ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရတဲ့ အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီ

ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရတဲ့ အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီ
Published 13 August 2018

အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီဟာ သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ အင်အားကြီးပြိုင်ဘက် မန်စီးတီးအသင်းကို (ဝ-၂)ဂိုးနဲ့အရေးနိမ့်ပြီး ရှုံးပွဲနဲ့စတင်ရင်ဆိုင်လိုက်ရပါတယ်။

အူနိုင်းအမ်မရီက လက်ရှိ အသင်းရဲ့အကောင်းဆုံး First Line-up ကိုပဲ ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာ ချာကာကို လူငယ်ကစားသမား ဂန်ဒူဇီနဲ့တွဲပေးခဲ့တာကပဲ အနည်းငယ်အံ့အားသင့်စရာဖြစ်ခဲ့တယ်။

ဒါပေမဲ့ ဂန်ဒူဇီက အာဆင်နယ်ကွင်းလယ်မှာ မျှော်လင့်တာထက် ပိုခြေစွမ်းပြခဲ့ပြီး အမှားအယွင်းအနည်းငယ်ရှိခဲ့ပေမယ့် ဘောလုံးဟန့်တားမှုတွေ၊ ပေးပို့မှုတွေက ကောင်းမွန်ခဲ့ပါတယ်။

မန်စီးတီးကတော့ အသင်းတောင်ပံတိုက်စစ်မှာ စတာလင်၊ မာရက်ဇ်တို့ကို ထားကစားပြီး ဆာနေး၊ ဒီဘရိုင်းနားတို့ကိုတော့ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားစေခဲ့ပါတယ်။

ဒါပေမဲ့ မန်စီးတီးက တည်တည်ငြိမ်ငြိမ်ပဲ ကစားသွားပြီး အဝေးကွင်းမှာ အိမ်ရှင်အသင်းကို ကစားကွက်အသာစီးရယူနိုင်ခဲ့တယ်။

(၁၄)မိနစ်မှာ စတာလင်ရဲ့ ဂိုးဧရိယာအပြင်ဘက် ကိုက်(၂၀)အကွာကန်ချက်ကို ပီတာချက် မကာကွယ်နိုင်ခဲ့လို့ မန်စီးတီး အဖွင့်ဂိုးရရှိခဲ့ပါတယ်။

ဒီဂိုးဟာ စတာလင်အတွက် ပရီးမီးယားလိဂ် ဂိုး(၅၀)ပြည့်ဖြစ်ခဲ့ပြီး ဂိုးဧရိယာအပြင်ဘက်ကနေ သွင်းယူနိုင်တဲ့ တတိယမြောက်ဂိုးလည်းဖြစ်ခဲ့တယ်။

အာဆင်နယ်ကွင်းလယ်တိုက်စစ်မှာ ကစားတဲ့ အိုဇေးလ်၊ မစ်ခီတာရီယန်၊ ရမ်ဆေးတို့ (၃)ဦးစလုံး ခြေစွမ်းမပြနိုင်ခဲ့လို့ ရှေ့က အူဘာမီယန်းလည်း ဘာမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

မာရက်ဇ် ဖရီးကစ်ကန်ချက်ကို ပီတာချက် ကာကွယ်ခဲ့ပြီး ပြန်အံထွက်လာတာကို လာပေါ့တ် ပြန်ပိတ်ရာမှာလည်း ထပ်မံတားဆီးနိုင်ခဲ့သလို၊ ဒုတိယပိုင်းမှာ အဂွဲရိုး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့ကန်ချက်ကိုလည်း ပီတာချက် ဟန့်တားနိုင်ခဲ့ပါတယ်။

မန်စီးတီးရဲ့ဒုတိယဂိုးကိုတော့ ဘာနာဒိုဆေးလ်ဗားက (၆၄)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

မန်စီးတီးအတွက် ဂိုး(၂)ဂိုးစလုံးကိုတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလနောက်ပိုင်း အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ပြန်ရတဲ့ မန်ဒီက ဖန်တီးပေးခဲ့တာပါ။

အာဆင်နယ်အသင်း ချေပဂိုးရဖို့ အခွင့်အလမ်းတွေရခဲ့ပေမယ့် အိုဇေးလ်၊ လာကာဇက်တို့ရဲ့အဆုံးသတ်မှုတွေက စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲဦးထွက် အစဉ်အလာကောင်းကို ဆက်ထိန်းခဲ့ပြီး (၁၀)နှစ်ဆက် ရှုံးပွဲမရှိကာ နောက်ဆုံး(၈)နှစ်ဆက် နိုင်ပွဲရခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီကတော့ အသင်းရဲ့နောက်ဆုံးနည်းပြ(ယာယီနည်းပြများအပါအဝင်) (၆)ဦးမှာ လိဂ်ပွဲဦးထွက်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ ပထမဆုံးလည်းဖြစ်ခဲ့ပါတယ်။

Photos : AFP