စီရော်နယ်လ်ဒို ဂိုးပေါက်စတွေ့ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဂျူဗင်တပ်စ် ဆက်လက်ဦးဆောင်

စီရော်နယ်လ်ဒို ဂိုးပေါက်စတွေ့ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဂျူဗင်တပ်စ် ဆက်လက်ဦးဆောင်
Published 17 September 2018

 (Photo by Miguel MEDINA / AFP)

အီတလီစီးရီးအေပွဲစဉ် (၄) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျူဗင်တပ်စ် - ဆာဆူအိုလိုပွဲမှာတော့ ဂျူဗင်တပ်စ်အသင်းက စီရော်နယ်လ်ဒိုရဲ့သွင်းဂိုး (၂) ဂိုးနဲ့အတူ အိမ်ကွင်းမှာ (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပွဲစဉ် (၃)အပြီးမှာ ရှုံးပွဲမရှိသေးတဲ့ အသင်း (၂)သင်းရဲ့တွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းခဲ့ပြီး ဒီပွဲအပြီးမှာတော့ လက်ရှိစီးရီးအေပွဲစဉ်(၄)အပြီး ရှုံးပွဲမရှိသေးတဲ့အသင်းဟာ ဂျူဗင်တပ်စ်တစ်သင်းသာ ကျန်ရှိပါတော့တယ်။

အိမ်ကွင်းမှာနိုင်ပွဲဆက်ဖို့ နည်းပြအယ်လီဂရီဟာ အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး တိုက်စစ်မှာ မန်ဇူကစ်၊ ဒီဘားလားနဲ့စီရော်နယ်လ်ဒိုတို့ကို တွဲဖက်ပွဲထွက်စေခဲ့ပါတယ်။

ပုံစံကောင်းရနေတဲ့ ဆာဆူအိုလိုအသင်းကလည်း သူတို့ရဲ့ဟန်ချက်ညီနေတဲ့ စုဖွဲ့မှုနဲ့ တူရင်မြေမှာ ရလဒ်ကောင်းဖို့ကြိုးစားခဲ့တာပါ။

ပွဲချိန်ပထမပိုင်းမှာ ဆာဆူအိုလိုအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို ဂိုးမပေးရအောင်ကစားနိုင်ခဲ့ပေမယ့် ပွဲရဲ့အလှည့်အပြောင်းက ဒုတိယပိုင်းမှာစခဲ့တာပါ။

 (Photo by MARCO BERTORELLO / AFP)

ဂျူဗင်တပ်စ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်မိနစ် (၅၀)မှာ စီရော်နယ်လ်ဒိုက သူ့ရဲ့ပထမဆုံး စီးရီးအေသွင်းဂိုးအဖြစ်သွင်းယူပေးခဲ့ပြီး၊နောက်ထပ် (၁၅) မိနစ်အကြာ ပွဲချိန် (၆၅) မိနစ်မှာလည်း အမ်မရီချန်ရဲ့ဖန်တီးပေးမှုကနေ စီရော်နယ်လ်ဒိုကပဲ ဒုတိယဂိုးအဖြစ်သွင်းယူပေးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေဲ့ ဟက်ထရစ်ဂိုးရနိုင်တဲ့ အခွင့်အရေးတွေရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ သွင်းဂိုး (၂) ဂိုးနဲ့ပဲ ရပ်တန့်ခဲ့ရတာပါ။

ဘာပဲပြောပြော ဒီသွင်းဂိုး (၂) ဂိုးဟာ ဂိုးပေါက်ပျောက်မှုအတွက် ဖိအားများနေတဲ့ စီရော်နယ်လ်ဒိုနဲ့ သူ့ပရိသတ်တွေအတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

(၂)ဂိုးပြတ်ဦးဆောင်ပြီးချိန်မှာ ဂျူဗင်တပ်စ်တို့ အနိုင်ရလဒ်အတွက် ထိန်းချုပ်ကစားသွားခဲ့ပြီး၊ ဆာဆူအိုလိုအသင်းအတွက်ချေပဂိုးတစ်ဂိုးကိုတော့ ပွဲချိန်မိနစ် (၉၀)အပြီး နာကျင်အချိန်ပိုမှာ ဘာဘာကာက သွင်းယူပေးခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းလူစားဝင်လာတဲ့ ဒူးဂလပ်စ်ကော်စတာကတော့ နာကျင်အချိန်ပိုမှာ နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။

အခြားပွဲရလဒ်များ

ရိုးမား ၂-၂ ချီယေဗို
ဂျီနိုအာ ၁-၀ ဘိုလော့ဂ်နာ
အူဒီးနီးစ် ၁-၁ တိုရီနို