အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မော်ရင်ဟိုရဲ့ မန်ယူ

အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မော်ရင်ဟိုရဲ့ မန်ယူ
Published 28 August 2018

■ မန်ယူ ဝ-၃ စပါး

မန်ယူနည်းပြ မော်ရင်ဟို ဖိအားတွေအောက် ပိုနစ်မြုပ်သွားစေခဲ့တဲ့ပွဲဖြစ်ပြီး သူ့ရဲ့နည်းပြဘဝတစ်လျှောက် အကြီးမားဆုံးအိမ်ကွင်းရှုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မော်ရင်ဟိုက ဒီပွဲမှာ စမောလင်းနဲ့ ဖီးလ်ဂျုံးစ် ခံစစ်အတွဲကို ပြောင်းလဲအသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ လူကာကူ၊ ဖရက်ဒ်နဲ့ လင်ဂတ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ယူအသင်းရဲ့ကစားပုံက စပါးအသင်းထက် အခွင့်အရေးတွေ ပိုပြီးဖန်တီးနိုင်ခဲ့ပါတယ်။

(၁၅)မိနစ်ဝန်းကျင်မှာ ဒန်နီရို့စ်ရဲ့အမှားကနေ လူကာကူ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် မန်ယူအသင်း ဦးဆောင်ဂိုးရနိုင်တဲ့အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

ဖရက်ဒ်နဲ့ ပေါ့ဘာတို့ကလည်း ရရှိတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ စပါးအသင်းက ပွဲကိုမြန်မြန်ဆန်ဆန်ဦးဆောင်ခဲ့ပြီး မိနစ်(၅၀)မှာ ထောင့်ကန်ဘောကို ဟာရီကိန်းက ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ နောက်ခံလူ ဖီးလ်ဂျုံးလ်ရဲ့ အားနည်းချက်ကြောင့် ပေးလိုက်ရတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် (၂)မိနစ်အကြာမှာပဲ လူးကပ်စ်မော်ရာက အဲရစ်ဆင်ရဲ့ ဖန်တီးမှုမှတစ်ဆင့် စပါးအသင်းအတွက် ဒုတိယဂိုးကို အပိုင်ကန်သွင်းယူခဲ့ပါတယ်။

ဂိုးတွေပေးလိုက်ရပြီးနောက် မော်ရင်ဟိုက ဆန်းချက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ကို ရှေ့ဆင့်နောက်ဆင့်ထည့်သွင်းပြီး တိုက်စစ်ကိုရောခံစစ်ကိုပါ အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် စပါးအသင်းရဲ့ ကစားကွက်အောက်က ရုန်းမထွက်နိုင်ခဲ့ပါဘူး။

စပါးအသင်းရဲ့ ပွဲသိမ်းအနိုင်ဂိုးကိုတော့ (၈၄)မိနစ်မှာ လူးကပ်စ်မော်ရာက စမောလင်းကို လှလှပပ ကျော်ဖြတ်ပြီး အပိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်က မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်မှာ ပွဲ(၅၀)မြောက် အိမ်ကွင်းရှုံးပွဲဖြစ်ခဲ့သလို၊ ပရီးမီးယားလိဂ်ရာသီအဖွင့်(၃)ပွဲမှာ ရှုံးပွဲ(၂)ပွဲတွေ့ခဲ့ရခြင်းကလည်း ၁၉၉၂-၉၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

Photos:AFP

 

■ ယနေ့ညကစားခဲ့သည့် ဥရောပဘောလုံးပွဲရလဒ်များ

■ ပရီးမီးယားလိဂ်ရလဒ်

မန်ယူ ဝ-၃ စပါး

■ စပိန်လာလီဂါရလဒ်များ

လီဗန်တေး ၁-၂ ဆယ်လ်တာဗီဂို

ဘီလ်ဘာအို ၂-၂ ဟူဆကာ

■ စီးရီးအေရလဒ်

ရိုးမား ၃-၃ အတ္တလန်တာ