<

ဆူဇူကီးဖလား ပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း ကာတာနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲမတိုင်မီ အရှေ့အလယ်ပိုင်းဒေသရှိ ကာတာနိုင်ငံသို့ သွားရောက်လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီး ဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် ပြည်တွင်းလိဂ် ပြိုင်ပွဲပြီးဆုံးသည့် အောက်တိုဘာတွင် စခန်း ၀င်လေ့ကျင့်မည်ဖြစ်ပြီး တတိယပတ်တွင် ကာတာနိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲနှစ်ပွဲမှ သုံးပွဲအထိ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီး ဖလားပြိုင်ပွဲအတွက် စက်တင်ဘာကတည်းက ပြင်ဆင်မည်ဖြစ်ပြီး ပထမပတ်တွင် နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် ယူ-၂၃ အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် အာရှအားကစားပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှု ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ မြန်မာအသင်းသည် နိုင်ငံတကာ ခြေစမ်းပွဲ ကစားပြီးပါက လေ့ကျင့်မှုရပ်နားမည်ဖြစ်ပြီး အောက်တိုဘာလဆန်းမှသာ လေ့ကျင့်မှု ဆက်တိုက်ပြုလုပ်မည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစမ်းပွဲများအဖြစ် စက်တင်ဘာတွင် နှစ်ပွဲ၊ အောက်တိုဘာတွင် နှစ်ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း MNL အမှတ်ပေးပြိုင်ပွဲ ပြန်ကန်ပွဲရှိသောကြောင့် စက်တင်ဘာတွင် တစ်ပွဲသာ ကစား ဖြစ်ဖွယ်ရှိနေသည်။ မြန်မာအသင်းသည် ခြေစမ်းပွဲများအနက် တစ်ပွဲအတွက်သာ အတည်ပြုထားပြီး အောက်တိုဘာတွင် အာဖဂန်နစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲကို ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ပြီး ကစားမည့်ရက်ကို နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် ပြန်လည်ညှိနှိုင်း၍ အတည်ပြုမည် ဖြစ်သည်။ ထို့ကြောင့် ခြေစမ်းပွဲကစားမည့်အသင်းများအား ဆက်လက်ဖိတ်ကြားလျက်ရှိပြီး သြဂုတ်လအတွင်း အပြီးသတ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာအသင်းသည် မေလတွင် အင်္ဂလန် လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်း၊ တရုတ်လက်ရွေးစင်အသင်းတို့ နှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ပြီး နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေးသည် မြန်မာအသင်းအား တရုတ်အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲသာ ကိုင်တွယ်ထားပြီး အပြန်အလှန် ကစားနိုင်ခဲ့သည်။ ၎င်းသည် အာရှ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် ယူ-၂၃ အသင်းကိုလည်း ကိုင်တွယ်မည်ဖြစ်သည်။

July 28, 2018














Copy Protected by Chetan's WP-Copyprotect.