သက်သေလိမ်လည်ထွက်ဆိုမှုကြောင့် ထောင်ငါးနှစ်ကျခံရနိုင်သည့်စွဲချက်နှင့် လိုဗရန် ရင်ဆိုင်နေရ

သက်သေလိမ်လည်ထွက်ဆိုမှုကြောင့် ထောင်ငါးနှစ်ကျခံရနိုင်သည့်စွဲချက်နှင့် လိုဗရန် ရင်ဆိုင်နေရ
Published 21 September 2018

သက်သေလိမ်လည်ထွက်ဆိုမှုကြောင့် စွဲချက်တင်ခံထားရသည့် မိုဒရစ်(ဝဲ) နှင့် လိုဗရန် (Photo – AFP)

လီဗာပူးလ်အသင်း၏ ခရိုအေးရှားလက်ရွေးစင်နောက်ခံလူ လိုဗရန်သည် တရားရုံး၌ သက်သေလိမ်လည်ထွက်ဆိုမှုကြောင့် စွဲချက်တင်ခံရပြီး ထောင်ဒဏ်ငါးနှစ်အထိ ကျခံရမည့်အရေး ရင်ဆိုင်နေရကြောင်း သိရသည်။

လိုဗရန်သည် အသင်းဟောင်းဖြစ်သည့် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်း အမှုဆောင်ချုပ်ဟောင်း ဒရာဂိုမာမစ်အပါ အဝင်အကြီးတန်းအရာရှိသုံးဦး၏ အဂတိလိုက်စားမှု၊ အခွန်ရှောင်မှုစွဲချက်များအတွက် တရားရုံး၌ သက်သေထွက်ဆိုရာတွင် လိမ်လည်မှုဖြင့် အစိုးရရှေ့နေများက စက်တင်ဘာ ၁၉ ရက်တွင် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ လိုဗရန်သည် ဒိုင်နမိုဇာဂရက်အသင်း၏ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ဒိုင်နမိုဇာဂရက်စီနီယာ အသင်းအတွက် ၂၀၀၆ မှ ၂၀၁၀ ပြည့်နှစ်အထိ ပါဝင်ကစားကာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီတွင် ပြင်သစ်ကလပ် လိုင်ယွန်အသင်းသို့ ယူရိုရှစ်သန်း၊ ထပ်ဆောင်းပမာဏ ယူရို ၁ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သည်။ အစိုးရရှေ့နေများ၏ ပြောကြားချက်အရ လိုဗရန်သည် အသင်းပြောင်းရွှေ့ဖြစ်ပါက ပြောင်းရွှေ့ကြေးအပါအဝင် ခံစားခွင့်များအား ဒိုင်နမိုဇာဂရက်အသင်းနှင့် ရာခိုင်နှုန်း ၅၀ စီ ခွဲဝေယူရန် သဘောတူစာချုပ် ချုပ်ဆိုထားသည်ဟု လိမ်လည်ထွက်ဆိုခဲ့သောကြောင့် စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ခရိုအေးရှားနိုင်ငံ၏ ဥပဒေအရ စွဲချက်တင်ခံရသူမှာ ၁၉၈၉ ခုနှစ်တွင်မွေးဖွားသည့် ခရိုအေးရှားနိုင်ငံသားဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ဒေသခံမီဒီယာများကမူ ၎င်းမှာ လိုဗရန်ဖြစ်ကြောင်း အတည်ပြုထားပြီး အပြစ်ကျူးလွန်ကြောင်းထင်ရှားပါက ထောင်ဒဏ်ခြောက်လမှ ငါးနှစ်အထိချမှတ် ခံရနိုင်ကြောင်း ခန့်မှန်းဖော်ပြလျက်ရှိသည်။ ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်မှာလည်း ၎င်းနှင့်အမှုတွဲအဖြစ် မတ်လကတည်းက အလားတူစွဲချက်တင်ခံထားရကြောင်း သိရသည်။

လိုဗရန်ကမူ “ကျွန်တော့်မှာ အပြစ်မရှိဘူးဆိုတာ အားလုံးကိုပြောပြချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်ရာဇဝတ်မှုကိုမှ မကျူးလွန်ဖူးပါဘူး။ စွဲချက်အားလုံးကို ငြင်းဆန်ပါတယ်” ဟု တုံ့ပြန်ပြောကြားသည်။