ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 1 September 2018

■ လက်စတာ နှင့် လီဗာပူးလ် (စနေည ၆း၀၀ နာရီ)

(၃)ပွဲကစားပြီးချိန်မှာ ပေးဂိုးမရှိသေးတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့ ယုံကြည်မှုတိုးမြင့်လာခြင်းက လီဗာပူးလ်ကို အများကြီး အထောက်အကူပြုလိမ့်မယ်။ ဗန်ဒိုက်က သူနဲ့ တွဲဖက်ကစားသမားတွေရဲ့ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းကိုပါ မြှင့်တင်ပေးနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကွင်းလယ်ကစားသမားတွေရဲ့ အရည်အသွေးနဲ့ လုပ်အားနှုန်းကို ပေါင်းစပ်ထားတဲ့ ခြေစွမ်းက လီဗာပူးလ်ကို ပိုပြီး အားကောင်းစေတယ်။ ဒါပေမဲ့ ဒီရာသီမှာ မာနေ-ဖေမီနို-ဆာလာ တိုက်စစ်အတွဲရဲ့အစစ်အမှန်ပေါက်ကွဲမှုကို မမြင်ရသေးဘူး။ (၃)ဦးစလုံးက ပုံစံတစ်မျိုးစီနဲ့ အသင်းကို အကျိုးပြုနေပြီး၊ အုပ်စုဖွဲ့ကစားပုံလည်း ကောင်းတယ်။ တစ်ဦးနဲ့ တစ်ဦးကြားမှာ တိုက်စစ်မှူးတစ်ဦးရဲ့သွင်းဂိုးလောဘနဲ့ အတ္တအနည်းငယ်ကလွဲရင် ပံ့ပိုးကစားပေးနေကြတာလည်း တွေ့ရတယ်။ အဝေးကွင်းဆိုပေမယ့် လီဗာပူးလ် ဂိုးရဖို့အတွက် စိတ်မပူရတဲ့အနေအထားရှိပြီး တကယ်တမ်းစောင့်ကြည့်ရမှာက လက်စတာတိုက်စစ်နဲ့အစမ်းသပ်ခံရမယ့် လီဗာပူးလ်ခံစစ်ပိုင်းပဲ။ လက်စတာတိုက်စစ်ပိုင်းမှာ မက်ဒီဆန် နဲ့ တောင်ပံတိုက်စစ်က ဂရေးတို့ ပုံစံကောင်းပြနေတယ်။ ဒါ့အပြင် ကွင်းလယ်က အန်ဒီဒီကလည်း လီဗာပူးလ်ကွင်းလယ်ကို အခက်တွေ့စေလိမ့်မယ်ထင်တယ်။ ဒီပွဲက (၁-၁)၊ (၂-၂) ဖြစ်သွားနိုင်တယ်။

■ ဘရိုက်တန် နှင့် ဖူလ်ဟမ် (စနေည ၈း၃၀ နာရီ)

ဖူလ်ဟမ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေကို အနိုင်ကစားခဲ့တယ်။ နိုင်ပွဲက ထင်ထားတာထက် ပိုကောင်းမွန်တဲ့ ခြေစွမ်းဖြစ်နေပြီး၊ ဖူလ်ဟမ်လို ရလဒ်ပိုင်းကျဆင်း၊ စိတ်ပိုင်းဆိုင်ရာအနိမ့်ပိုင်းရောက်နေတဲ့အသင်းက (၄)ဂိုးဆိုတဲ့ ပမာဏကိုရခဲ့တာ အံ့သြဖို့တော့ကောင်းတယ်။ ဒီလိုခြေစွမ်းမျိုးတွေက တစ်ပွဲကောင်းဖြစ်တတ်ပြီး၊ နောက်ပွဲမှာ အဝေးကွင်းပြန်ကစားတဲ့အခါ ရုန်းကန်ရတတ်တယ်။ ဘရိုက်တန်ကို ပိုကြိုက်တယ်။

■ ချယ်လ်ဆီး နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ)

ချယ်လ်ဆီးကွင်းလယ်မှာ ကိုဗာချစ်ပါလာတာက ပိုပြီး အားကောင်းလာစေတယ်။ ခံစစ်ကနေ တိုက်စစ်ကို အသွင်ပြောင်းတာတွေက အရမ်းမြန်လာပြီး တစ်ဦးချင်းစွမ်းရည်နဲ့ လမ်းကြောင်းအရှည်ဆွဲထွက်နိုင်တဲ့ ဟာဇက်၊ ဝီလီယံတို့လို ကစားသမားတွေကြောင့် ချယ်လ်ဆီးရဲ့ အခွင့်အရေးဖန်တီးမှုတွေက ပိုပြီးအားကောင်းလာတာတွေ့ရတယ်။ ကွင်းလယ်မှာ ဂျော်ဂျင်ဟိုရဲ့ အခန်းကဏ္ဍက အသိအမှတ်ပြုရမယ့်အချိန်ကို ရောက်လာခဲ့ပြီး တစ်ကွင်းလုံးဖြန့်ကျက်ကာ ဘောလုံးဖြန့်ဝေနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်နေတယ်။ ခံစစ်ပိုင်းက အခုအချိန်အထိ ဂိုးတွေပေးရဆဲဆိုပေမယ့် ပြဿနာနည်းနည်းလျော့လာတာလည်း တွေ့ရတယ်။ နယူးကာဆယ်နဲ့ ပွဲမှာ ရူဒီဂါရဲ့ကစားပုံက အကောင်းဆုံးပုံစံမှာ ရှိခဲ့သလို၊ အသင်းရဲ့ကစားဟန်က ပြိုင်ဘက်ကို စိုးမိုးထားနိုင်ပြီဆိုတာနဲ့ ဒေးဗစ်လူးဝစ်ဇ်-ရူဒီဂါ အတွဲက ပြန်ကျွံလာတဲ့ ဘောလုံးတွေကို ကောင်းကောင်း Interception လုပ်နိုင်တယ်။ ဘုန်းမောက်ကလည်း ချီးကျူးရမယ့် ခြေစွမ်းမျိုးပြသနိုင်တဲ့အသင်းပါ။ အထူးသဖြင့် ဘုန်းမောက်တိုက်စစ်ကဂိုးတွေ သွင်းနိုင်ပြီး အဲဗာတန်နဲ့ပွဲမှာ ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ကစားဟန်ကိုလည်း မြင်ခဲ့ရတယ်။ ဒါပေမဲ့ နယူးကာဆယ်နဲ့ ပွဲက ချယ်လ်ဆီးရဲ့ခြေစွမ်းက Complete ပါ။ အိမ်ကွင်းပွဲမှာ ဒီအရှိန်ကိုဆက်ထိန်းနိုင်လိမ့်မယ်။ ချယ်လ်ဆီး အနိုင်သေချာတယ်။

