ပထမပိုင်းသွင်းဂိုးတွေနဲ့မန်ယူကို ဘရိုက်တန်တို့ အံ့အားသင့်ဖွယ်အနိုင်ယူ

ပထမပိုင်းသွင်းဂိုးတွေနဲ့မန်ယူကို ဘရိုက်တန်တို့ အံ့အားသင့်ဖွယ်အနိုင်ယူ
Published 20 August 2018

ဂိုးသွင်းအပြီးအောင်ပွဲခံနေသည့် ဘရိုက်တန်အသင်းသားများ Photo:PA

မန်ယူအသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာပဲ ရှုံးပွဲစတွေ့ခဲ့ပြီး ဘရိုက်တန်ကွင်းမှာ (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ပထမပိုင်းမှာပဲ (၃)ဂိုးပေးခဲ့ရတာက မန်ယူအသင်းအတွက် ၂၀၁၅ အောက်တိုဘာလ အာဆင်နယ်နဲ့ ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ (၁၀)ကြိမ်မြောက် ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

ချန်ပီယံပြိုင်ဘက်အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ ချယ်လ်ဆီးတို့အနိုင်ရချိန်မှာ မန်ယူအသင်းရဲ့ရှုံးပွဲက အထိနာခဲ့တယ်လို့ဆိုရပါလိမ့်မယ်။

မော်ရင်ဟိုရဲ့ပွဲထွက်အခင်းအကျင်းက လူစုံခဲ့ပြီး လက်စတာကိုအနိုင်ရခဲ့တဲ့ပွဲက (၃)နေရာကိုသာ အပြောင်းအလဲလုပ်ခဲ့တာပါ။

ပွဲစဉ် (၁)မှာ ဝက်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့ရတဲ့ ဘရိုက်တန်အသင်းကတော့ ဒီပွဲမှာ ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကိုရခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း (၁-ဝ) ဂိုးနဲ့အနိုင်ရခဲ့လို့ မန်ယူအသင်းကို အိမ်ကွင်းမှာ (၂)ရာသီဆက် အနိုင်ယူခဲ့တဲ့မှတ်တမ်းကိုလည်းရရှိခဲ့ပါတယ်။

ပွဲစကတည်းက မန်ယူအသင်း ကစားကွက်တည်ဖို့ကြိုးစားခဲ့ပေမယ့် ဘရိုက်တန်ရဲ့ တုံ့ပြန်မှုကြောင့်ခက်ခဲခဲ့ပါတယ်။

ပိုဆိုးတာက မန်ယူအသင်းရဲ့ ခံစစ်ပိုင်းဟာကွက်တွေကနေ ဘရိုက်တန်ကို အခွင့်အရေးတွေ လွယ်လွယ်ကူကူပေးခဲ့တာပါ။

ဘရိုက်တန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူနေသည့် ဂလင်းမာရေး Photo:Getty Images

ဘရိုက်တန်အတွက်အဖွင့်ဂိုးက ပွဲချိန် (၂၅)မိနစ်မှာရရှိခဲ့ပြီး မတ်ချ်ရဲ့ ဘယ်တောင်ပံက အနိမ့်ဘောပေးပို့မှုကို ဂလင်းမာရေးက ဖရိုဖရဲဖြစ်နေတဲ့ မန်ယူနောက်တန်းကို ဖောက်ထွက်ပြီး အသာအယာအဆုံးသတ်ခဲ့တာပါ။

ဆက်တိုက်ဆိုသလိုပဲ ပွဲချိန် (၂၇) မိနစ်မှာ ဘရိုက်တန်အသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ မန်ယူခံစစ်ရဲ့ လူကပ်ကစားပုံညံ့ဖျင်းမှုကနေ (၁၈)ကိုက်စည်းအတွင်းရှိနေတဲ့ ဒပ်ဖီက ဒီဟေးယားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာပါ။

(၂)ဂိုးပေးလိုက်ရချိန်မှာ ချေပဂိုးအတွက် မန်ယူတို့အရှိန်တင်ခဲ့ပေမယ့် ကွင်းလယ်တိုက်စစ်ချိတ်ဆက်မှု အားနည်းချက်တွေရှိခဲ့ပါတယ်။

မန်ယူအသင်းအတွက် ပထမချေပဂိုးသွင်းယူနေသည့် လူကာကူ Photo: Getty Images

(၃၄)မိနစ်မှာ လူကာကူက ခေါင်းတိုက်ချေပဂိုးသွင်းခဲ့လို့ ပြန်လာဖို့မျှော်လင့်ချက်ရှိခဲ့ပေမယ့် (၄၄)မိနစ်မှာပဲ ဘာယီရဲ့ ဖျက်ထုတ်မှုကနေ ပယ်နယ်တီပေးခဲ့ရလို့ ဖိအားအောက်ကိုပြန်ရောက်ခဲ့ရပါတယ်။

ဒီပယ်နယ်တီကို ပြီးခဲ့တဲ့ရာသီက တစ်ဂိုးတည်းသောအနိုင်ဂိုးကိုသွင်းခဲ့တဲ့ ဂို့ဘ်က ဂိုးအဖြစ်ပြောင်းလဲခဲ့ပါတယ်။

ဘရိုက်တန်အသင်းအတွက် တတိယဂိုးကို ပယ်နယ်တီမှတစ်ဆင့် ဂရို့ဘ် ကန်သွင်းယူနေစဉ် Photo: Reuters

မန်ယူဂိုးသမား ဒီဟေးယားအတွက်တော့ စပိန်နဲ့ မန်ယူအသင်းရဲ့နောက်ဆုံးဂိုးပေါက်ကန်သွင်းခံရမှု (၁၄)ကြိမ်မှာ (၁၀) ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပြီး ယုံကြည်မှုပျောက်ဆုံးနေတဲ့အခြေအနေက မန်ယူအတွက်စိုးရိမ်စရာပါ။

ပထမပိုင်းမှာ (၃-၁) ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းအစမှာပဲ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်တို့ကို ထည့်သွင်းပြီး မော်ရင်ဟိုတိုက်စစ်ပိုင်းကိုအပြောင်းအလဲလုပ်ခဲ့ပေမယ့် ဒီကစားသမား (၂)ဦးစလုံး စိတ်ပျက်စရာစွမ်းဆောင်ရည်ကိုပဲပြခဲ့ပါတယ်။

မန်ယူအသင်းအတွက် အနီးစပ်ဆုံချေပဂိုးဖြစ်နိုင်တဲ့ ပေါ့ဘာရဲ့ အဝေးကန်ချက်ကို ဘရိုက်တန်ဂိုးသမား ရိုင်ယန် ကာကွယ်နိုင်ခဲ့တာကလွဲလို့ မန်ယူတို့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ပါဘူး။

(၂)ဂိုးအသာရထားချိန် ဘရိုက်တန်တို့ ခံစစ်ကိုအသားပေးကစားခဲ့ပြီး မန်ယူရဲ့ ကွင်းလယ်ပိုင်းကိုလည်း အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့လို့ (၃-၁) ဂိုးရလဒ်ကို မိနစ် (၉၀)အထိထိန်းနိုင်ခဲ့ပါတယ်။

မန်ယူအသင်းအတွက် နောက်ထပ်ချေပဂိုးကိုတော့ မိနစ် (၉၀)အပြီး နာကျင်အချိန်ပို (၅)မိနစ်မှာ ပေါ့ဘာက ပယ်နယ်တီကနေ အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပါတယ်။