နောက်ကျဂိုးကြောင့် အဖွင့်လှခဲ့တဲ့ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်

နောက်ကျဂိုးကြောင့် အဖွင့်လှခဲ့တဲ့ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်
Published 19 August 2018

Photo: AFP/Getty Images

■ ချီယေဗို ၂-၃ ဂျူဗင်တပ်စ်

စီရော်နယ်လ်ဒိုကြောင့် စိတ်ဝင်စားမှုုမြင့်တက်ခဲ့တဲ့ စီးရီးအေအဖွင့်ပွဲမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ ချီယေဗိုကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး (၂-၃)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အယ်လီဂရီက ဒီနေ့ပွဲစဉ်မှာ (၄-၂-၃-၁)ကစားကွက်ကို အသုံးပြုခဲ့ပြီး  စီရော်နယ်လ်ဒိုကို အထောင်ထားကာ နံပါတ်(၁၀)နေရာမှာ ဒီဘားလား၊  တောင်ပံနှစ်ဖက်မှာ ကွာဒရာဒိုနဲ့ ကော်စတာတို့ကို အသုံးပြုခဲ့ပါတယ်။ အိမ်ရှင် ချီယေဗိုအသင်းကတော့ (၄-၃-၃)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး အဓိက ကစားသမားတွေ အစုံအလင်နဲ့ ဂျူဗင်တပ်စ်အသင်းကို ရင်ဆိုင်ခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ပွဲစကတည်းက ဖိကစားသွားခဲ့ပြီး ပွဲချိန် (၃)မိနစ်မှာပဲ ဂိုးစရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကနေ ယာနစ်က တင်ပေးတာကို ချီလီနီ ခေါင်းတိုက်ချပေးတာကတစ်ဆင့် ခီဒီရာက ပယ်နယ်တီဧရိယာအတွင်းကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း ဂျူဗင်တပ်စ်ကပဲ ဖိကစားပြီး ဂိုးရနိုင်တဲ့  အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တောင်ပံနှစ်ဖက်က  ကော်စတာနဲ့ ကွာဒရာဒိုတို့ဟာ ရှေ့တန်းက စီရော်နယ်လ်ဒိုနဲ့  အတွဲအဖက်မမိခဲ့သလို ကိုယ်တိုင်ဂိုးသွင်းဖို့ ကြိုးစားခဲ့တာကြောင့် ဂိုးရဖို့  ခက်နေခဲ့ပြီး (၃၈)မိနစ်မှာ မထင်မှတ်ဘဲ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ တောင်ပံကစားသမား ဂီယာချီရီနီတင်ပေးတာကို တိုက်စစ်မှူး
စတက်ပင်စကီးက ခေါင်းတိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂျူဗင်တပ်စ်ပဲ ဖိကစားခဲ့ပေမယ့် ပွဲချိန် (၅၆)မိနစ်မှာ ဂီယာချီရီနီကြောင့် အိမ်ရှင် ချီယေဗိုတို့ ပယ်နယ်တီရခဲ့ပါတယ်။ ဒီပယ်နယ်တီကို ဂီယာချီရီနီကပဲ အမှားအယွင်းမရှိသွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာတော့ အယ်လီဂရီဟာ ကော်စတာနဲ့ ကွာဒရာဒိုတို့ကို ထုတ်ပြီး မန်ဇူကစ်နဲ့ ဘာနာဒက်ခီတို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ မန်ဇူကစ် ဝင်လာပြီးနောက်မှာတော့ စီရော်နယ်လ်ဒိုဟာ ဘယ်တောင်ပံကို ထွက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်တာ တွေ့ရပါတယ်။ သူရဲ့ ဂိုးပေါက်ကန်ချက်တွေကို ချီယေဗိုဂိုးသမား ဆိုရန်တီနို လက်စွမ်းပြကာကွယ်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ဒါ့အပြင် သူရဲ့ ဖြတ်တင်ဘောကနေ မန်ဇူကစ်အပိုင်ခေါင်းတိုက်ခွင့်တစ်ကြိမ် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂျူဗင်တပ်စ်တို့ နစ်နာခဲ့ပါတယ်။

ဒါပေမဲ့ တောက်လျှောက်ဖိအားပေးနေတဲ့ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်ကို ချီယေဗိုတို့ ကြာကြာတောင့်ခံနိုင်စွမ်းမရှိပါဘူး။ ပွဲချိန် (၇၅)မိနစ်မှာတော့ ထောင့်ကန်ဘောကို ဖျက်ထုတ်ဖို့ ကြိုးစားရင်း နောက်ခံလူဘာနီက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာကြောင့် ဂျူဗင်တပ်စ်တို့ ချေပဂိုး ရခဲ့ပါတယ်။

