ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ထပ်မံကန့်သတ် ဖိနှိပ်နိုင်သည့် အငြင်းပွားဖွယ် ဥပဒေကြမ်း တစ်ခုဖြစ်၍ လွှတ်တော်အနေဖြင့် လက်ခံအတည်မပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဆွေးနွေး

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ထပ်မံကန့်သတ် ဖိနှိပ်နိုင်သည့် အငြင်းပွားဖွယ် ဥပဒေကြမ်း တစ်ခုဖြစ်၍ လွှတ်တော်အနေဖြင့် လက်ခံအတည်မပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဆွေးနွေး
Published 6 March 2018

ရန်ကုန်မြို့၌ မတ် ၃ ရက်က ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ကန့်ကွက်ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ထပ်မံကန့်သတ် ဖိနှိပ်နိုင်သည့် အငြင်းပွားဖွယ် ဥပဒေကြမ်း တစ်ခုဖြစ်၍ လွှတ်တော်အနေဖြင့် လက်ခံအတည်မပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ နော်လှလှစိုးက ပြောကြားသည်။

မတ် ၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နော်လှလှစိုးက “မဲဆန္ဒရှင် ပြည်သူလူထုကို တိုက်ရိုက်ကိုယ်စားပြုနေတဲ့ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍဟာ ပြည်သူထုရဲ့ အခြေခံ အခွင့်အရေးတွေကို ပိတ်ပင်ဟန့်တားထားပြီး လိုရင်လိုသလို ဖိနှိပ်နိုင်တဲ့ အငြင်းပွားဖွယ်ဥပဒေကို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ဖို့ ဖြစ်ပါတယ်။ ဒီလို ထပ်မံကန့်သတ်ဖိနှိပ်နိုင်တဲ့ အငြင်းပွားဖွယ် ဥပဒေကြမ်းတစ်ခုကို လွှတ်တော်အနေနဲ့ လက်ခံ အတည်မပြုသင့်ပါဘူး” ဟု အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသည့် နိုင်ငံဖြစ်ကြောင်း၊ ဒီမိုကရေစီ အဝန်းအဝိုင်းကို ချဲ့နိုင်သမျှ ချဲ့ရမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့် ဟူသည် အခြေခံကျသည့် လူ့အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် ယင်းအခွင့်အရေးအား ရရှိသည်မှာ မကြာသေးကြောင်း၊ ယခု ပြန်လည်ကန့်သတ်လိုက်ပြန်ပြီဆိုသည့် အနေအထားမျိုး ဖြစ်သွားမည် ကိုစိုးရိမ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများ၏ ကိုယ်ကျင့်တရားအလို့ငှာ ဆိုသည်မှာ လွန်စွာကျယ်ပြန့်လွန်းကြောင်း၊ ကျယ်ပြန့်လွန်းအားကြီးသည့်အတွက် ခွင့်မပြုချင်လျှင် ဘယ်အရာမှ ခွင့်မပြုနိုင်အောင် လုပ်နိုင်သည့် အနေအထားမျိုး ရှိနေကြောင်း၊ တိကျသည့် သတ်မှတ်ချက်၊ အဓိပ္ပာယ် ဖွင့်ဆိုချက် မရှိဘဲ လိုလျှင် လိုသလို ဆွဲနိုင်ခြင်းက အခြေခံ လူ့အခွင့်အရေးကို ထိပါးနှောင့်ယှက်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း နော်လှလှစိုးက ပြောကြားသည်။

