မန်ယူအသင်းတာဝန်ရှိသူများ၏ အပြောင်းအရွှေ့လှုပ်ရှားမှု နှေးကွေးခြင်းကို မော်ရင်ဟို ဒေါသထွက်နေပြီး ဝေဖန်ပြစ်တင်

မန်ယူအသင်းတာဝန်ရှိသူများ၏ အပြောင်းအရွှေ့လှုပ်ရှားမှု နှေးကွေးခြင်းကို မော်ရင်ဟို ဒေါသထွက်နေပြီး ဝေဖန်ပြစ်တင်
Published 30 July 2018

 

Photos: Evening Standard,Metro

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် မန်ယူအသင်းတာဝန်ရှိသူများ၏ ကစားသမားအပြောင်းအရွှေ့လှုပ်ရှားမှုနှေးကွေးနေခြင်းကို ဒေါသထွက်နေပြီး ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ မန်ယူအသင်းအမှု ဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်၏ လေးဖင့်သောလုပ်ဆောင်မှုများကို မော်ရင်ဟိုက မကျေမနပ်ဖြစ်နေပြီး အမေရိကန် နိုင်ငံသို့ ရောက်ရှိနေစဉ် ဝေဖန်ပြောဆိုမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မော်ရင်ဟိုက သူ့အနေဖြင့် အဓိက ကစားသမား (၂)ဦးခန့် ထပ်မံအလိုရှိနေသော်လည်း လက်တွေ့တွင် တစ်ဦးသာခေါ်ယူနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း၊ ၂၀၁၇-၁၈ ဘောလုံးရာသီ ကုန်ဆုံးချိန်ကတည်းက နွေရာသီတွင် သူခေါ်ယူလိုသည့်ကစားသမားစာရင်းကို ကလပ်အသင်းထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော့်အသင်းကို နောက်ထပ် ကစားသမား(၂)ဦးလောက် ထပ်ပြီးအားဖြည့်ချင် ပါတယ်။ ဒါပေမဲ့ နောက်(၂)ယောက်လောက် ခေါ် နိုင်တော့မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါ တယ်။ တစ်ယောက်လောက်ပဲ ဖြစ်နိုင်လိမ့်မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့လပေါင်းများစွာကတည်းက အသင်းကို ကျွန်တော် ခေါ်ယူလိုတဲ့ ကစားသမား(၅)ဦးရဲ့အမည်စာရင်း ပေးထားခဲ့တာပါ။ ဒီကစားသမားတွေထဲက ဘယ်တစ်ယောက်ကို ခေါ် နိုင်မလဲဆိုတာ ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့"ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် အသင်း၏နောက်တန်းကို အဓိကအားဖြည့်လိုနေပြီး ထိပ်တန်းနောက်ခံလူတစ်ဦး ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်နေသည်။ လက်ရှိတွင် လက်စတာအသင်း၏ အင်္ဂလန် လက်ရွေးစင်နောက်ခံလူ မက်ဂွိုင်းရားကို ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်းက စီစဉ်နေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ ယခုနွေရာသီ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ကာလမှာ ရာသီသစ်မစတင်မီ သြဂုတ်(၉) ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်၍ မန်ယူအသင်းအနေဖြင့် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အလျင်အမြန်ကြိုးပမ်းရမည်ဖြစ်သည်။ မော်ရင်ဟိုသည် နောက်ခံလူတစ်ဦးအပြင် တိုက်စစ်မှူးတစ်ဦးကိုလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

လက်ရှိတွင် မန်ယူအသင်း၌ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားထားရသည့် ကစားသမားများကို အနားပေးထားပြီး ယင်းထဲမှ အချို့မှာ ရာသီအစပွဲများကို လွဲချော်မည် ဖြစ်သည်။ အမေရိကန်ခြေစမ်းခရီးစဉ်တွင် မန်ယူအသင်း မှာ ကစားသမားအစုံအလင် မပါဝင်ခဲ့ဘဲ အဓိက ကစားသမားအချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်ခဲ့သည်။ မန်ယူအသင်း၏ ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်မှာ ဗီဇာပြဿနာကြောင့် မန်ယူအသင်းနှင့် တစ်ပါ တည်းမလိုက်ပါနိုင်ဘဲ အမေရိကန်ခရီးစဉ်၏ အစောပိုင်းရက်သတ္တပတ်ကို လွဲချော်ခဲ့ရသည်။

ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်မှာလည်း သူ၏အတူနေချစ်သူ မီးဖွားမှုကြောင့် ပါရီသို့ ရုတ်တရက်ပြန်သွားခဲ့သည်။ အီကွေဒေါနောက် ခံလူ ဗလင်စီယာမှာလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရာသီကြိုခြေစမ်းပွဲ များကိုသာမက ရာသီအစ ပွဲစဉ်အချို့ကိုပါ လွဲချော်ဖွယ်ရှိနေသည်။ ယခုနွေရာသီတွင် မန်ယူအသင်း ခေါ်ယူထားသော ပေါ်တူဂီနောက်ခံလူ ဒါလော့မှာလည်း ဒူးဒဏ်ရာရရှိနေ၍ အပေါ့စားလေ့ကျင့်မှုများသာ ပြုလုပ်နိုင်ပြီး ရာသီအစပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေသည်။ သို့ဖြစ်ရာ မော်ရင်ဟိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အထိ ကစားထားရ၍ အနားပေးထားသော အင်္ဂလန်ဝါရင့်တောင်ပံကစားသမား အက်ရှ်လေယန်းကို အားလပ်ရက်များ လျှော့ချပြီး ရာသီသစ်မစမီ အသင်းသို့ပြန်လာရန် တောင်းဆိုထားကြောင်း သိရှိရသည်။