မြန်မာစီးပွားရေး လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို အကဲဖြတ်သည့် ပွင့်သစ်စ အစီရင်ခံစာ ၂၀၁၉ တွင် City Mart၊ FMI၊ Max Myanmar တို့ ဦးဆောင်ခဲ့ပြီး မြန်မာကုမ္ပဏီအများစု ပွင့်လင်းမြင်သာမှု နည်းပါးနေဆဲဖြစ်

မြန်မာစီးပွားရေး လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို အကဲဖြတ်သည့် ပွင့်သစ်စ အစီရင်ခံစာ ၂၀၁၉ တွင် City Mart၊ FMI၊ Max Myanmar တို့ ဦးဆောင်ခဲ့ပြီး မြန်မာကုမ္ပဏီအများစု ပွင့်လင်းမြင်သာမှု နည်းပါးနေဆဲဖြစ်
ပုံနှိပ်ထုတ်ဝေထားသည့် ပွင့်သစ်စ အစီရင်ခံစာ ၂၀၁၉ ခုနှစ်ကို တွေ့ရစဉ် (ဓာတ်ပုံ- MCRB)
ပုံနှိပ်ထုတ်ဝေထားသည့် ပွင့်သစ်စ အစီရင်ခံစာ ၂၀၁၉ ခုနှစ်ကို တွေ့ရစဉ် (ဓာတ်ပုံ- MCRB)
Published 30 April 2019
စည်သူအောင်

မြန်မာစီးပွားရေး လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို အကဲဖြတ်သည့် ပွင့်သစ်စ အစီရင်ခံစာ ၂၀၁၉ တွင် City Mart၊ FMI၊ Max Myanmar တို့ ဦးဆောင်ခဲ့ပြီး မြန်မာကုမ္ပဏီ အများစုမှ ပွင့်လင်းမြင်သာမှု နည်းပါးနေဆဲ ဖြစ်ကြောင်း Myanmar Centre for Responsible Business (MCRB) က ထုတ်ပြန်သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိစေရေး အထောက်အကူပြုဌာန (MCRB) သည် ပဥ္စမအကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာကို ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာကို စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်သည့် Yever နှင့် တွဲဖက်လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ပွင့်သစ်စတွင် မြန်မာစီးပွားရေး လုပ်ငန်းပေါင်း ၂၄၈ ခု၏ ဝက်ဘ်ဆိုက်များကို လေ့လာအကဲဖြတ်ထားပြီး ၎င်းတွင် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီငါးခု၊ အများပိုင်ကုမ္ပဏီ ၅၅ ခုနှင့် ပုဂ္ဂလိကပိုင် ထင်ရှားသော ကုမ္ပဏီ ၁၆၀ ပါဝင်ကာ အစိုးရပိုင်လုပ်ငန်း ၂၈ ခုလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်သည်။ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် ၂၀၁၈ ၏ ရည်ရွယ်ချက်များကို အထောက်အကူ ပြုစေရန်နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင် SDG (အထူးသဖြင့် SDG 16) အောင်မြင်စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ဖြစ်သည်။

၂၀၁၉ ခုနှစ် ပွင့်သစ်စ အစီရင်ခံစာ စစ်တမ်းနည်လမ်းသည် ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသော သတင်းအချက်အလက်များကိုသာ အမှတ်ပေးထားပြီး ကော်ပိုရိတ် အကြောင်းအရာ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်ပုံ၊ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် အစီရင်ခံခြင်းတို့ကို အာဆီယံ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုရမှတ် မှတ်တမ်း စံသတ်မှတ်ချက်များနှင့် တိုင်းတာအကဲဖြတ် အမှတ်ပေးထားသည်။ MCRB နှင့် Yever တို့သည် ၂၀၁၉ အစီရင်ခံစာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်သော စွမ်းဆောင်ရည်ကို အမှတ်ပိုပေးထားကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ပွင့်သစ်စတွင် ရမှတ်အများဆုံး ရရှိသည့် ကုမ္ပဏီများမှာ City Mart Holding (CMHL)၊ First Myanmar Investment (FMI)၊ Max Myanmar၊ Shwe Taung၊ UAB Bank၊ GGI Insurance၊ Myanmar Thilawa SEZ Holding Public Ltd၊ Dagon Group၊ MSP CAT၊ AYA Bank တို့ဖြစ်သည်။

