အီရန်ခြိမ်းခြောက်မှုအား တန်ပြန်ရန် အမေရိကန်က ဗုံးကြဲလေယာဉ်များကို အရှေ့အလယ်ပိုင်းသို့စေလွှတ်

အီရန်ခြိမ်းခြောက်မှုအား တန်ပြန်ရန် အမေရိကန်က ဗုံးကြဲလေယာဉ်များကို အရှေ့အလယ်ပိုင်းသို့စေလွှတ်
 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မဲဘုန်းရှိ နိုင်ငံတကာလေကြောင်းပြပွဲ၌ အမေရိကန်လေတပ်မှ B-52 ဗုံးကြဲလေယာဉ်ကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မဲဘုန်းရှိ နိုင်ငံတကာလေကြောင်းပြပွဲ၌ အမေရိကန်လေတပ်မှ B-52 ဗုံးကြဲလေယာဉ်ကို တွေ့ရစဉ်
Published 8 May 2019

ဒေသတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များအား အီရန်က တိုက်ခိုက်နိုင်ခြေကို တုံ့ပြန်ရန်အတွက် အမေရိကန်လေတပ်သည် ဧရာမ ဗုံးကြဲလေယာဉ် B-52 များအား ပင်လယ်ကွေ့သို့ စေလွှတ်ခဲ့ကြောင်း ပင်တဂွန်က မေ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အီရန်နှင့် ၎င်း၏ကိုယ်စားလှယ်တပ်ဖွဲ့များသည် အမေရိကန်တပ်ဖွဲ့များအား တိုက်ခိုက်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်နေကြောင်း မကြာသေးမီက သိသာသည့် အထောက်အထားများရှိကြောင်း ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် နျူကလီးယားလက်နက် တပ်ဆင်နိုင်သော B-52 ဗုံးကြဲလေယာဉ် အများအပြားသည် လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးရေယာဉ်စုနှင့်အတူ ဒေသတွင်းသို့ ဦးတည်သွားခဲ့ကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။

လေယာဉ်တင်သင်္ဘော USS Abraham Lincolnနှင့် ဗုံးကြဲလေယာဉ်တပ်ဖွဲ့အား တပ်စွဲမှုသည် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အကျိုးစီးပွားများအား တိုက်ခိုက်ရန် အီရန်၏ အသင့်ဖြစ်နေသည့် လက္ခဏာများကို ချင့်ချိန်စဉ်းစား၍ တုံ့ပြန်မှုဖြစ်ကြောင်း ပင်တဂွန် ယာယီပြောခွင့်ရပုဂ္ဂိုလ် ချားစ်ဆမ်းမားက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အီရန်အစိုးရနှင့် စစ်ဖြစ်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း အလေးပေး ပြောကြားလိုသော်လည်း ဒေသတွင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ၊ မိမိတို့၏ မဟာမိတ်များနှင့် အကျိုးစီးပွားများအား ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုကြေညာချက်တွင်ဖော်ပြခဲ့သည်။

အမေရိကန်အကျိုးစီးပွားများ သို့မဟုတ် မိမိတို့မဟာမိတ်များ၏ အကျိုးစီးပွားများအား မည်သည့်တိုက်ခိုက်မှုမဆို ငဲ့ညှာမှုမရှိသော တုံ့ပြန်မှုနှင့်ကြုံရမည်ဖြစ်ကြောင်း အီရန်အစိုးရထံ ရှင်းလင်းပြီး အမှားအယွင်းမခံသော သတင်းစကားပေးခြင်းဖြစ်ကြောင်း တပ်ဖြန့်မှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က မေ ၅ ရက်နှောင်းပိုင်း၌ ပထမဆုံးအကြိမ် ကြေညာခဲ့သည်။ အီရန်၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်သော ထောက်လှမ်းရေး သတင်းအချက်အလက်များကို တုံ့ပြန်ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း ခြိမ်းခြောက်မှုနှင့် သက်ဆိုင်သော အကြောင်းအရာများအား အသေးစိတ်မထုတ်ပြန်ခဲ့ပေ။

ထိုခြိမ်းခြောက်မှုသည် ကုန်းမြေ သို့မဟုတ် ရေပြင်အခြေစိုက်မှ လာနိုင်ကြောင်း အရှေ့အလယ်ပိုင်းဒေသလည်း အကျုံးဝင်သည့် အမေရိကန်၏ ဗဟိုစစ်တိုင်းမှ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ကြီး ဘီလ်အာဘန်က ပြောကြားခဲ့သည်။ Lincoln လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးရေယာဉ်စုသည် ယခင်ကတည်းက စီစဉ်ထားသော တပ်စွဲမှုအတွက် ဒေသတွင်းသို့ သွားရောက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် အီရန်၏ ခြိမ်းခြောက်မှုကြောင့် ထိုရေယာဉ်စုအား ပင်လယ်ကွေ့၌ အမြန်တပ်ဖြန့်ရန် ဖြစ်စေခဲ့ပြီး Lincoln လေယာဉ်တင် သင်္ဘောက ခရိုအေးရှားနိုင်ငံ Split ဆိပ်ကမ်းသို့ သွားရောက်ရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သင်္ဘောအများအပြား၊ လေယာဉ်အမျိုးအစားများစွာနှင့် တပ်ဖွဲ့ဝင် ၆၀၀၀ ခန့်အပါအဝင် လေယာဉ်တင် သင်္ဘောရေယာဉ်စုသည် ဒေသတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အကျိုးစီးပွားများအား ကာကွယ်နိုင်ရန်နှင့် မည်သည့်ရန်စမှုကိုမဆို ဟန့်တားနိုင်ရန် အကောင်းဆုံးဖြစ်မည့်နေရာတွင် တပ်စွဲသွားမည်ဟု ထုတ်ပြန်ထားသည်။ အီရန်နှင့် အင်အားကြီးနိုင်ငံအချို့အကြား ရရှိခဲ့သော နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေး သဘောတူညီချက်မှ သမ္မတထရန့်က နုတ်ထွက်ခဲ့အပြီး တစ်နှစ်အကြာတွင် ယခုတပ်စွဲမှုပြုလုပ် ခဲ့ခြင်းဖြစ်သည်။                           

Ref: AFP

Most Read

Most Recent