အဝေးကွင်းမှာသရေကျပြီး ချယ်လ်ဆီးအသင်း နိုင်ပွဲဆက်မှုရပ်တန့်

အဝေးကွင်းမှာသရေကျပြီး ချယ်လ်ဆီးအသင်း နိုင်ပွဲဆက်မှုရပ်တန့်
Published 24 September 2018

ပရီးမီးယားလိဂ်ပွဲစဉ် (၆) တနင်္ဂနွေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲမှာတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ (၅)ပွဲဆက်အနိုင်ရလဒ် ရပ်တန့်သွားခဲ့ပါတယ်။

မနေ့ကပွဲစဉ်မှာ ရမှတ်တူပြိုင်ဘက် လီဗာပူးလ်အသင်း (၆)ပွဲဆက်အနိုင်ရခဲ့တာကြောင့် ဆာရီဟာ ဝက်စ်ဟမ်းကွင်းမှာ နိုင်ပွဲရဖို့ကြိုးစားခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်စုဖွဲ့မှုနဲ့ ကစားအားကိုတော့ ကျော်နိုင်ခြင်းမရှိပါဘူး။

တစ်ပွဲလုံးမှာ ချယ်လ်ဆီးအသင်း ဘောလုံးပိုင်မှု (၇၂%) အထိရှိခဲ့ပေမယ့် ထိရောက်တဲ့ဂိုးသွင်းခွင့်တွေ အများကြီးမရခဲ့သလို၊ ပွဲထွက်တိုက်စစ်မှူး ဂျရူးနဲ့ လူစားဝင်တိုက်စစ်မှူး မိုရာတာတို့ (၂)ဦးစလုံး ကွင်းလယ်ပိုင်းနဲ့ ချိတ်ဆက်မှုမှာ နားလည်မှုတွေလိုအပ်နေတုန်းပါပဲ။

အဓိကကစားသမား ဟာဇက် ဒီနေ့ပွဲမှာ အကောင်းဆုံးပုံစံကိုမပြနိုင်ခဲ့တာကလည်း ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဘက်မှာလည်း အဓိကကစားသမား အာနော်တိုဗစ်မပါ

ပွဲရဲ့အလှည့်အပြောင်းအခိုက်အတန့်တွေက ဒုတိယပိုင်းမှာဖြစ်ခဲ့ပြီး နှစ်သင်းစလုံး အခွင့်အရေးကောင်းတွေ ကိုယ်စီရခဲ့ပါတယ်။

မိုရာတာရဲ့ပိတ်သွင်းမှု ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီးရဲ့မျက်နှာကိုထိခဲ့လို့ ချယ်လ်ဆီးနစ်နာခဲ့သလို၊ ဝက်စ်ဟမ်းကွင်းလယ်လူ ယာမိုလန်ကိုရဲ့ တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်ခွင့်ဟာလည်း ဂိုးဘေးကထွက်ခဲ့လို့ ဝက်စ်ဟမ်းအတွက် ကံဆိုးခဲ့ရပါတယ်။

ပွဲပြီးခါနီးမှာ ချယ်လ်ဆီးအသင်းက ဟာဇက်၊ ဝီလီယံတို့ရဲ့ကန်သွင်းမှုတွေကို ဖာဘီယန်စကီး ကာကွယ်နိုင်ခဲ့လို့လည်း ချယ်လ်ဆီးတို့ ဂိုးမရခဲ့တာပါ။

ဒီနေ့ပွဲစဉ်မှာ ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ဘောလုံးပေးပို့မှု အကြိမ် (၁၈၀)အထိပြုလုပ်ခဲ့ပြီး ဒါဟာ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွင်း ကစားသမားတစ်ဦးရဲ့အကြိမ်အများဆုံး ဘောလုံးပေးပို့မှုလည်းဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းနဲ့ ရမှတ်တူအဆင့်(၃)နေရာအထိ ဆင်းပေးခဲ့ရပါတယ်။