အစီရင်ခံစာတွင် အကဲဖြတ်ခဲ့သည့် ကုမ္ပဏီ ၂၄၈ ခုအနက် ၁၀၈ ခု (၄၄ ရာခိုင်နှုန်း) သည် ဝက်ဘ်ဆိုက်ပင် မရှိသေးဘဲ ဝက်ဘ်ဆိုက်ရှိသည့် ကုမ္ပဏီ အများစုမှာလည်း သတင်းအချက်အလက် အနည်းငယ်သာ တင်ထားခြင်း သို့မဟုတ် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များ ဖော်ပြမှု မရှိခြင်းတို့ တွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီငါးခုသည် ပျမ်းမျှရမှတ် ၃၂ ရာခိုင် နှုန်းစီရရှိပြီး အများပိုင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများထက် ပိုမိုကောင်းမွန်သည်ကို တွေ့ရသည်။ အများပိုင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် ပျမ်းမျှရမှတ် လေးရာခိုင်နှုန်းစီ ရရှိပြီး အစိုးရပိုင် လုပ်ငန်းများမှာ ပျမ်းမျှရမှတ် အနည်းဆုံးဖြစ်သည်။ အစိုးရပိုင် လုပ်ငန်းများတွင် ရမှတ်အများဆုံးမှာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးကော်ပိုရေးရှင်းတို့ဖြစ်ပြီး ၎င်းတို့၏ ပျမ်းမျှရမှတ်မှာ ငါးရာခိုင်နှုန်းအထက် ဖြစ်သည်။

MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုမန်က “၂၀၁၈ အစီရင်ခံစာမှာ ထိပ်တန်းရောက်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့ စွမ်းဆောင်ရည်ကို ပိုပြီးတိုးမြှင့်စေဖို့ လိုတယ်လို့ ၂၀၁၉ ပွင့်သစ်စကို ဆောင်ရွက်တဲ့အခါ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့က ကမ္ဘာက လက်ခံလေးစားတဲ့ Integrated Reporting Framework နဲ့ ဆက်နွှယ်တဲ့ စွမ်းဆောင်ရည်ဆိုင်ရာ စံနှုန်းတွေကို ထပ်တိုးခဲ့တာပါ။ အဲဒါက အာဆီယံ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုက မျှော်လင့်ထားတဲ့ အခြေခံ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ ထုတ်ဖော်တင်ပြမှုထက် ကျော်လွန်ပါတယ်။ ကုမ္ပဏီတွေက ထုတ်ထားတဲ့ မူဝါဒတွေကို ဘယ်လိုလက်တွေ့ အကောင်အထည် ဖော်သလဲ ဆိုတာကို ဖော်ပြနိုင်တဲ့ ကုမ္ပဏီတွေကို ဒီစံနှုန်းတွေက အသိအမှတ်ပြုပေးနိုင်ပြီး အမှတ်ရရှိစေမှာ ဖြစ်ပါတယ်။ ဒါမှလည်း ကုမ္ပဏီတွေက ဆက်လက်လျှောက်လှမ်းမှု ရှိနေတာလား၊ အပြောသက်သက်လား ဆိုတာကို တိုင်းတာနိုင်မှာပါ။ အဲဒါကပိုပြီးတော့ စိန်ခေါ်မှုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီတွေကို စနစ်တကျ ဖြစ်အောင်လုပ်ပြီး စွမ်းဆောင်ရည်ကို တိုင်းတာရတာ ဖြစ်လို့ပါ။ ရလဒ်အနေနဲ့ကတော့ ထိပ်တန်းကုမ္ပဏီ ၁၀ ခု၊ အခု ၂၀ ဟာ ထုတ်ဖော်တင်ပြမှုတွေ ပိုလုပ်လာကြပေမယ့် ၂၀၁၈ က ပျမ်းမျှရမှတ် ခုနစ်ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၉ မှာတော့ ပျမ်းမျှရမှတ်က ငါးရာခိုင်နှုန်းပဲ ရပါတော့တယ်” ဟု ပြောကြားသည်။ 

 

Most Read

Most Recent