အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ် ရာထူးမှ နုတ်ထွက်ပေးရန် မန်ယူပရိသတ်များ လေယာဉ်တွင် စာတန်းချိတ်ဆွဲ၍ တောင်းဆိုမည်

အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ် ရာထူးမှ နုတ်ထွက်ပေးရန် မန်ယူပရိသတ်များ လေယာဉ်တွင် စာတန်းချိတ်ဆွဲ၍ တောင်းဆိုမည်
Published 24 August 2018

Photo: Getty Images

မန်ယူအသင်း၏ ပရိသတ်များသည် အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ကို ရာထူးမှ နုတ်ထွက်ပေးရန် လေယာဉ်တွင် စာတန်းချိတ်ဆွဲ၍ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မန်ယူအသင်းတွင် မူလက နည်းပြ မော်ရင်ဟိုသာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ပရိသတ်အချို့က မော်ရင်ဟိုကို ထုတ်ပယ်နိုင်ရန် လိုအပ်သည့်လျော်ကြေးငွေကို စုဆောင်းသွားမည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည်။
ယခုအခါ အသင်း၏အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်အပေါ်လည်း ဖိအားများသက်ရောက်လာခြင်းဖြစ်သည်။

Photo: Getty Images

မန်ယူအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် ပစ်မှတ်ထားခဲ့သည့် ကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိသောကြောင့် နည်းပြမော်ရင်ဟိုနှင့် အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်တို့ကြား ဆက်ဆံရေးတင်းမာမှုများရှိခဲ့သည်။
အက်ဒ်ဝုဒ်ဝက်ဒ်၏အားနည်းချက်ကြောင့် ကစားသမားသစ်များ မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆသည့်ပရိသတ်များက ၎င်းအား ရာထူးမှ နုတ်ထွက်ပေးရန်အတွက် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုသွားရန် စီစဉ်လာခြင်းလည်းဖြစ်သည်။
မန်ယူအသင်းပရိသတ်များသည် နည်းပြ ဒေးဗစ်မွိုက်စ် နုတ်ထွက်ပေးရန်လည်း ယခုကဲ့သို့ပင် ဆန္ဒပြတောင်းဆိုခဲ့ဖူးပြီး ယခု အက်ဒ်ဝုဒ်ဝက်ဒ်ကို ဆန္ဒပြရန် လေယာဉ်ပင် ငှားရမ်းထားပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်ကို ဘန်လေကွင်း၌ ယှဉ်ပြိုင်ကစားမည့် စက်တင်ဘာ(၂)ရက်ပွဲစဉ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လေယာဉ်တွင် ချိတ်ဆွဲပျံသန်းသွားမည့် စာတန်း၌ Ed Out - LUHG ဟူသည့်စာသား ပါဝင်မည်ဖြစ်သည်။
LUHG ဆိုသည်မှာ Love United, Hate Glazers ဟူသည့်အဓိပ္ပာယ်ဖြစ်ကြောင်းလည်း သိရှိရသည်။