နိုင်ဂျီးရီးယားကိုအနိုင်ယူပြီး အုပ်စု (D) ကို ဦးဆောင်လိုက်တဲ့ ခရိုအေးရှား

နိုင်ဂျီးရီးယားကိုအနိုင်ယူပြီး အုပ်စု (D) ကို ဦးဆောင်လိုက်တဲ့ ခရိုအေးရှား
Published 17 June 2018

Photo: Getty Images

■ ခရိုအေးရှား ၂-၀ နိုင်ဂျီးရီးယား

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု(D) ရဲ့ ဒုတိယပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနဲ့ နိုင်ဂျီးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ခရိုအေးရှားအသင်းက (၂)ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဥရောပထိပ်တန်းကစားသမားအများစုနဲ့ စုဖွဲ့ထားတဲ့ ခရိုအေးရှားအသင်းဟာ ယခုပြိုင်ပွဲမှာ ဖျက်မြင်းအသင်းတစ်သင်းအဖြစ်သတ်မှတ်ခံထားရပြီး ပွဲဦးထွက်ရလဒ်ကောင်းရရှိဖို့အတွက် အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာပါတယ်။ နည်းပြဒါလစ်ဟာ ခရိုအေးရှားအသင်းကို ခရမ်မာရစ်၊ မန်ဇူကစ်၊ မိုဒရစ်၊ ပါရီဆစ်၊ ရာကီတစ်၊ ဗာဆယ်လ်ကို၊ လိုဗရန်စတဲ့ အဓိက ကစားသမားတွေကို ပွဲထုတ်ခဲ့တာပါ။

နိုင်ဂျီးရီးယားအသင်းကလည်း အီဂါလို၊ အန်ဒီဒီ၊ အီဝိုဘီ၊ မိုဆက်စ်၊ မီခေးလ် စတဲ့ ကစားသမားတွေကို အမာခံထားပြီး ခရိုအေးရှားအသင်းကို အကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ပွဲစကတည်းက ခရိုအေးရှားအသင်းဟာ နိုင်ဂျီးရီးယားအသင်းဘက်ကို ရာကီတစ်၊ မန်ဇူကစ်၊ ပါရီဆစ်တို့ရဲ့ ကွင်းလယ်ပိုင်းအားသာချက်နဲ့ ဖိအားပေးဖို့ကြိုးပမ်းခဲ့ပြီး မိနစ် (၃၀)မှာ ဂိုးစရခဲ့ပါတယ်။ မန်ဇူကစ်ရဲ့ ခေါင်းတိုက်ချက်ဟာ နိုင်ဂျီးရီးယားကွင်းလယ်လူ အီတီဘိုနှင့် ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်ပိုင်း နိုင်ဂျီးရီးယားအသင်းဟာ ချေပဂိုးအတွက်ကြိုးပမ်းခဲ့ပေမယ့် ခရိုအေးရှားအသင်းရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားဆူဘာဆစ်တို့ကို မကျော်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ခရိုအေးရှားအသင်းဟာ ပိုမိုဖိဖိစီးစီးကစားခဲ့ပြီး ပွဲချိန် (၇၁)မိနစ်မှာတော့ မန်ဇူကစ်ကို နိုင်ဂျီးရီးယားနောက်ခံလူအီကွန်ဆွဲခဲ့တာကြောင့် ခရိုအေးရှားတို့ ပယ်နယ်တီ ရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကို အသင်းခေါင်းဆောင် မိုဒရစ်က အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး ခရိုအေးရှားအသင်းအတွက်အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုရရှိစေခဲ့ပါတယ်။

(၂)ဂိုးပေးလိုက်ရပြီးနောက်ပိုင်း နိုင်ဂျီးရီးယားအသင်းဟာ အီဝိုဘီနဲ့ မီခေးလ်အစား မူဆာနဲ့ အီဟီယန်နာချိုတို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက်မှာ နိုင်ဂျီးရီးယားတိုက်စစ်ဟာ အသက်ဝင်လာခဲ့ပေမယ့် ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် ပွဲအပြီးမှာ (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခရိုအေးရှားဟာ နာမည်ကျော် အာဂျင်တီးနားအသင်းကို ကျော်ပြီး အုပ်စု(D)အမှတ်ပေးဇယားကို ရမှတ်(၃)နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

Most Read

Most Recent