ဥရောပထိပ်တန်း လိဂ်ငါးခု၏ နွေရာသီအသုံးစရိတ် စံချိန်သစ်တင်ပြီး ဒေါ်လာ ၄ ဒသမ ၂၁ ဘီလျံရှိ

ဥရောပထိပ်တန်း လိဂ်ငါးခု၏ နွေရာသီအသုံးစရိတ် စံချိန်သစ်တင်ပြီး ဒေါ်လာ ၄ ဒသမ ၂၁ ဘီလျံရှိ
Published 14 September 2018

ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်သို့ ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာသည့် စီရော်နယ်လ်ဒို (Photo: Juventus FC)

၂၀၁၈ ခုနှစ် နွေရာသီတွင် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲငါးခု၏ ကစားသမားခေါ်ယူမှု အသုံးစရိတ်စုစုပေါင်းမှာ စံချိန်သစ်အဖြစ် ဒေါ်လာ ၄ ဒသမ ၂၁ ဘီလျံအထိရှိကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်သည့်စစ်တမ်းအရ သိရသည်။

FIFA သည် ယခုနှစ် ဇွန် ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကမ္ဘာတစ်ဝန်းရှိ လိဂ်ပြိုင်ပွဲနှင့် ကလပ်အသင်းအသီးသီး၏ ကစားသမားအပြောင်းအရွှေ့အားလုံးကို TMS (Transfer Matching System) ဖြင့် မှတ် တမ်းတင်ထားပြီး လိဂ်ပြိုင်ပွဲအလိုက် အသုံးစရိတ်များကို စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇွန် ၁ ရက်မှ စက် တင်ဘာ ၁ ရက်အတွင်း FIFA အဖွဲ့ဝင် ဘောလုံးအဖွဲ့ချုပ် ၂၁၁ ခုအနက်မှ ၁၈၂ ခု လက်အောက်ရှိ လိဂ်ပြိုင်ပွဲများ၏ အပြောင်းအရွှေ့ကာလဖွင့်လှစ်ခဲ့ပြီး ယင်းလိဂ်ပြိုင်ပွဲအားလုံး၏ အသုံးစရိတ်စုစုပေါင်းမှာ ဒေါ်လာ ၅ ဒသမ ၄၄ ဘီလျံရှိကြောင်း သိရသည်။

၎င်းတို့အနက် အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ် စသည့် ဥရောပထိပ်တန်းလိဂ်ငါးခု၏ အသုံးစရိတ်မှာ ဒေါ်လာ ၄ ဒသမ ၂၁ ဘီလျံအထိရှိရာ ကမ္ဘာတစ်ဝန်းရှိ လိဂ်ပြိုင်ပွဲအားလုံး အသုံးစရိတ်၏ ရာခိုင်နှုန်း ၈၀ မျှ သုံးစွဲထားခြင်းဖြစ်သည်။ ဥရောပထိပ်တန်း လိဂ်ငါးခု၏ နွေရာသီအသုံးစရိတ်မှာ နှစ်စဉ် မြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်က စံချိန်တင်ထားသည့် ဒေါ်လာ ၃ ဒသမ ၉၅ ဘီလျံကို ထပ်မံကျော်ဖြတ်၍ စံချိန်သစ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။

ယင်းလိဂ်ပြိုင်ပွဲ ငါးခုအနက် အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲက ဒေါ်လာ ၁ ဒသမ ၄၄ ဘီလျံဖြင့် အသုံးစရိတ်အများဆုံးအဖြစ် ဆက်လက်ဦးဆောင်ခဲ့ပြီး အီတလီ စီးရီးအေပြိုင်ပွဲက ဒေါ်လာ ၁ ဒသမ ၀၀၃ ဘီလျံဖြင့် ဒုတိယ၊ စပိန်လာလီဂါပြိုင်ပွဲက ဒေါ်လာ ၉၆၀ ဒသမ ၉ သန်းဖြင့် တတိယ၊ ပြင်သစ်လီဂူးပြိုင်ပွဲက ဒေါ်လာ ၄၁၈ ဒသမ ၈ သန်းဖြင့် စတုတ္ထနှင့် ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲက ဒေါ်လာ ၃၉၁ ဒသမ ၃ သန်းဖြင့် ပဉ္စမနေရာ ရပ်တည်လျက်ရှိသည်။

ယခုနှစ်နွေရာသီတွင် အသုံးစရိတ်စံချိန်သစ်တင်ခြင်းမှာ စီးရီးအေနှင့် လာလီဂါကလပ်များ၏ သုံးစွဲမှုမြင့်တက်လာခြင်းက အဓိကအချက်ဖြစ်ပြီး စီးရီးအေပြိုင်ပွဲမှာ ယခင်နှစ်ထက် ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသလို လာလီဂါပြိုင်ပွဲမှာလည်း ၄၂ ဒသမ ၂ ရာခိုင် နှုန်း မြင့်တက်လာကြောင်း သိရသည်။