ပထမဆုံးကိုင်တွယ်သော ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲဆက်တိုက် အနိုင်ရသည့် စတုတ္ထမြောက်နည်းပြအဖြစ် ဆာရီ မှတ်တမ်းဝင်

ပထမဆုံးကိုင်တွယ်သော ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲဆက်တိုက် အနိုင်ရသည့် စတုတ္ထမြောက်နည်းပြအဖြစ် ဆာရီ မှတ်တမ်းဝင်
Published 17 September 2018

 

 

Photos: Getty Images

မနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး-ကာဒစ်ဖ်ပွဲတွင် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ (၄-၁)ဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် နည်းပြသစ် ဆာရီ၏ လက်ထက်တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲကစား ရာ၌ (၅)ပွဲစလုံးအနိုင်ရပြီး ရမှတ်(၁၅)မှတ်ဖြင့် (လီဗာပူးလ်အသင်းကို ဂိုးကွာခြားချက်အသာဖြင့်) အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင် ခြင်းဖြစ်သည်။

ဆာရီသည် အသင်းကို ပထမဆုံးကိုင်တွယ်သော ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲဆက်တိုက် အနိုင်ရရှိအောင် ပြုလုပ်ပေးနိုင်ခြင်းဖြစ်ပြီး ယင်းကဲ့သို့ မှတ်တမ်းမျိုးရရှိသည့် စတုတ္ထမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက်တွင် ယင်းကဲ့သို့စံချိန်မှတ်တမ်းမျိုးရယူနိုင်ခဲ့သူမှာ ယခင်က (၃)ဦးသာရှိပြီး ချယ်လ်ဆီးနည်းပြဟောင်း အန်ဆယ်လော့တီ၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် လက်စတာအ သင်းနည်းပြဟောင်း ရှိတ်စပီးယားတို့ဖြစ်ကြသည်။

အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီသည် ချယ်လ်ဆီးအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲဆက်နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အန်ဆယ်လော့တီသည် ယင်းရာသီက ချယ်လ်ဆီးအသင်းကို နိုင်ပွဲ (၂၇)ပွဲအထိရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ရာသီကုန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုသာမက FA ဖလားချန်ပီယံဆုကိုပါ ရယူပေးနိုင်ခဲ့သည်။

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာမှာလည်း မန်စီးတီးအသင်းကို စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲ ဆက်တိုက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော် ယင်းရာသီတွင် မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲ (၂၃)ပွဲသာရရှိခဲ့ပြီး ရာသီကုန်တွင် အဆင့်(၃)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။ ထို့ပြင် ဂွါဒီယိုလာအနေဖြင့် အခြားပြိုင်ပွဲများတွင်လည်း အောင်မြင်မှုမရခဲ့ဘဲ ဖလားလက်မဲ့ ရာသီကိုသာ ကြုံတွေ့ခဲ့ရသည်။

အင်္ဂလိပ်လူမျိုးနည်းပြ ရှိတ်စပီးယားမှာ ၂၀၁၇၊ ဖေဖော်ဝါရီလတွင် လက်စတာအသင်း နည်းပြ ရာနီရေးရီ ရာထူး မှထုတ်ပယ်ခံခဲ့ရရာ အသင်းအား ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည်။ ရှိတ်စပီးယားသည် ပထမဆုံးကိုင်တွယ်ခဲ့သော လီဗာပူးလ်နှင့်ပွဲမှစတင်၍ အသင်းကို ပရီးမီးယားလိဂ် (၅)ပွဲဆက် နိုင်ပွဲရရှိအောင် စွမ်း ဆောင်ပေးနိုင်ခဲ့သည်။ သူစတင်ကိုင်တွယ်စဉ်က အဆင့်(၁၇)နေရာသို့ ရောက်ရှိနေသော လက်စ တာအသင်းမှာ ရာသီကုန်တွင် အဆင့်(၁၂)နေရာ ၌ ရပ်တည်နိုင်ခဲ့သည်။

လက်စတာအသင်းသည် နိုင်ပွဲများ ဆက်တိုက်ရရှိခဲ့ခြင်းကြောင့် ၂၀၁၇၊မတ်လတွင် ၎င်းအား အသင်းနည်းပြအဖြစ် တရားဝင်ခန့်အပ်ခဲ့သည်။ ထိုစဉ်က ရှိတ်စပီးယားသည် ပရီးမီးယားလိဂ်၌ ပထမဆုံးကိုင်တွယ်သော ပွဲစဉ်(၃)ပွဲတွင် သွင်းဂိုး(၃)ဂိုးစီရရှိသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ပရီးမီးယားလိဂ်ပွဲဦးထွက် (၄)ပွဲဆက်တိုက်အနိုင်ရရှိသော ပထမဆုံးအင်္ဂလိပ် လူမျိုးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။