အခြေခံပြည်သူတွေ နေရေးခက်ပြီး ဆောက်လုပ်ရေးကဏ္ဍပြိုလဲမှု ဘယ်လိုထူမ, ကြမလဲ

အခြေခံပြည်သူတွေ နေရေးခက်ပြီး ဆောက်လုပ်ရေးကဏ္ဍပြိုလဲမှု ဘယ်လိုထူမ, ကြမလဲ
Published 26 December 2017

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောင်ရွက်နေသည့် တည်ဆောက်ဆဲ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

၂၀၁၄ ခုနှစ် ကန်ထရိုက်တိုက်ခန်းဈေးကွက်တွင် ဆောက်လုပ်သူအချို့၏ မမှန်ကန်မှုများကြောင့် ယိမ်းယိုင်လာခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းများသည် ၂၀၁၅ ခုနှစ်အတွင်း ကျဆင်းမှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ကျ ဆင်းနေမှုကြောင့် မှန်ကန်သည့် မူဝါဒများဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး မျှော်လင့်ခဲ့ကြသော်လည်း ပြည်တွင်းဘဏ်များ၌ ၂၀၁၆ ခုနှစ် မတ်လအထိ အကြွေး ကျပ်နှစ်ထရီလျံကျော်ဖြင့် လည်ပတ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ အပြီးသတ်ထိုးချခံခဲ့ရသည့် ရိုက်ချက်ဖြစ်သော ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားခံရမှုတွင် ဗုန်းဗုန်းလဲခဲ့ရသည့် အခြေအနေ ဆိုက်ရောက်ခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ပြိုကျမှု၏ နောက်ကွယ်တွင် ဆက်စပ်နေသော အိမ်၊ ခြံ၊ မြေဈေးကွက်မှာလည်း အရောင်းအဝယ် ကျဆင်းခဲ့ပြီး အိမ်၊ ခြံ၊ မြေအကျိုးဆောင်များ၏ စစ်တမ်းများအရ တန်ဖိုးကြီး အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် တန်ဖိုးရာခိုင်နှုန်း ၃၀ ခန့် ကျဆင်းခဲ့ပြီး တန်ဖိုးနည်းသည့် အိမ်၊ ခြံ၊ မြေဈေးကွက်တွင် တန်ဖိုးရာခိုင်နှုန်း ၅၀ ခန့် ကျဆင်းခဲ့သည်ဟု ဆိုသည်။

သို့သော် ထိုသို့သော ကျဆင်းမှုများစွာ ဖြစ်ပေါ်နေသော်လည်း အိမ်၊ ခြံ၊ မြေဈေးကွက်မှာ အရောင်းအဝယ်ကျဆင်းမှုသာ ဖြစ်နေပြီး သာမန်ပြည်သူများ လက်လှမ်းမမီနိုင်သည့် ဈေးနှုန်းဖြစ်နေဆဲ ဖြစ်သည်။

ဥပမာအားဖြင့် ကျပ်သိန်း ၁၀၀၀ တန်ကြေးရှိသော မြေကွက်တစ်ကွက်သည် ငွေဖောင်းပွမှု၊ ငွေမည်းခဝါချမှုနှင့် မြေဈေးကစားမှုများအောက်တွင် ကျပ်သိန်း ၁၀၀၀၀ ခန့် ဖြစ်ပေါ်သွားပြီး အိမ်၊ ခြံ၊ မြေ ပူဖောင်းပေါက်ကာ ဈေးနှုန်းကျဆင်းသွားသည်ဟု ဆိုချိန်တွင်ပင် ကျပ်သိန်း ၅၀၀၀ ခန့် ဈေးဖြစ်နေဆဲဖြစ်ပြီး အမှန်ဈေးနှုန်း (Fair Price) ကျပ်သိန်း ၁၀၀၀ အနီးသို့ ပြန်ရောက်ရှိခြင်းမရှိဘဲ ဈေးနှုန်းကြီးမြင့်နေဆဲဟုသာ ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီတွင် ဆောက်လုပ်ရေးကဏ္ဍသည် ၁၀ ရာခိုင်နှုန်းဝန်းကျင်တွင် ပါဝင်သည်။ လက်ရှိတွင် ဆောက်လုပ်ရေးကဏ္ဍ ပြိုလဲမှုအတွက် အစိုးရအနေဖြင့် ထူမနိုင်ရေး ခေါင်းခဲနေရသကဲ့သို့ ပြည်သူများ၏ အိမ်ရာလိုအပ်ချက်နောက်ကွယ်တွင် တိုက်ခန်း၊ နေအိမ်ငှားရမ်းခများ ပုံမှန်ဈေးနှုန်း မြင့်တက်မှုနှင့် ရင်ဆိုင်နေရပြီး ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အိမ်ခန်းငှားရမ်းခ တိုးမြှင့်ခံနေရမှုဒဏ်ကို အခြေခံပြည်သူများ ရင်ဆိုင်နေရသည်။

