် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် စုံစမ်းဖော်ထုတ်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီတစ်ခုကို ဖမ်းဆီးထားကြောင်း သိရ

Multilevel Marketing လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်းအား တားမြစ်ကြောင်း ကြေညာပြီး နောက်ပိုင်း စျေးကွက်အတွင်း ဆက်လက် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် စုံစမ်းဖော်ထုတ်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီတစ်ခုကို ဖမ်းဆီးထားကြောင်း သိရ
Published 30 May 2019
နေရိုင်း၊ အောင်မင်းသိန်း

အများပြည်သူ ထိခိုက်စေသော ဆင့်ပွား စျေးကွက်ဖြန့်ချိရေးစနစ် (Multilevel Marketing) လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်းအား တားမြစ်ကြောင်း ကြေညာပြီး နောက်ပိုင်း စျေးကွက်အတွင်း ဆက်လက် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် စုံစမ်း ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီတစ်ခုကို ဖမ်းဆီးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မေ ၂၉ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Multilevel Marketing ကို အသွင်ယူ၍ ဖမ်းခဲ့မှုတွင် ဘယ်လောက် မိခဲ့သလဲနှင့် ယင်းလုပ်ငန်းသည် မြန်မာနိုင်ငံမှာ အမြစ်ပြတ်ပြီလား ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 “Multilevel Marketing ရဲ့ နောက်မှာကတော့ နည်းနည်းလေး ဖိအားပေးပြီးတော့ ရောင်းချတဲ့ သဘောမျိုးလေးတွေ ရှိပါတယ်။ အဲဒီတော့ နိုင်ငံ တော်တော်များများမှာ Multilevel Marketing ကို သူက တရားမဝင်အဖြစ်နဲ့ သတ်မှတ်ထားပါတယ်။ အဲဒီတော့ Multilevel Marketing ရဲ့  Alternative အဖြစ်ကတော့ ဘာလဲဆိုရင်  Direct Selling ပေါ့။ Internet ကနေပြီးတော့မှ တိုက်ရိုက်  ရောင်းချတဲ့ လုပ်ငန်းတွေက လုပ်လို့ ရပါတယ်။ လုပ်လို့ရတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ Direct Selling Law ကို ပြုစုထားပြီး ဖြစ်ပါတယ်။ ပြုစုပြီးတော့ မကြာခင်မှာ လွှတ်တော်ကို တင်ပြပြီးတော့ ဒါကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

 ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၄၆/၂၀၁၈) ဖြင့် အများပြည်သူ ထိခိုက်စေသော ဆင့်ပွားစျေးကွက် ဖြန့်ချိရေးစနစ် (Multilevel Marketing) လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်းကို တားမြစ်ကြောင်း ကြေညာခဲ့ပြီး တိုက်ရိုက် ရောင်းချခြင်း ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ဆင့်ပွားစျေးကွက် ဖြန့်ချိသည့်စနစ်ကို တားမြစ်ထားသော်လည်း စျေကွက်အတွင်း ဆက်လက် ဆောင်ရွက်နေသည်များကို တွေ့ရှိရသည့်အတွက် စုံစမ်း ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “အဲဒီတော့ Multilevel Marketing ကို လုပ်နေကြတဲ့ အချိန်တုန်းကတော့ ပစ္စည်းတော်တော်များများက တင်သွင်းထားတယ်။ အဲဒါကို သိန်းနဲ့ချီပြီး ဆောင်ရွက်နေတဲ့ အတွက်ကြောင့်မို့လို့ နစ်နာ ဆုံးရှုံးမှုတွေ ရှိတယ်လို့ ကျွန်တော်တို့ ကြားရပါ တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ သတင်းကြားတာကတော့ တိတ်တဆိတ် လုပ်နေတယ်လို့ ကြားတယ်။ ကြားတဲ့ အခါကျတော့ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ အသွင်ယူပြီးတော့မှ စုံစမ်းပြီးတဲ့ အခါကျတော့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ သွားရောက်ပြီးတော့မှ ဖမ်းဆီးမှု ရှိပါတယ်။ ဒါကတော့ မကြာခင်မှာ သတင်းတွေထဲမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ (ကုမ္ပဏီ ဘယ်နှခု ဖမ်းမိထားလဲ) အခု လောလောဆယ် ကျွန်တော်တို့ စပြီးဖမ်းတာကတော့ ကုမ္ပဏီ တစ်ခုတည်းပါပဲ” ဟု ပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် E-Trade Readiness Survey ကို UNCTAD အကူအညီဖြင့် ဆောင်ရွက်ခဲ့ပြီး E-Commerce ထူထောင်ရေး၊ ဆိုက်ဘာလုံခြုံရေး ဥပဒေတွင် E-Commerce ဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်နိုင်ရေးကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် လည်း Digital Economy Association အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent