ပြင်သစ်-ခရိုအေးရှားယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို အာဂျင်တီးနားဒိုင်လူကြီးပီတာနာ ကိုင်တွယ်မည်

ပြင်သစ်-ခရိုအေးရှားယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို အာဂျင်တီးနားဒိုင်လူကြီးပီတာနာ ကိုင်တွယ်မည်
Published 14 July 2018

ဇူလိုင် ၁၅ ရက်တွင် ပြင်သစ်နှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို အာဂျင်တီးနားဒိုင်လူကြီး ပီတာနာ တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ဇူလိုင် ၁၂ ရက်တွင် ကြေညာသည်။

အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ပီတာနာသည် ရုပ်ရှင်သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်က ထုတ်လုပ်ဖြန့်ချိသည့် " The Fury " အမည်ရှိ အက်ရှင်ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ဖူးကြောင်း သိရသည်။

ထို့ပြင် ကျွမ်းဘားနည်းပြဆရာအဖြစ်လည်း လုပ်ကိုင်ဖူးသည့် ပီတာနာသည် ၂၀၁၀ ပြည့်နှစ်တွင် FIFA အသိအမှတ်ပြုဒိုင်လူကြီး ဖြစ်လာပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်(၃)ပွဲနှင့် ကွာတားဖိုင်နယ်တစ်ပွဲ ကိုင်တွယ်ခွင့်ရခဲ့သည်။

၎င်းသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း စုစုပေါင်းလေးပွဲ ကိုင်တွယ်ခွင့်ရထားပြီး ဗိုလ်လုပွဲပါဝင်လျှင် (၅)ပွဲအထိ ကိုင်တွယ်ခွင့်ရမည်ဖြစ်သည်။

ပီတာနာသည် အိမ်ရှင်ရုရှားနှင့် ဆော်ဒီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပြိုင်ပွဲအဖွင့်ပွဲစဉ်၊ မက္ကဆီကို-ဆွီဒင် အုပ်စုပွဲစဉ်၊ ခရိုအေးရှား-ဒိန်းမတ် ၁၆ သင်းအဆင့်ပွဲစဉ်နှင့် ဥရုဂွေး- ပြင်သစ် ကွာတားဖိုင်နယ်ပွဲစဉ်များကို ကိုင်တွယ်ခွင့်ရထားခြင်းဖြစ်သည်။

၎င်းသည် ၁၆ သင်းအဆင့်ပွဲ၌ ခရိုအေးရှားအသင်းအား အဝါကတ်၊ အနီကတ် တစ်ကြိမ်မျှပြသခဲ့ခြင်း မရှိသည့်အပြင် အချိန်ပို ၁၁၆ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ပြုခဲ့ပြီး ကွာတားဖိုင်နယ်ပွဲတွင်မူ ပြင်သစ်အသင်းအား အဝါကတ်နှစ်ကြိမ် ပြသခဲ့ဖူးသည်။

ပီတာနာသည် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကိုင်တွယ်ခွင့်ရသည့် ဒုတိယမြောက် အာဂျင်တီးနားဒိုင်လူကြီးလည်းဖြစ်သည်။

Most Read

Most Recent