ဘုန်းမောက်-လက်စတာ ခရီးစဉ်တွင် လေယာဉ်မသုံးခဲ့သည့်အတွက် ကလပ်အသင်းကို လက်စတာကစားသမားများ ဒေါသထွက်

ဘုန်းမောက်-လက်စတာ ခရီးစဉ်တွင် လေယာဉ်မသုံးခဲ့သည့်အတွက် ကလပ်အသင်းကို လက်စတာကစားသမားများ ဒေါသထွက်
Published 20 September 2018

 

 

 

လက်စတာအသင်း၏ ကစားသမားအများစုသည် ပြီးခဲ့သည်တစ်ပတ်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်(၅) ဘုန်းမောက်- လက်စတာပွဲအတွက် ခရီးသွားရာတွင် လေယာဉ်ပျံအသုံးမပြုဘဲ ကားကိုသာ အသုံးပြု ခဲ့ခြင်းအတွက် ကလပ်အသင်းအပေါ် ဒေါသထွက်နေကြောင်း သိရှိရသည်။

လက်စတာမြို့မှ မိုင်ပေါင်း(၁၇၀)ဝေးကွာသည့် ဘုန်းမောက်သို့ လေယာဉ်ပျံဖြင့် သက်သောင့်သက်သာသွားရရန် လက်စတာကစားသမားများက မျှော်လင့်ခဲ့သော်လည်း ကလပ်အသင်းတာဝန်ရှိသူများက ကားဖြင့် သွားရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ လက်စတာအသင်းသည် (၅)နာရီကြာ ကုန်းလမ်းခရီးကို အသွားအပြန်သွားခဲ့ရကြောင်း သိရှိရသည်။

လက်စတာအသင်းသည် ယင်းပွဲတွင် ဘုန်းမောက်အသင်းကို အဝေးကွင်း၌ (၂-၄)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ လက်စတာပရိသတ်အချို့ကမူ ကစားသမားများအနေဖြင့် ပွဲရှုံးနိမ့်မှုအပေါ် ဆင်ခြေပေးခြင်းဖြစ်သည်ဟု ယူဆနေကြကြောင်း သိရှိရသည်။

ယင်းသတင်းကို Sky Sports သတင်းဌာနက Twitter တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်စတာနောက်ခံလူ မက်ဂွိုင်းရားကမူ ယင်းသတင်းမှာ မဟုတ်မှန်ဟူသောသဘောဖြင့် Thinking Face Emoji (စဉ်းစားနေဟန်ရုပ်ပုံ လေး) တပ်ကာ ပြန် Share ၍ ဖော်ပြခဲ့သည်။