■ ပဲလေ့စ် နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)

ပဲလေ့စ်တိုက်စစ်မှာ ပုံမှန်နေရာပေးနေတဲ့ ဘန်တီကီရဲ့ပျောက်ဆုံးနေတဲ့ ယုံကြည်မှု၊ လွဲချော်လွန်းတဲ့ အဆုံးသတ်ပုံစံတွေက ဇာဟာကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ ဇာဟာကို (၄-၄-၂)ပုံစံရဲ့တိုက်စစ်မှူးအဖြစ် သုံးနေတာလည်း ပဲလေ့စ်က ကိုယ့်ကိုယ်ကိုယ်ပြန်သတ်သလိုဖြစ်နေတယ်။ ဆောက်သမ်တန်ကလည်း ပရီးမီးယားလိဂ်မှာ အခုအချိန်အထိ နိုင်ပွဲမရသေးဘူး။ ခြေစွမ်းကတော့မဆိုးပါဘူး။ သရေတော့ ခံကစားနိုင်လိမ့်မယ်။

■ အဲဗာတန် နှင့် ဟက်ဒါဖီးလ် (စနေည ၈း၃၀ နာရီ)

အဲဗာတန်ခံစစ်ပိုင်းအားနည်းနေသလို၊ ဟတ်ဒါဖီးလ်ရဲ့ခံစစ်ကလည်း အားနည်းနေတယ်။ အဲဗာတန်ရဲ့တိုက်စစ်က အားကောင်းနေပေမယ့် ဟတ်ဒါဖီးလ်ကတော့ တိုက်စစ်လည်း အားရစရာမရှိဘူး။ အဲဗာတန်တိုက်စစ်မှာ ရစ်ချာလီဆန်မကစားနိုင်ပေမယ့် ပြဿနာမရှိပါဘူး။ ကွင်းလယ်ကို အားပိုကောင်းအောင်လုပ်ပြီး ဝေါလ်ကော့ကို အားပြုကစားလို့ရတယ်။ အဲဗာတန်နိုင်ပွဲယူမယ့်ပွဲပါ။

■ ဝက်စ်ဟမ်း နှင့် ဝုလ်ဗ် (စနေည ၈း၃၀ နာရီ)

ဝက်စ်ဟမ်းက အရည်အသွေးမြင့်ကစားသမားတွေရှိပေမယ့် စုစည်းမှုက အားနည်းနေတယ်။ နည်းပြကလည်း နည်းပြသစ်ဖြစ်နေတယ်။ ဒါကြောင့် အကောင်းဆုံးစုဖွဲ့မှုကို ရဖို့ ခက်ခဲနေပုံရတယ်။ ဒါကို ကျော်ဖြတ်ဖို့က စိတ်ပိုင်းဆိုင်ရာအားကောင်းဖို့လိုတယ်။ ပယ်လီဂရီနီက မန်စီးတီးနဲ့ ချန်ပီယံဖြစ်ဖူးသလို၊ ဗီလာရီးယဲလ်လိုအသင်းကို ကောင်းကောင်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ ပွဲကျပ်တွေနဲ့ ဝက်စ်ဟမ်း ပြန်ရုန်းထဖို့အချိန်ရောက်ပြီ။

■ မန်စီးတီး နှင့် နယူးကာဆယ် (စနေည ၁၁း၀၀ နာရီ)

ဝုလ်ဗ်ရဲ့ကွင်းမှာ မန်စီးတီးက သရေပဲကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ခြေစွမ်းကတော့ ကောင်းနေဆဲပါပဲ။ ဘောလုံးပိုင်ဆိုင်ခွင့် အသာစီးနဲ့ကစားနိုင်ခဲ့သလို၊ တိုက်စစ်ပိုင်းက ကစားသမားတွေလည်း ပုံစံကောင်းပြခဲ့တယ်။ ဒါပေမဲ့ ဆာနေး ခြေစွမ်းပြ၊ ဒီဘရိုင်းနားကွင်းလယ်မှာရှိနေတဲ့ မနှစ်ကအသင်းလိုမျိုး ပေါက်ကွဲအားကတော့ မမြင်ရသေးဘူး။ ဒီပွဲမှာ ဘင်နီတက်ဇ်ရဲ့ Ultra Defense ကိုမြင်ရဦးမှာပါ။ ဒါပေမဲ့ မန်စီးတီးနိုင်ဖို့မခက်ပါဘူး။