အင်ဒိုနီးရှား၌ ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် အားကစားသမား ၁၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် မြန်မာအားကစားအဖွဲ့ အားကစားနည်းရှစ်မျိုးတွင် ကစားသမား ၁၃၃ ဦးဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထား

အင်ဒိုနီးရှား၌ ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် အားကစားသမား ၁၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် မြန်မာအားကစားအဖွဲ့ အားကစားနည်းရှစ်မျိုးတွင် ကစားသမား ၁၃၃ ဦးဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထား
Published 13 August 2018

အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာလှေလှော်ကစားသမားများ လေ့ကျင့်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄၀ ကျော်မှ အားကစားသမား စုစုပေါင်း ၁၂၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၄ နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ကူဝိတ်နိုင်ငံမှာမူ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသောကြောင့် Independent Olympic Athletes လက်အောက်မှ ယှဉ်ပြိုင်မည်ဖြစ်သည်။ အိမ်ရှင် အင်ဒိုနီးရှားအသင်းသည် ကစားသမား ၉၀၀ ကျော်ဖြင့် အများဆုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့မှာမူ အားကစားနည်း ရှစ်မျိုးတွင် ကစားသမား ၁၃၃ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ အိမ်ရှင် အင်ဒိုနီးရှားနောက်တွင် တရုတ်နှင့် ထိုင်းနိုင်ငံက အင်အား ၈၀၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံက အင်အား ၇၇၀ ကျော်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းကစားသမားများ လေ့ကျင့်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာအားကစားအဖွဲ့သည် ၂၀၁၇ ဆီးဂိမ်းစ် ပြိုင်ပွဲရလဒ်အပေါ် မူတည်၍ ယှဉ်ပြိုင်မည့် အားကစားနည်းများ ရွေးချယ်ခဲ့ပြီး အချို့အား ကစားနည်းများမှာမူ ကိုယ်ပိုင်စရိတ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် လှေလှော်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဝူရှူး၊ အမျိုးသားဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒိုနှင့် မြားပစ်အားကစားနည်းများတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး လှေလှော် အားကစားနည်းတွင် ၅၂ ဦးဖြင့် အင်အား အများဆုံး ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၀ ရက်မှစ၍ အစောဆုံးကျင်းပနေပြီး ဖွင့်ပွဲအခမ်း အနားကိုမူ သြဂုတ် ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ဂျကာကာမြို့ရှိ ဘန်ကာနိုကွင်း၌ ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှား အနေဖြင့် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ်လက်ခံ ကျင်းပခြင်းဖြစ်ကာ ၁၉၆၂ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ အင်ဒိုနီးရှားသည် ၎င်းတို့အားသာသည့် အားကစားနည်းများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။