အဝေးကွင်းမှာ နိုင်ပွဲဆက်ခဲ့တဲ့ အာဆင်နယ်

အဝေးကွင်းမှာ နိုင်ပွဲဆက်ခဲ့တဲ့ အာဆင်နယ်
Published 3 September 2018

ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့် အောင်ပွဲခံနေသည့် လာကာဇက် Photo: Getty Images

ပရီးမီးယားလိဂ် ပွဲစဉ်-၄ တနင်္ဂနွေနေ့ရဲ့ပထမဆုံးပွဲစဉ်မှာ အာဆင်နယ်အသင်းက ကာဒစ်ဖ်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ယူပြီး နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်းအားနည်းချက်ကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့ အနိုင်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ကာဒစ်ဖ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့တာပါ။

ကာဒစ်ဖ်အသင်း ရရှိခဲ့တဲ့ (၂)ဂိုးစလုံးက အာဆင်နယ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်တဲ့ ပထမဆုံး(၂)ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တိုက်စစ်မှာ လာကာဇက်နဲ့ အူဘာမီယန်းတို့ကို တွဲပေးခဲ့ပြီး နောက်မှာ အိုဇေးလ်၊ ရမ်ဆေးတို့ကစားခဲ့လို့ အာဆင်နယ်ရဲ့ကစားကွက်က ၄-၂-၂-၂ ပိုဆန်ခဲ့ပါတယ်။

Photo: Reuters

အာဆင်နယ်အသင်းအတွက် မူစတာဖီ(၁၁ မိနစ်)၊ အူဘာမီယန်း(၆၂ မိနစ်)၊ လာကာဇက်(၈၁ မိနစ်)တို့က သွင်းယူခဲ့ပြီး ကာဒစ်ဖ်ရဲ့ဂိုးတွေကို ကာမာရာဆာ(၄၅+၂ မိနစ်)၊ ဒန်နီဝက်ဒ်(၇၀ မိနစ်)တို့က သွင်းပေးခဲ့တာပါ။

အာဆင်နယ်အသင်းမှာ လာကာဇက် ခြေစွမ်းပြသွားခဲ့ပြီး ဒီနေ့ပွဲရဲ့ Man of the Match ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂိုးသွင်းအပြီးအောင်ပွဲခံနေသည့် အူဘာမီယန်းနှင့် အိုဇေးလ် Photo: PA

လာကာဇက် ပွဲထွက်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အာဆင်နယ်အသင်း ရလဒ်ကောင်းလေ့ရှိကာ အနိုင်ရာခိုင်နှုန်း (၆၀)ဝန်းကျင်ရှိပြီး သူပွဲထွက်ခွင့်မရတဲ့ပွဲတွေမှာတော့ အာဆင်နယ်ရဲ့နိုင်ပွဲက (၃၃)ရာခိုင်နှုန်းပွဲရှိပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်မှာ ဂိုးပေါက်စတွေ့ခဲ့တဲ့ အူဘာမီယန်းကတော့ ဥရောပထိပ်တန်း(၅)လိဂ်မှာ သွင်းဂိုး (၁၅၀)ပြည့်မြောက်ခဲ့ပါတယ်။