နော်လှလှစိုးက “ဥပဒေကြမ်းရဲ့ အပိုဒ် ၃/၄ ပုဒ်မ ခွဲ (ဃ) ကို ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းပြုလုပ်မည့် အစီအစဉ်အပြည့်အစုံ ထပ်မံဖြည့်စွက်ဖို့ ဥပဒေကြမ်းကော်မတီက ဖော်ပြထားပါတယ်။ အစီအစဉ်အပြည့်အစုံ ဆိုတာက ဘယ်လောက်အထိ ပြည့်စုံရမှာလဲ။ သေချာတာကတော့ အာဏာပိုင် တာဝန်ရှိ သူတွေဘက်က အစီအစဉ်မပြည့်စုံပါလို့ အ ကြောင်းပြပြီး တစ်ချက်တည်းနဲ့ တရားစွဲလို့ရမယ့် အနေအထားဖြစ်နေပါတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်မယ့် စီစဉ် သူတွေနဲ့ တာဝန်ရှိသူတွေအကြား အများကြီး ဝိဝါဒကွဲပြားမှု ရှိနိုင်ပါတယ်။ ဆန္ဒပြမှုတွေမှာ လူ ၅၀ တင်ထားလည်း ၅၀၀ လောက်လာနိုင် ပါတယ်။ ၁၀၀၀ လောက်မှန်းထားလည်း ၁၀၀ ပြည့်ချင်မှပြည့်မှာပါ။ ဒါတွေဟာ တစ်ဦးတစ် ယောက်ချင်းစီရဲ့ စိတ်အားထက်သန်မှုအ ပေါ်မှာမူတည်လို့ အတိအကျ၊ အပြည့်အစုံ ဆိုတာ ခက်ခဲပါတယ်။ ဥပဒေဆိုတာ ပြည်သူ တွေ ခက်ခဲအောင် လုပ်မှာလား၊ လွယ်ကူအောင် လုပ်ပေးမှာလား။ မနှစ်က ကျွန်မတို့ ဆွေးနွေးတုန်းကဆိုရင် လူတွေကို များများ ဆန္ဒဖော်ထုတ်စေချင်လွန်းလို့ဆိုတာ စေတနာ နဲ့သိထားပါတယ်။ အပိုဒ် ၄ ပုဒ်မ ၁၈ မှာ ‘ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက် ပြားစေရန် ငွေ သို့မဟုတ် ပစ္စည်းကိုသော် လည်းကောင်း’ ဆိုတဲ့ ဆန္ဒပြပွဲကျင်းပဖို့ ငွေ ကြေးအကုန်အကျခံမယ့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းနဲ့ ခန့်မှန်းကုန်ကျစရိတ်ကိုပါ တင်ပြရမည့်အချက်ပါပါတယ်။ ဒီပြင်ဆင် ချက်ဟာ မရိုးသားသော အတုအယောင် ဆန္ဒ ပြပွဲများကို ရည်ညွှန်းတယ်ထင်ပါတယ်။ငွေ ကြေးကုန်ကျမယ့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အ စည်းကို ဖော်ပြရမယ်ဆိုတာက တကယ်တမ်း လက်တွေ့မှာ အခက်အခဲတွေရှိပါတယ်။ တကယ့်တက်ကြွ လှုပ်ရှားသူတွေဆိုတာ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်း ရှိတာကို ဝိုင်းစိုက်ပြီး လုပ်ကြတာမျိုးပါ။ ဥပဒေတစ်ခုကို ပြဋ္ဌာန်းမယ်ဆိုရင် တကယ်လိုလား၊ မလိုဘူးလား၊ အကျိုးရှိမလား၊ မရှိဘူးလား၊ လက်တွေ့ကျင့် နိုင်မှုရှိလား၊ မရှိဘူးလားကို ကြည့်ရပါမယ်။ ပြီးတော့ ဘယ်ဆန္ဒပြပွဲကိုမဆို အလိမ်အညာလော၊ အစစ်အမှန်လော ဆိုသည်ကို ပြည်သူလူထုက ကောင်းစွာခွဲခြားနိုင်ပါတယ်” ဟု ဆွေးနွေးသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဌေးဦးက “ပြဋ္ဌာန်းချက်တွေက ဘာမှ တိတိကျကျ မရှိဘူး။ ဥပဒေအင်္ဂါရပ်လည်း တစ်ခုမှ မပါဘူး။ ဒီလိုပြဋ္ဌာန်းထားတဲ့ အသုံးအနှုန်းတွေဟာ အာဏာရှင် လက်သုံးတော် အကြိုက် စကားလုံးတွေပဲ။ အဲဒီဟာမျိုးတွေနဲ့ ကျွန်တော် ဆွေးနွေးတဲ့ အထဲမှာလည်း ပါပါတယ်။ NLD ပါတီဝင်ဖြစ်တာနဲ့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး ပျက်ပြားမယ် ဆိုပြီးတော့ ကျွန်တော်တို့ကို လပေါင်းများစွာ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီးတော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတာပဲ။ အဲဒီတော့ ဒီလိုစကားလုံးတွေက ခံရတဲ့လူလည်း သိသလို ဒီအမှုလိုက်တဲ့ ရှေ့နေတွေ ကိုယ်တိုင်လည်း သိတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ကို အဲဒီလိုစကားလုံးတွေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရပေါ့။ အရင်တုန်းကဆို အရေးပေါ်စီမံမှုဥပဒေတို့၊ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီး သူတွေကို ကာကွယ်တဲ့ ဥပဒေတွေနဲ့ စွပ်စွဲလိုက်ပြီဆိုရင် စွပ်စွဲခံရသူတွေက ဘယ်လောက်ပဲ နစ်နာခဲ့၊ နစ်နာခဲ့ ကိုယ့်နစ်နာမှုကို တရားရုံးကိုတင်ပြကြည့် တရားရုံးက ဥပဒေမှာ ခင်ဗျားတို့နစ်နာတာကို ကျွန်တော်တို့ ထည့်စဉ်းစားဖို့ မပါဘူး။ ခင်ဗျားတို့ နိုင်ငံတော်လုံခြုံရေးကို ထိသလား။ ငြိမ်ဝပ်ပိပြားရေးကို ထိသလား။ တရားဥပဒေစိုးမိုးရေးကို ထိသလား။ အဲဒီမှာ တစ်ခုခု ငြိတယ်ဆိုရင် ထောင်ချလိုက်တာပဲ။ အဲဒီတော့ ဒါသည် တကယ်နစ်နာလို့ နစ်နာပါတယ်လို့ ပြောတဲ့လူတွေအတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး။ ပြောမယ်ဆိုရင် ဥပဒေရဲ့ စံချိန်၊ စံညွှန်းနဲ့လည်း မကိုက်ဘူး။ ဒီမိုကရေစီစံချိန်၊ စံညွှန်းနဲ့လည်း မကိုက်ဘူး။ အဲဒီအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ရည်ရွယ်ချက် သန္နိဋ္ဌာန်မှာကို ဒီအာဏာရှင်ဆန်တဲ့ အပြုအမူတွေ၊ ပြည်သူတွေကို ဖိစီးနှိပ်စက်မှုတွေ၊ မြန်မာပြည်မြေပုံမှာ ဘယ်သောအခါမှ မရှိအောင် လုပ်မယ်လို့ ကျွန်တော်တို့က သန္နိဋ္ဌာန်ချထားတာ” ဟု ပြောကြားသည်။

သို့ရာတွင် ဒီမိုကရေစီလမ်းကြောင်းအား လမ်းလွဲအောင် လုပ်နေသည့် လက်မည်းကြီးများကိုလည်း လျစ်လျူရှု၍ မရသဖြင့် ၎င်းတို့ကို အရေးယူမည် ဆိုပါကလည်း ဖြစ်ကတတ်ဆန်း ယခင်အတိုင်း လုပ်ဆောင်မှုမျိုးကို လက်မခံဘဲ အဆိုပါ ပုဂ္ဂိုလ်များကို တိတိကျကျ ဖော်ထုတ်၍ အရေးယူနိုင်မည့် ဥပဒေမျိုး လုပ်ဆောင်သင့်ကြောင်း ဦးဌေးဦးက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းအား ဆွေးနွေးရန် ကိုယ်စားလှယ် ၁၃ ဦး အမည်စာရင်း တင်သွင်းထားပြီး ကျန်ရှိနေသည့် ကိုယ်စားလှယ်များ အနေဖြင့် မတ် ၇ ရက် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

 

Most Read

Most Recent