စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Published 19 August 2018

 

photo: AFP

■ အီဘာ နှင့် ဟူဆကာ (တနင်္ဂနွေည ၁၀း၄၅ နာရီ)
တန်းတက်ဟူဆကာက လာလီဂါအဖွင့်ပွဲကို နည်းပြသစ်နဲ့ စရတော့မယ်။ ဒီရာသီခြေစမ်းပွဲမှာတော့ ဟူဆကာ (၂-၁)ဂိုးနဲ့ နိုင်ထားပေမယ့် အခုလာလီဂါလိုပွဲမျိုးမှာတော့ အီဘာကွင်းမှာ ဟူဆကာ ထပ်ပြီးအနိုင်ရဖို့မလွယ်ပါဘူး။ အီဘာပဲ ကြိုက်တယ်။

■ ဗယ်လက်ကာနို နှင့် ဆီဗီလာ (တနင်္လာနံနက် ၀၀း၄၅ နာရီ)
လာလီဂါနဲ့ (၂)နှစ်ကြာခွဲခွာနေရတဲ့ ဗယ်လက်ကာနိုရဲ့ လာလီဂါရာသီအဖွင့်အိမ်ကွင်းကစားအားကို လျှော့တွက်လို့မရဘူး။ ဆီဗီလာကလည်း ရာသီအစအဝေးကွင်းပွဲတွေဆို အရှိန်ရလေ့မရှိဘူး။ အဝေးကွင်းခံစစ်ပိုင်းအားနည်းတဲ့ ဆီဗီလာရဲ့ ကစားပုံကြောင့်လည်း ဗယ်လက်ကာနိုတို့ အမှတ်ရဖို့ကြိုးစားလိမ့်မယ်။ ဂိုးနည်းပြီး သရေကျမယ့်ပွဲလို့ပဲထင်တယ်။

■ ရီးယဲလ်မက်ဒရစ် နှင့် ဂီတာဖေး (တနင်္လာနံနက် ၂း၄၅ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ စီရော်နယ်လ်ဒိုကို ရောင်းထုတ်ထားပေမယ့် အဲဒီနေရာကို အစားပြန်ဖြည့်ဖို့ အရင်လို ဈေးကွက်ထဲ လက်သွက်နေတာမျိုး မတွေ့ရသေးဘူး။ နည်းပြသစ် လိုပယ်တယ်ဟီကလည်း အသင်းမှာကျန်နေတဲ့ အမာခံကစားသမားတွေနဲ့ပဲ အသင်းကိုတည်ဆောက်ယူဖို့ ကြိုးစားနေတာတွေ့ရတယ်။ စီရော်နယ်လ်ဒိုရဲ့ ဂိုးသွင်းနှုန်းကိုလိုက်မီနိုင်ဖို့ ဘန်ဇီမာနဲ့ ဘေးလ်တာဝန်ခွဲယူကြမယ့် ပုံမျိုးတွေ့ရပြီး အစ္စကိုလည်း ဒီရာသီမှာ နေရာပိုရလာဖို့များနေတယ်။ ဘန်ဇီမာနဲ့ ဘေးလ်တို့ရဲ့ ဂိုးသွင်းတာဝန်ကို အဆန်စီယိုကပါ ခွဲဝေယူပြီး ရီးယဲလ်တိုက်စစ်ကို ထောက်ပံ့မယ့်အနေအထားမျိုးလည်း တွေ့ရတယ်။ အခုပွဲက မြို့ခံကလပ် ဂီတာဖေးနဲ့ဆိုတော့ ရီးယဲလ်အတွက် သိပ်မခက်ခဲလှပါဘူး။ ဂီတာဖေးကလည်း အပြောင်းအလဲသိပ်မရှိဘဲ အဝေးကွင်းကစားပုံပါ အားနည်းတတ်တဲ့အသင်းမျိုးဖြစ်လို့ ဘာနေဗျူးမှာ ရီးယဲလ်ကိုအခက်တွေ့အောင် ထူးထူးခြားခြားလုပ်ပြနိုင်မယ့်အနေအထားမရှိပါဘူး။ နည်းပြသစ် လိုပယ်တယ်ဟီရဲ့ လာလီဂါအဖွင့်ပွဲဖြစ်နေပြီး အိမ်ကွင်းမှာလည်း ကစားရမှာဖြစ်လို့ ရီးယဲလ်အတွက် အဖွင့်လှအောင်ကစားမယ့်ပွဲလို့ ပြောရမယ်။ ရီးယဲလ်နဲ့ ဂိုးအများကိုပဲ ရွေးထားရမယ်။