နောက်တန်းအမှားများခဲ့သည့် မြန်မာယူ-၂၃အသင်း ဆော်ဒီအာရေဗျကို ဂိုးပြတ်ရှုံးနိမ့်

နောက်တန်းအမှားများခဲ့သည့် မြန်မာယူ-၂၃အသင်း ဆော်ဒီအာရေဗျကို ဂိုးပြတ်ရှုံးနိမ့်
Published 18 August 2018

၂၀၁၈ အာရှဖလားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု(စ)ဒုတိယပွဲစဉ်အဖြစ် မြန်မာယူ-၂၃အသင်းနှင့် ဆော်ဒီအာရေဗျ ယူ-၂၃အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာခံစစ်အမှားများကြောင့် ပယ်နယ်တီဂိုးများခွင့်ပြုခဲ့ရပြီး (၃-ဝ)ရလဒ်  ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

မြန်မာ - ယူ၂၃ အသင်း(ဓာတ်ပုံ -ညီညီစိုးညွန့်)

မြန်မာယူ-၂၃အသင်းသည် မြောက်ကိုရီးယားနှင့်ပွဲစဉ်တွင်အသုံးပြုခဲ့သောလူစာရင်းတွင်မောင်မောင်စိုးနှင့် ရန်နိုင်ဦးတို့ကို ချန်လှပ်ထားခဲ့ပြီး ရဲရင့်အောင်နှင့် ဒွေးကိုကိုချစ်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ မြန်မာယူ-၂၃အသင်းသည် ပွဲအစမှာပင်နောက်ခံလူနန္ဒကျော်၏ ခံစစ်အမှားမှတဆင့် ပယ်နယ်တီခွင့်ပြုပေးခဲ့ရပြီး ဆော်ဒီအသင်းက ပွဲကို(၁-ဝ)ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

နောက်ခံလူ နန္ဒကျော်၏ဖျက်ထုတ်ကာကွယ်ပုံအမှားတဆင့် လက်ဖြင့်ထိမိပြီး ပယ်နယ်တီခွင့်ပြုပေးခဲ့ရသည်။(ဓာတ်ပုံ -ညီညီစိုးညွန့်)

မြန်မာယူ-၂၃အသင်းသည် ခံစစ်ပိုင်းမှ လူကပ်က ကစားပုံအမှားများကြောင့်ဦးဆောင်ဂိုးထပ်မံ ခွင့်ပြုပေးရမည့် အခြေအနေများဖြစ်ပေါ်ခဲ့ပြီး ဂိုးသမားကျော်ဇင်ထက် လက်စွမ်းပြကာကွယ်နိုင်ခဲ့သောကြောင့် ပထမပိုင်းအပြီးတွင်
(၁-ဝ)ဂိုးဖြင့်သာ ဆော်ဒီအသင်းဦးဆောင်နိုင်ခဲ့သည်။ဒုတိယပိုင်းတွင် မြန်မာအသင်းပုံစံကောင်းပြသနိုင်ခဲ့ပြီး ဂိုးရရှိနိုင်မည့် အခွင့်အရေးများဖန်တီးနိုင်ခဲ့သည်။သို့သော်လည်းအဆုံးသတ်ပိုင်းများအားနည်းမှုများရှိခဲ့ပြီး  နောက်ခံလူ  ဝင်းမိုးကျော် ဘောလုံးဖျက်ထုတ်ရာမှ ပယ်နယ်တီထပ်မံခွင့်ပြုပေးခဲ့ရသည်။

ဒုတိယမြောက် ပယ်နယ်တီခွင့်ပြုပေးခဲ့ရစဉ်။ (ဓာတ်ပုံ - ညီညီစိုးညွန့်)

နောက်ဆုံးမိနစ်အထိ မြန်မာအသင်း၏ ကစားပုံမှာအကောင်းဆုံးပုံစဲရှိခဲ့သော်လည်း ခံစစ်ပိုင်းအမှားများကို ဆက်လက်မြင်တွေ့ခဲ့ရပြီး ပွဲပြီးခါနီးတွင် ဆော်ဒီအာရေဗျအသင်းက ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပြီး
(၃-ဝ)ရလဒ်ဖြင့် မြန်မာယူ-၂၃အသင်းဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

ဓာတ်ပုံ - ညီညီစိုးညွန့်

■မြန်မာယူ-၂၃အသင်း၏ပွဲထွက်လူစာရင်း

ကျော်ဇင်ထက်(ဂိုး)
ဝင်းမိုးကျော်
ထိုက်ထိုက်အောင်
ဇော်မင်းထွန်း(အသင်းခေါင်းဆောင်)
နန္ဒကျော်
ရဲရင့်အောင်
လှိုင်းဘိုဘို
လွင်မိုးအောင်
မောင်မောင်လွင်
အောင်သူ
ဒွေးကိုကိုချစ်