ယခုနှစ်တွင် အမျိုးသမီးဘောလုံးသမားများအတွက် Women's Ballon d'Or ဆုကို စတင်ချီးမြှင့်သွားမည်ဟု ပြင်သစ်ဘောလုံးမဂ္ဂဇင်း ကြေညာ

ယခုနှစ်တွင် အမျိုးသမီးဘောလုံးသမားများအတွက် Women's Ballon d'Or ဆုကို စတင်ချီးမြှင့်သွားမည်ဟု ပြင်သစ်ဘောလုံးမဂ္ဂဇင်း ကြေညာ
Published 25 September 2018

Photo: AP

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၂၀၁၈ ခုနှစ်အတွက် ချီးမြှင့်မည့် Ballon d'Or ဆုပေးပွဲတွင် အမျိုးသမီးဘောလုံးသမားများအတွက် Women's Ballon d'Or ဆုကို ပထမဆုံးအကြိမ် ထည့်သွင်းချီးမြှင့်သွားမည်ဟု ကြေညာခဲ့သည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် Ballon d'Or ဆုကို ၁၉၅၆ ခုနှစ်မှစ၍ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဘောလုံးလောကတွင် တန်ဖိုးအမြင့်မားဆုံး တစ်ဦးချင်းထူးချွန်ဆုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ဖီဖာနှင့်ပူးပေါင်းကာ FIFA Ballon d'Or ဆုအဖြစ် ပြောင်းလဲချီးမြှင့်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၌ သီးခြားပြန်လည်ရပ်တည်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဖီဖာကလည်း The Best ဆုကို ၂၀၁၆ ခုနှစ်မှစ၍ အသစ်ဖန်တီးချီးမြှင့်လာခဲ့ခြင်းဖြစ်သည်။
ယခု ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဖီဖာ၏ The Best ဆု ချီးမြှင့်မည့်နေ့တွင် ချိန်သားကိုက်အဖြစ် အမျိုးသမီး Ballon d'Or ဆု ထပ်တိုးချီးမြှင့်သွားမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ အယ်ဒီတာ ပါစကယ်လ်ဖာရေးက တိုးတက်ဖွံ့ဖြိုးလာသည့် အမျိုးသမီးဘောလုံးကို ပိုမိုမြှင့်တင်ပေးရန်နှင့် အမျိုးသားများနှင့်တန်းတူ လေးစားမှုရှိကြောင်း ပြသသည့်အနေဖြင့် အမျိုးသမီး Ballon d'Or ဆု ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက ''အမျိုးသမီးဘောလုံးဟာ အရှိန်ကောင်းကောင်းနဲ့ တိုးတက်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ရုပ်သံက ကြည့်ရှုခဲ့သူပေါင်း သန်း(၇၆၀)ကျော် ရှိခဲ့ပါတယ်။ ဒါကြောင့် အမျိုးသားတွေနဲ့ တန်းတူချီးမြှောက်ဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ အမျိုးသားဆုအတွက် မဲပေးတဲ့အတိုင်းတော့ ပြုလုပ်သွားမှာမဟုတ်ပါဘူး။ ကျွမ်းကျင်သူတွေပဲ သီးသန့်မဲပေးသွားမှာပါ။ အမျိုးသမီးဘောလုံး တိုးတက်ထွန်းကားနေတဲ့ နိုင်ပွဲတွေက ဂျာနယ်လစ်(၄၀)ရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်သွားဖို့ စီစဉ်ထားပါတယ်'' ဟုဆိုခဲ့သည်။
အမျိုးသမီး Ballon d'Or ဆုအတွက် ဆန်ခါတင်(၁၅)ဦးစာရင်းကို အောက်တိုဘာ(၈)ရက်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် အမျိုးသား Ballon d'Or ဆုအတွက် ဆန်ခါတင်(၃၀)ဦးစာရင်းကိုလည်း ထုတ်ပြန်ပေးသွားမည်ဟု သိရှိရသည်။
ထို့ပြင် ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် အသက်(၂၁)နှစ်အောက်ကစားသမားများထဲမှ အကောင်းဆုံးကစားသမားကိုလည်း Ballon d'Or ဆု ရရှိဖူးသည့် ကစားသမားဟောင်းများ၏ ဆန္ဒမဲဖြင့် ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ယင်းလူငယ်ဆုကိုမူ Kopa Trophy ဟု အမည်ပေးထားကြောင်း၊ ယင်းအမည်မှာ Ballon d'Or ဆုကို ပြင်သစ်ကစားသမားများထဲမှ ပထမဆုံးရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က သေဆုံးသွားခဲ့သည့် ရေမွန်ကိုပါအား ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ၂၀၁၈ ခုနှစ်အတွက် Ballon d'Or ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၃)ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။