၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၉၈၈ ဒသမ ၇ သန်း ရှိခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု တိုးတက်လာဟု ဒုတိယဝန်ကြီး ပြောကြား

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၉၈၈ ဒသမ ၇ သန်း ရှိခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု တိုးတက်လာဟု ဒုတိယဝန်ကြီး ပြောကြား
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ် ငပလီကမ်းခြေ၌ ပြုလုပ်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ ဖွင့်လှစ်သည့် မြင်ကွင်း
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ် ငပလီကမ်းခြေ၌ ပြုလုပ်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ ဖွင့်လှစ်သည့် မြင်ကွင်း
Published 24 May 2019
စိုးမင်းထိုက်၊ စည်သူ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၈၈ ဒသမ ၇ သန်းရှိခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု တိုးတက်လာသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

မေ ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့ထားသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လွှတ်တော်၌ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အထူးစီးပွားရေးဇုန် အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ အမေရိကန်ဒေါ်လာ ၅၆၀၆ ဒသမ ၇ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ အမေရိကန် ဒေါ်လာ ၁၇၆၁ ဒသမ ၄ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ ခြောက်လ စာရင်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၉၈၈ ဒသမ ၇ သန်း ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ ခြောက်လပတ်တွင် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန်နှင့် ပို့ကုန် တိုးမြှင့်တင်ပို့နိုင်စေရေးအတွက် သား၊ ငါးကဏ္ဍ တိုးတက်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် အသေးစားနှင့် အလတ်စားကဏ္ဍ လုပ်ငန်းငယ်များ၏ ထုတ်လုပ်မှု တိုးတက်လာခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု တိုးတက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ များပြားလာခြင်း၊ ပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများမှ ငွေရေးကြေးရေး ဝန်ဆောင်မှုများ ကောင်းမွန်လာခြင်း၊ အခြား ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ဆောင်မှုများ ကောင်းမွန်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုကို  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ ခြောက်လပတ် အစီရင်ခံစာတွင် ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ ကျပ် ၈၂၈၆ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လျာထားရာ ပထမ ခြောက်လပတ်အတွင်း ကျပ် ၂၀၄၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံနိုင်သည့်အတွက် ၂၄ ဒသမ ၆၆ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ကမ္ဘာလှည့် ခရီးသွားနှင့် သုံးစွဲခဲ့သည့် နိုင်ငံခြားငွေများနှင့် ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အောက်တိုဘာမှ မတ်လအထိ ကမ္ဘာလှည့်ခရီးသွား ၂၁၆၅၀၀၀ ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၀၄ သန်း သုံးစွဲခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံ ဝင်ငွေများ ဝင်ရောက်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် အမျိုးသားအဆင့် ဦးစားပေးကဏ္ဍ တစ်ခုဖြစ်ရန် ရည်ရွယ် ဆောင်ရွက် လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။