ဂိုဒင်ကို အက်သလက်တီကိုအသင်း ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုး

ဂိုဒင်ကို အက်သလက်တီကိုအသင်း ၂၀၂၁ ခုနှစ်အထိ သက်တမ်းတိုး
Published 14 August 2018

အက်သလက်တီကိုအသင်းသည် ဝါရင့်နောက်ခံလူ ဂိုဒင်ကို ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိသည့် (၃)နှစ်သက်တမ်း တိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း Marca သတင်းဌာနက ဖော်ပြခဲ့သည်။

ဂိုဒင် (၃၂ နှစ်) ၏ လက်ရှိစာချုပ်သက်တမ်းသည် ၂၀၁၉ ဇွန်လတွင်ကုန်ဆုံးမည်ဖြစ်သောကြောင့် အက်သလက်တီကိုအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ပရီးမီးယားလိဂ်အပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်ယူအသင်းက ဂိုဒင်ကို စာချုပ်လျော်ကြေး ပေါင် ၁၈ သန်းပေးပြီး ခေါ်ယရန် ကမ်းလှမ်းခဲ့သော်လည်း ကာယကံရှင်ကိုယ်တိုင်က ပယ်ချခဲ့ကာ အက်သလက်တီကိုအသင်းတွင်ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။

ယင်းနောက်တွင် အက်သလက်တီကိုအသင်းက ဂိုဒင်ကို စာချုပ်သစ်ချုပ်ဆိုရန် အလျင်အမြန်ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

စာချုပ်သစ်အရ ဂိုဒင်အနေဖြင့် အသားတင်တစ်နှစ်လစာငွေ ပေါင် (၆.၇၄)သန်အထိ ရဖွယ်ရှိနေသည်။

ဂိုဒင်သည် အက်သလက်တီကိုအသင်းသို့ ၂၀၁၀ ခုနှစ်က ဗီလာရီးယဲလ်အသင်းမှ ရောက်ရှိလာခဲ့သူဖြစ်ပြီး အက်သလက်တီကိုအသင်းနှင့် အောင်မြင်မှုများရယူနိုင်ခဲ့သည့် ကစားသမားဖြစ်သည်။

(၈)နှစ်တာကာလအတွင်း ဂိုဒင်မှာ အက်သလက်တီကိုအသင်းအတွက် ပွဲပေါင်း (၃၅၀)ကစားပေးခဲ့ကြောင်း သိရသည်။