ချေပဂိုးရသွားပြီးနောက် အနိုင်ဂိုးရဖို့ ဂျူဗင်တပ်စ်တို့ ကြိုးစားလာခဲ့ပြီး မန်ဇူကစ်ရဲ့ ခေါင်းတိုက်ချက် ဂိုးဝင်ခဲ့ပေမယ့် မန်ဇူကစ်ဂိုးမသွင်းခင် စီရော်နယ်လ်ဒိုက ဘောလုံးကို လက်နဲ့ ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ကို ကြည့်ပြီး ဂိုးမပေးခဲ့ပါဘူး။ ဒါပေမဲ့ ပွဲချိန် မိနစ်(၉၀)ပြည့်လို့ နာကျင်အချိန်ပို (၃)မိနစ်မှာတော့ အဲလက်စ်ဆန်ဒရိုရဲ့ ပေးပို့မှုကနေ ဘာနက်ဒက်ခီက အနီးကပ် ပိတ်သွင်းခဲ့လို့ ဂျူဗင်တပ်စ်တို့ အနိုင်ဂိုးရခဲ့ပြီး ချီယေဗိုကို (၂-၃)ဂိုးနဲ့ နိုင်ကာ အဖွင့်လှခဲ့ပါတယ်။

■ ယနေ့ ယှဉ်ပြိုင်သည့် ပွဲစဉ် ရလဒ်များ

ပရီးမီးယားလိဂ် ပွဲစဉ် (၂)
---------------------------
ကာဒစ်ဖ် ဝ-၀ နယူးကာဆယ်
အဲဗာတန် ၂-၁ ဆောက်သမ်တန်
လက်စတာ ၂-၀ ဝုလ်ဗ်
စပါး ၃-၁ ဖူလ်ဟမ်
ဝက်စ်ဟမ်း ၁-၂ ဘုန်းမောက်
ချယ်လ်ဆီး ၃-၂ အာဆင်နယ်

လာလီဂါ ပွဲစဉ် (၁)
--------------------
ဟီရိုနာ ဝ-၀ ဗယ်လာဒိုလစ်
ဘက်တစ် ဝ-၃ လီဗန်တေး
ဆယ်လ်တာဗီဂို ၁-၁ အက်စ်ပန်ညို

စီးရီးအေ ပွဲစဉ် (၁)
--------------------
ချီယေဗို ၂-၃ ဂျူဗင်တပ်စ်

ဂျာမန်ဖလား (ပထမအဆင့်)
------------------------------
လင့်ဇ် ၁-၂ နုရင်ဘတ်
ရိုဒင်းဟော်ဆန် ၃-၂ ဒီနာမိုဒရီးစ်ဒန်
(မိနစ် ၂-၂၊ အချိန်ပိုတွင် ရိုဒင်းဟော်ဆန်နိုင်)
အဲဗတ်စဘတ် ဝ-၁ ဝုလ်ဖ်ဘတ်
ဒက်ဆန်ဒေါ့ဖ် ဝ-၁ ဒုစ်ဘတ်
ဗော်မာတီယာဗွန်းစ် ၁-၆ ဝါဒါဘရီမင်
ဒရော့တာဆန် ဝ-၁ ဘိုင်ယန်မြူးနစ်
ကိုင်ဇာစလော့တန် ၁-၆ ဟော်ဖန်ဟင်မ်
ဖော့ဇိုင်း ဝ-၁ လေဗာကူဆင်
SSV အူလ် ၂-၁ ဖရန့်ဖတ်
အန်တယ်ဘရွတ်ခ် ၃-၅ ဟမ်းဘတ်
အိုဘာဟော်ဆန် ဝ-၆ ဆန်းထောင်ဆန်
အက်ဇီဘက်အော ၁-၃ မိန့်ဇ်
ဟန်ဆာရော့စတော့ ၂-၀ စတုဂတ်

လီဂူး ပွဲစဉ် (၂)
-----------------
ဂူအင်ဂမ့် ၁-၃ PSG

လိဂ်ချန်ပီယံရှစ် ပွဲစဉ် (၃)
----------------------------
ဘာမင်ဂမ် ဝ-၀ ဆွမ်ဆီး
ဘရစ္စတိုးလ်စီးတီး ဝ-၂ မစ်ဒယ်ဘရော့
ဟားလ်စီးတီး ဝ-၁ ဘလက်ဘန်း
အစ်ဝစ်ချ် ၁-၁ အက်စတွန်ဗီလာ
လိဒ်စ် ၂-၀ ရော့သာဟမ်
မီဝေါလ် ၂-၁ ဒါဘီ
ရက်ဒင်း ဝ-၁ ဘော်လ်တန်
ရှက်ဖီးယူနိုက်တက် ၂-၁ နောဝစ်ချ်
ဝက်စ်ဘရွန်း ၇-၁ QPR
ဝီဂန် ၂-၂ နော်တင်ဟမ်

 

 

 

 

Most Read

Most Recent