ပုဂ္ဂလိကကဏ္ဍမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကျပ်ထရီလျံချီ အကြွေးတင်ပြီး အတိုးပင်မသတ်နိုင်သည့် အခြေအနေတွင် နိုင်ငံတော်မှတည်ဆောက်မည့် အိမ်ရာစီမံကိန်းများတွင် ဝင်ရောက်တိုးဝင်နေကြသည့် အစိုးရ၏ တန်ဖိုးသင့်၊ တန်ဖိုးနည်းစီမံကိန်းများမှာလည်း ဈေးနှုန်းကြီးမြင့်လှသည့် စီမံကိန်းအချို့၏ နေရာနှင့် အချက်အချာကျမှု မှားယွင်းခြင်းအပြင် ပြည်သူများ လက်လှမ်းမမီသည့် ဈေးနှုန်းများဖြစ်နေသဖြင့် စီမံကိန်းများမှာ အမည်ခံသာဖြစ်နေပြီး ထင်တိုင်းမပေါက်သည့် စီမံကိန်း ၂၀ ခန့် ရှိနေသည်။

ထို့ပြင် အစိုးရကတည်ဆောက်သည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင်လည်း နှစ်ရှည်အရစ်ကျဟုဆိုသော်ငြား အခြေခံအဆောက်အအုံတွင် အနိမ့်ဆုံးဖြစ်သည့် သွားလာရေးပင် မချောမွေ့သဖြင့် သာမန်ပြည်သူများကား အချက်အချာ၊ အသွားအလာ အဆင်ပြေသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း အချို့တွင်ပင် ဝယ်ယူလိုနေကြပြီး ကျန်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင်လည်း ရေ၊ မီးအပါအဝင် သုံးစွဲသည့် အိမ်သုံးအစိတ်အပိုင်းအချို့မှာ အပေါစားများသုံးစွဲထားသဖြင့် ပြည်သူများ ထပ်ဆောင်းငွေကုန်ကျရမှု ရှိနေပြန်သည်။ ထို့ပြင် အစိုးရက နှစ်ရှည်အရစ်ကျရောင်းချသည့် တန်ဖိုးနည်းတိုက်ခန်းများ၏ ဘဏ်တိုးနှုန်းစုစုပေါင်းမှာ တိုက်ခန်းတန်ဖိုး ခန့်ပင်ဖြစ်နေသဖြင့် အလွန်အမင်း များပြားသည့် အတိုးနှုန်းဖြစ်ပေါ်နေသည်။

မြန်မာ့စီးပွားရေးကျဆင်းခြင်းသည် ဆောက်လုပ်ရေးကဏ္ဍကို ဆွဲချခဲ့ခြင်းကြောင့် ဖြစ်သည်ဟုဆိုပါက အဆိုပါဆောက်လုပ်ရေးကဏ္ဍနှင့်ပင် မြန်မာ့စီးပွားရေးကို ပြန်လည်မောင်းနှင်နိုင်ရန် လိုအပ်သည်။ ထိုသို့ မောင်းနှင်နိုင်မည့် အချက်အလက်အဖြစ် စုပေါင်းပိုင် အဆောက်အအုံ နည်းဥပဒေတွင် နိုင်ငံခြားသားများကို ဝယ်ယူပိုင်ဆိုင် ခွင့်ပေးအပ်ထားမှုနှင့် ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျုးကျော်များအတွက် အိမ်ရာပေးအပ်မည့် စီမံကိန်းများအပြင် အစိုးရ၏ တည်ဆောက်ရေးစီမံကိန်းများကို အချိန်အခါမှန်ကန်စွာဖြင့် အဂတိလိုက်စားမှုမပါဝင်ဘဲ မှန်ကန်စွာ သုံးသပ်လုပ်ဆောင်ရန် လိုအပ်သည်။

Most Read

Most Recent