ဝါရင့်နောက်ခံလူ ကာဟေးလ် ချယ်လ်ဆီးထံမှ ထွက်ခွာခွင့်တောင်းဖွယ်ရှိနေ

ဝါရင့်နောက်ခံလူ ကာဟေးလ် ချယ်လ်ဆီးထံမှ ထွက်ခွာခွင့်တောင်းဖွယ်ရှိနေ
Published 22 September 2018

ချယ်လ်ဆီးအသင်းနောက်ခံလူ ကာဟေးလ်က ပွဲထွက်ခွင့် ဆက်လက်ပျောက်ဆုံးနေလျှင် လာမည့်ဇန်နဝါရီလ၌ အသင်းမှထွက်ခွာခွင့် တောင်းဆိုသွားမည်ဟု ပြောကြားခဲ့သည်။

(၃၃)နှစ်အရွယ်ရှိ ဝါရင့်ကစားသမားမှာ ယခုရာသီကုန်တွင် စာချုပ်သက်တမ်းပြည့်မည်ဖြစ်ပြီး နည်းပြသစ် ဆာရီလက်အောက်တွင် ပြိုင်ပွဲစုံတစ်မိနစ်မျှ ကစားခွင့်မရသေးသူလည်းဖြစသည်။

'' ကျွန်တော့်ရဲ့ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးရမယ်။ ဒီရာသီဟာ ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်။ ဘောလုံးဟာ တစ်ခါတစ်ရံ လူတွေကိုမစောင့်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်တွေ ချမှတ်ရပါမယ်။ ကလပ်အသင်းက ပိုအရေးပါတာမှန်ပေမယ့် ကိုယ့်ရဲ့အခြေအနေအတွက် အဖြေတော့ရှာဖွေရမှာပါ'' ဟု ကာဟေးလ်က ပြောကြားခဲ့သည်။

ချယ်လ်ဆီးနည်းပြ ဆာရီသည် ပြီးခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ကစားသမား(၅)နေရာအထိ အပြောင်းအလဲလုပ်ခဲ့သော်လည်း နောက်ခံအတွင်းလူ (၂)နေရာတွင် ရူဒီဂါ၊ ခရစ္စတင်ဆန်တို့ကိုပွဲထုတ်ကာ ကာဟေးလ်ကိုမူ အရန်ခုံတွင်သာထားခဲ့သည်။

အက်စတွန်ဗီလာနှင့် ဘော်လ်တန်ကစားသမားဟောင်း ကာဟေးလ်မှာ ၂၀၁၂၊ ဇန်နဝါရီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာပြီး ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားအပါအဝင် အဓိကဖလားအားလုံးကို အသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်။

ထို့ပြင် ၎င်းမှာ ပြီးခဲ့သည့်နိုင်ငံတကာရက်သတ္တပတ်တွင် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှလည်း ချန်လှပ်ခံခဲ့ရသည်။