ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဥက္ကဋ္ဌသစ်အဖြစ် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲအား ခန့်အပ်ရန် တာဝန်ရှိသူများ ဆွေးနွေးနေ

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဥက္ကဋ္ဌသစ်အဖြစ် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲအား ခန့်အပ်ရန် တာဝန်ရှိသူများ ဆွေးနွေးနေ
Published 20 September 2018

 

 

Photos: Reuters,Premier League

ပရီးမီးယားလိဂ်ကလပ်အသင်းများမှ တာဝန်ရှိသူများသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးမှ အနားယူတော့မည့် ရစ်ချတ်စကူဒါမိုး၏နေရာတွင် အစားထိုးရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲအား ပစ်မှတ် ထားနေကြောင်း သိရှိရသည်။ ရစ်ချတ်စကူဒါမိုးသည် ၁၉၉၉ နိုဝင်ဘာလမှစတင်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်တွင် အမှုဆောင်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ဇွန်လမှစ၍ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့သူဖြစ်သည်။

အင်္ဂလန်အဆင့်မြင့်ဆုံး အမှတ်ပေးပြိုင်ပွဲဖြစ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အရေးပါသောပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆယ်စုနှစ်(၂)ခုကြာ တာဝန်ထမ်းဆောင်ခဲ့သည့် စကူဒါမိုးသည် ပြီးခဲ့သည့် ဇွန်လအတွင်းက သူ၏ရာထူးမှ နုတ်ထွက်တော့မည်ဟု ကြေညာခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် လမ်းခွဲတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် စကူဒါမိုး၏နေရာကို အစားထိုးမည့်သူအား စဉ်းစားလျက်ရှိနေပြီး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ တိုင်ပင်နေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

၎င်းတို့ လျှို့ဝှက်ဆွေးနွေးနေသည့်အမည်စာရင်းတွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၏နာမည် လည်း ပါဝင်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ အသက်(၆၅)နှစ်အရွယ်ရှိပြီဖြစ်သူ တိုနီဘလဲသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နယူးကာဆယ်အသင်းပရိသတ်တစ်ဦးဟု ကျော်ကြားသူဖြစ်သည်။

ရစ်ချတ်စကူဒါမိုး၏နေရာအစားထိုးရန်အတွက် တိုနီဘလဲအပြင် အခြားနာမည်ကြီးပုဂ္ဂိုလ်အချို့လည်း ပရီးမီးယားလိဂ်တာဝန်ရှိသူများက ပစ်မှတ်ထားနေပြီး ၎င်းတို့ရည်ရွယ်ထားသည့် ပုဂ္ဂိုလ်များစာရင်းတွင် BT ရုပ်သံမှ အမှုဆောင်ချုပ် ဂါဗင်ပတ်တာဆန်၊ Sky Sports ရုပ်သံမှ မန်နေးဂျင်းဒါရိုက်တာ ဘာနေးဖရန်ဆစ် တို့လည်းပါဝင်ကြောင်း သိရှိရသည်။

အသက်(၅၈)နှစ်အရွယ်ရှိပြီဖြစ်သူ ရစ်ချတ်စကူဒါမိုးသည် ပရီးမီးယား လိဂ်ပြိုင်ပွဲကို ကမ္ဘာကျော်ပြိုင်ပွဲတစ်ခုဖြစ်လာစေရန်အတွက် စီမံခန့်ခွဲမှုကောင်းကောင်းဖြင့် ပြုလုပ်နိုင်ခဲ့သူတစ်ဦးဟု ချီးကျူးခံထားရသူဖြစ်သည်။ စကူဒါမိုး စတင်တာဝန်ယူခဲ့စဉ်က ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံး၏ တစ်နှစ်တာဝင်ငွေမှာ ပေါင်(၂၅)သန်းခန့်သာရှိခဲ့ပြီး လက်ရှိအချိန်တွင် တစ်နှစ်ပေါင်(၁.၁)ဘီလီယံ (ပေါင်သန်း ၁၁၀၀)ခန့်ရှိကြောင်း သိရသည်။